Back

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးဥပဒေ

(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၉)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်

(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၀ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်၊ အာဏာတည်သည့်နေရက်နှင့် အဓိပ္ပါယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးဥပဒေဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် ထုတ်ပြန်ကြေညာပြီး (၃)လ ပြည့်မြောက်သည့်နေ့ရက်မှစတင်၍ အာဏာတည်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်-
(က) အလုပ်ရှင် ဆိုသည်မှာ အစိုးရဌနာ၊ အစိုးရအဖွဲ့အစည်းတွင်လည်းကောင်း၊ အမြဲတမ်း သို့မဟုတ် ယာယီလုပ်ကိုင်သော အလုပ်သမားသတ်မှတ်ဦးရေနှင့် အထက် လုပ်ကိုင်လျက်ရှိသည့် သမဝါယမပိုင်း၊ ပုဂ္ဂလိကပိုင် သို့မဟုတ် ဖက်စပ်ပိုင်းလုပ်ငန်းတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုတွင်လည်းကောင်း၊ ကုမ္ပဏီတွင်လည်းကောင်းအလုပ်သမားခန့်ထားပိုင်ခွင့်ရှိသူ သို့မဟုတ် ယင်းအလုပ်သမားခန့်ထားပိုင်ခွင့်လွှဲအပ်ခြင်းခံရသူကိုဆိုသည်။
(ခ) အလုပ်သမား ဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင်လည်းကောင်း၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် သို့မဟုတ် ဖက်စပ်ပိုင်လုပ်ငန်းတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုတွင်လည်းကောင်း၊ ကုမ္ပဏီတွင်လည်းကောင်း၊ ကျွမ်းကျင်မှုလိုသော အလုပ်ကိုဖြစ်စေ၊ အသင့်အတင့် ကျွမ်းကျင်မှုလိုသော အလုပ်ကိုဖြစ်စေ၊ ကျွမ်းကျင်မှုမလိုသောအလုပ်ကိုဖြစ်စေ အခကြေးငွေဖြင့် လုပ်ကိုင်သူကိုဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သင်အဖြစ် လုပ်ကိုင်သူလည်းပါဝင်သည်။
(ဂ) စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဤဥပဒေပါ ကိစ္စများအလို့ငှာ ပြဋ္ဌာန်းသတ်မှတ်သည့်လုပ်ငန်းအမျိုးအစားတစ်ခု သို့မဟုတ် အများကိုလည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံခွဲ၊ လုပ်ငန်းခွဲ၊ အလုပ်ရုံဌာနခွဲနှင့် လုပ်ငန်းဌာနခွဲ တစ်ခုခု၏ အမျိုးအစားတစ်ခု သို့မဟုတ် အများကိုလည်းကောင်းဆိုသည်။
(ဃ) လုပ်ခ၊ လစာ ဆိုသည်မှာ အလုပ်လုပ်၍ရသော သာမန်လုပ်ခ၊ လစာအပြင် အချိန်ပိုလုပ်ခနှင့် ရှားပါးစရိတ်ရနေလျှင် အချိန်ပိုလုပ်ခနှင့် ရှားပါးစရိတ်များလည်း ပါဝင်သည်။ ယင်းစကားရပ်တွင် အလုပ်သမားအား အလုပ်သဘောအလျောက် ကုန်ကျသည့် အထူးစရိတ်များကာမိစေရန် ခံစားခွင့်ပြုသည့်ငွေမပါဝင်။
(င) သင်တန်း ဆိုသည်မှာ အလုပ်အကိုင်ရှာဖွေသူများနှင့် အလုပ်သမားများအား အသိပညာ၊ အတက်ပညာဆိုင်ရာ အရည်အချင်းနှင့် ကျွမ်းကျင်မှုတိုးတက်စေရန် ဖွင့်လှစ်သော လုပ်ငန်းခွင်အကြိုသင်တန်း၊ လုပ်ငန်းတွင်းသင်တန်း၊ ကျွမ်းကျင်မှုသင်တန်း၊ ကျွမ်းကျင်မှုအဆင့်မြင့်သင်တန်းနှင့် အလုပ်ပြောင်းလဲမှုဆိုင်ရာသင်တန်းများကိုဆိုသည်။
(စ) သင်တန်းကျောင်း ဆိုသည်မှာ အလုပ်အကိုင်ရှာဖွေသူများနှင့် အလုပ်သမားများအား အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုစံများနှင့် ကိုက်ညီမှုရှိစေရေးအတွက် လေ့ကျင့်သင်ကြားပေးရန် တည်ထောင်ဖွင့်လှစ်သော ကျောင်းကိုဆိုသည်။
(ဆ) ကျွမ်းကျင်မှု ဆိုသည်မှာ အလုပ်အကိုင်တစ်ခုခုကို သတ်မှတ်ချက်များနှင့် အညီလုပ်ကိုင်နိုင်ရန်လိုအပ်သော လုပ်ကိုင်မှုစွမ်းရည်ကိုဆိုသည်။
(ဇ) ကျွမ်းကျင်မှုစံ ဆိုသည်မှာ အလုပ်အကိုင်အမျိုးမျိုးအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဤဥပဒေအရ သတ်မှတ်သော သို့မဟုတ် အသိအမှတ်ပြုသော အလုပ်အကိုင်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုအဆင့်နှင့်အညီ လုပ်ကိုင်ရန်လိုအပ်သည့် လုပ်ရည်ကိုင်ရည်စံသတ်မှတ်ချက်ကိုဆိုသည်။
(ဈ) ဗဟိုအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ကိုဆိုသည်။
(ည) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သင်တန်းကျောင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများသို့ ဤဥပဒေအရ ထုတ်ပေးသောလက်မှတ်ကိုဆိုသည်။
(ဋ) ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန ဆိုသည်မှာ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီသဖြင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အသိအမှတ်ပြုပြီး လုပ်ပိုင်ခွင့်အပ်နှင်းထားသော ဌာနကိုဆိုသည်။
(ဌ) ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ဆိုသည်မှာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနက ထုတ်ပေးသောလက်မှတ်ကိုဆိုသည်။
(ဍ) ကျွမ်းကျင်လုပ်သား ဆိုသည်မှာ ဤဥပ‌ဒေအရ ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနကအလုပ်အကိုင်အမျိုးအစားအလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းခံရသူကိုဆိုသည်။
(ဎ) ရန်ပုံငွေ ဆိုသည်မှာ ဤဥပဒေအရ တည်ထောင်သော ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးရန်ပုံငွေကိုဆိုသည်။
(ဏ) ထည့်ဝင်ကြေး ဆိုသည်မှာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေသို့ သက်ဆိုင်ရာအလုပ်ရှင်က ဤဥပ‌ဒေနှင့်အညီ ပေးသွင်းသောငွေကိုဆိုသည်။
(တ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကိုဆိုသည်။

အခန်း(၂)

အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေခြင်း

၃။ ဝန်ကြီးဌာနသည် အလုပ်အကိုင်ရှာဖွေသူ၏ အသက်အရွယ်၊ စွမ်းအားနှင့် သင့်လျော်သည့် အလုပ်အကိုင်ရွေးချယ်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင်တည်မြဲရေးနှင့် ကျွမ်းကျင်မှုတိုးတက်ရေးတို့တွင် ကူညီရန်သော်လည်းကောင်း၊ လုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်သော အလုပ်သမားရရှိရေးအတွက် အလုပ်ရှင်များအား ကူညီရန်သော်လည်းကောင်း လွယ်ကူသော အခွင့်အလမ်းများနှင့် လုပ်ငန်းများကိုစီမံထားရှိရမည်။

၄။ (က) ပုဒ်မ ၃ ပါ ကိစ္စတစ်ရပ်ရပ်အလို့ငှာ ဝန်ကြီးဌာနသည်-
(၁) အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံများကိုလိုအပ်သလို တည်ထောင်ထားရှိနိုင်သည်။
(၂) အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ရန်သော်လည်းကောင်း၊ အလုပ်အကိုင်ရှာဖွေသူအား ကူညီရန်နှင့် လုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်သော အလုပ်သမားရရှိရေးအတွက် အလုပ်ရှင်အားကူညီပေးရန်သော်လည်းကောင်း၊ အစိုးရအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများဖွင့်လှစ်ခြင်းဖြင့်ဖြစ်စေ၊ အလုပ်အကိုင်ရှာဖွေနေသူများအား အခမဲ့ဝန်ဆောင်မှုပေးသော ပုဂ္ဂလိကပြည်တွင်းအလုပ်အကိုင် စုဆောင်း‌ရေးအကျိုးဆောင် ကုမ္ပဏီများအား ခွင့်ပြုချက်ပေးခြင်းဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ လိုအပ်သည့်အစီအစဉ်များကို ဆောင်ရွက်နိုင်သည်။
(ခ) အလုပ်အကိုင်ရှာဖွေသူသည် မိမိလုပ်ကိုင်လိုသော အလုပ်အကိုင်တွင်အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုဖြစ်ပွားနေသည်ဟု အကြောင်းပြ၍သော်လည်းကောင်း၊ ရှာဖွေပေးသည့် အလုပ်အကိုင်မှရရှိမည့်အခကြေးငွေသည် ထိုအလုပ်မျိုးတွင် အခြားသူများရရှိနေသော အခကြေးငွေအောက်လျော့နည်းနေသည်ဟု အကြောင်းပြ၍သော်လည်းကောင်း အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေ‌ရေးရုံးတစ်ခုခုက ရှာဖွေပေးသည့် အလုပ်အကိုင်ကို လက်မခံဘဲငြင်းပယ်ခဲ့လျှင် ထိုသို့ငြင်းပယ်မှုအတွက် အဆိုပါရုံးကပေးသည့် အခွင့်အလမ်းများနှင့် အကျိုးခံစားခွင့်များကို မဆုံးရှုံးစေရ။
(ဂ) ဝန်ကြီးဌာနသည် အလုပ်ရှင်က မိမိ၏လုပ်ငန်းတွင် လစ်လပ်သည့် သို့မဟုတ် လစ်လပ်မည့် အလုပ်အကိုင်နေရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ သတ်မှတ်ချက်များနှင့်အညီ အကြောင်းကြားစေရေးအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်သည်။

အခန်း(၃)

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုခြင်း

၅။ (က) (၁) အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုရမည်။
(၂) အလုပ်ခန့်ထားခြင်းမပြုမီ အကြိုသင်တန်းကာလနှင့် အစမ်းခန့်ကာလသတ်မှတ်ပါက ယင်းသင်တန်းသားသည် ပုဒ်မခွဲငယ် (၁)ပါ သတ်မှတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။
(ခ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘာတူညီချက်စာချုပ်တွင် အောက်ပါအချက်များပါဝင်ရမည်-
(၁) အလုပ်အကိုင်အမျိုးအစား၊
(၂) အစမ်းခန့်ကာလ၊
(၃) လုပ်ခ၊ လစာ၊
(၄) အလုပ်အကိုင်တည်နေရာ၊
(၅) စာချုပ်သက်တမ်း၊
(၆) အလုပ်ချိန်၊
(၇) နားရက်၊အလုပ်ပိတ်ရက်နှင့် ခွင့်ရက်၊
(၈) အချိန်ပိုလုပ်ကိုင်ခြင်း၊
(၉) အလုပ်ချိန်အတွင်း အစားအသောက်အစီအစဉ်၊
(၁၀) နေရာထိုင်ခင်း၊
(၁၁) ဆေးဝါးကုသခြင်း၊
(၁၂) အလုပ်ခွင်သို့ ကြို၊ ပို့ယာဉ်စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း၊
(၁၃) အလုပ်သမားများ လိုက်နာရမည့် စည်းကမ်းချက်များ၊
(၁၄) အလုပ်ရှင်စေလွှတ်သည့် သင်တန်းသို့ တက်ရောက်ရပါက ယင်းသင်တန်းတက်ရောက်ပြီး နောက်ဆက်လက်တာဝန်ထမ်းဆောင်ရန် အလုပ်သမားက သဘောတူညီသည့် ကာလသတ်မှတ်ချက်၊
(၁၅) အလုပ်မှ နုတ်ထွက်ခြင်းနှင့် အလုပ်မှရပ်စဲခြင်း
(၁၆) စာချုပ်ရပ်စဲခြင်း၊
(၁၇) စာချုပ်ပါ စည်းကမ်းချက်အတိုင်း တာဝန်ရှိမှုများ၊
(၁၈) အလုပ်ခန့်ထားမှု သဘောတူညီချက်စာချုပ်အား အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူဖျက်သိမ်းခြင်း၊
(၁၉) အခြားကိစ္စရပ်များ၊
(၂၀) စာချုပ်စည်းကမ်းများကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း၊
(၂၁) အထွေထွေ။
(ဂ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသော လုပ်ငန်းခွင်စည်းကမ်းများသည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ညီညွှတ်ရမည့်အပြင် အလုပ်သမား၏ အကျိုးခံစားခွင့်များသည်လည်း တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ခံစားခွင့်များအောက်လျော့နည်းခြင်းမရှိစေရ။
(ဃ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အရ သတ်မှတ်ကာလထက်စော၍ လုပ်ငန်းပြီးဆုံးသွားလျှင်သော်လည်းကောင်း၊ မမျှော်လင့်သောအကြောင်းကြောင့် လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ လုပ်ငန်းတစ်စိတ်တစ်ဒေသကိုဖြစ်စေ ရပ်စဲလိုက်ရလျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲရန်ကိစ္စ ပေါ်ပေါက်လာလျှင်သော်လည်းကောင်း၊ အလုပ်ရှင်က အလုပ်သမားအားသတ်မှတ်ထားသော နစ်နာကြေးပေးရန်ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာထုတ်ပြန်ရမည်။
(င) ပုဒ်မခွဲ (က)အရချုပ်ဆိုသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်သည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၌ ယာယီခန့်ထားသည့်နေ့စားအလုပ်သမား၊ ပုတ်ပြတ်အလုပ်သမားများနှင့်လည်း သက်ဆိုင်စေရမည်။
(စ) အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားများသည် နှစ်ဖက်သဘောတူညီမှုဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပါ လုပ်ငန်းခွင်စည်းကမ်းနှင့် အကျိုးခံစားခွင့်များကို တည်ဆဲဥပဒေနှင့်အညီ လိုအပ်သလိုပြင်ဆင်နိုင်သည်။
(ဆ) အလုပ်ရှင်နှင့်အလုပ်သမားချုပ်ဆိုပြီးသော အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်မိတ္တူကို သက်ဆိုင်ရာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ သတ်မှတ်ကာလအတွင်း အလုပ်ရှင်က ပေးပို့ပြီး အတည်ပြုချက်ရယူထားရမည်။
(ဇ) ဤဥပဒေအတည်မဖြစ်မီ ချုပ်ဆိုခဲ့သော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်များသည် မူလစာချုပ်သက်တမ်းကုန်ဆုံးသည်အထိ အတည်ဖြစ်စေရမည်။

အခန်း(၄)

အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-
(က) အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ကို ‌အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
(၁) ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဥက္ကဋ္ဌ
(၂) ပြည်ထောင်စုဝန်ကြီးသက်ဆိုင်ရာဝန်ကြီးဌာနများ အဖွဲ့ဝင်
(၃) မြို့‌တော်ဝန် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီများ အဖွဲ့ဝင်
(၄) သက်ဆိုင်ရာဝန်ကြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်
(၅) ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အဖွဲ့ဝင်
(၆) ဥက္ကဋ္ဌ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့များ အဖွဲ့ဝင်
(၇) ဥက္ကဋ္ဌ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်ရှင်ရေးရာအဖွဲ့များ အဖွဲ့ဝင်
(၈) ဒုတိယဝန်ကြီး ပြည်ထောင်စုအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အတွင်းရေးမှူး
(ခ) ပုဒ်မခွဲ(က)အရဖွဲ့စည်းရာတွင် ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို ခန့်အပ်တာဝန်ပေးနိုင်သည်။
၇။ ဗဟိုအဖွဲ့သည် အောက်ပါလုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ မူဝါဒများ ချမှတ်ပေးရမည်-
(က) အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊
(ခ) အလုပ်လက်မဲ့များ နည်းပါးစေရန် ဆောင်ရွက်ခြင်း၊
(ဂ) အလုပ်သမားများ၏ စည်းကမ်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန်ဆောင်ရွက်ခြင်း၊
(ဃ) အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခြင်း၊
(င) အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ကို ဖွဲ့စည်းခြင်းနှင့် လမ်းညွှန်ခြင်း။

၈။ ဗဟိုအဖွဲ့သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါပုဂ္ဂိုလ်များပါဝင်သော အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ဖွဲ့စည်းရမည်-

(က) ဒုတိယဝန်ကြီး ပြည်ထောင်စုအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဥက္ကဋ္ဌ
(ခ) ဒုတိယဝန်ကြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ အဖွဲ့ဝင်
(ဂ) ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ဦးဆောင်ညွှန်ကြားရေးမှူး သက်ဆိုင်ရာဦးစီးဌာန သို့မဟုတ် လုပ်ငန်း အဖွဲ့ဝင်
(ဃ) ကိုယ်စားလှယ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အဖွဲ့ဝင်
(င) ကိုယ်စားလှယ် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့များ အဖွဲ့ဝင်
(စ) ကိုယ်စားလှယ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်ရှင်ရေးရာအဖွဲ့များ အဖွဲ့ဝင်
(ဆ) ညွှန်ကြားရေးမှူးချုပ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အတွင်းရေးမှူး
၉။ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊
(ခ) အလုပ်လုပ်ကိုင်လိုသူများအား အလုပ်အကိုင် ရရှိစေခြင်း၊
(ဂ) အလုပ်လက်မဲ့များ နည်းပါးစေရန် ဆောင်ရွက်ခြင်း၊
(ဃ) အလုပ်လုပ်ကိုင်နေသူများ၏ စည်းကမ်းနှင့်စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း။

၁၀။ (က) ဗဟိုအဖွဲ့သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါပုဂ္ဂိုလ်များပါဝင်သော ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ဖွဲ့စည်းရမည်-

(၁) ဒုတိယဝန်ကြီးပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးဌာန ဥက္ကဋ္ဌ
(၂) ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ဦးဆောင်ညွှန်ကြားရေးမှူးသက်ဆိုင်သည့် ဦးစီးဌာန သို့မဟုတ် လုပ်ငန်း အဖွဲ့ဝင်
(၃) ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ဦးဆောင်ညွှန်ကြားရေးမှူးသက်ဆိုင်သည့် ဦးစီးဌာန သို့မဟုတ် လုပ်ငန်း အဖွဲ့ဝင်
(၃) ကိုယ်စားလှယ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အဖွဲ့ဝင်
(၄) ဥက္ကဋ္ဌ ကျွမ်းကျင်မှုဆိုင်ရာအသင်းဖွဲ့များ အဖွဲ့ဝင်
(၅) ကိုယ်စားလှယ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့များ အဖွဲ့ဝင်
(၆) ကိုယ်စားလှယ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်ရှင်ရေးရာအဖွဲ့များ အဖွဲ့ဝင်
(၇) ဒုတိယညွှန်ကြားရေးမှူးချုပ် အလုပ်သမားညွှန်ကြား‌ရေးဦးစီးဌာန အတွင်းရေးမှူး

 (ခ) ပုဒ်မခွဲ(က)အရ အလုပ်သမားများကျွမ်းကျင်မှု ဖွံဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ကျွမ်းကျင်သူများအား အဖွဲ့ဝင်အဖြစ်ခန့်အပ်တာဝန်ပေးနိုင်သည်။

၁၁။ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အလုပ်အကိုင်များ၏ ကျွမ်းကျင်မှုစံများခွဲခြားသတ်မှတ်ခြင်း၊ ရေးဆွဲခြင်းနှင့် ပြဋ္ဌာန်းခြင်း၊
(ခ) အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးပေးမှုများ ခွဲခြားသတ်မှတ်၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးဆိုင်ရာမူဝါဒများ ချမှတ်ခြင်း၊
(ဂ) ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ အစီအစဉ်များကို သတ်မှတ်ခြင်း၊
(ဃ) သင်တန်းကျောင်း သို့မဟုတ် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများအား မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊
(င) ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရေးအစီအစဉ်များ ချမှတ်ခြင်း၊
(စ) အလုပ်သမားများအတွက် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေး ရန်ပုံငွေထူထောင်၍ စီမံခန့်ခွဲခြင်း၊
(ဆ) မိမိဖွဲ့စည်းသော ကော်မတီများနှင့် ဆပ်ကော်မတီများကို ကြီးကြပ်ကွက်ကဲခြင်း။
၁၂။ (က) ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့သည် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် အောက်ပါကော်မတီများကို ဖွဲ့စည်းထားရှိရမည်-
(၁) ကျွမ်းကျင်မှုစံ သတ်မှတ်ရေးနှင့် လေ့ကျင့်ရေးကော်မတီ၊
(၂) ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီ။
(ခ) ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)ပါ ကော်မတီများအောက်တွင် ဆပ်ကော်မတီများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။
၁၃။ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)အရ ဖွဲ့စည်းသော ကော်မတီအသီးသီး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍-
(က) ကျွမ်းကျင်မှုစံသတ်မှတ်ရေးနှင့် လေ့ကျင့်ရေးကော်မတီနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီများသည် သက်ဆိုင်ရာကော်မတီအလိုက် ဖွဲ့စည်းမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းရေးဆွဲသတ်မှတ်ရမည်။
(ခ) ကျွမ်းကျင်မှုစံသတ်မှတ်ရေးနှင့် လေ့ကျင့်ရေးကော်မတီသည် အောက်ပါတို့ကို ‌ဆောင်ရွက်ရမည်-
(၁) အလုပ်အကိုင်အမျိုးအစားနှင့် အဆင့်အလိုက် မှတ်ကန်တိကျသော ကျွမ်းကျင်မှုစံများကို နိုင်ငံတကာစံများအား မှီငြင်း၍ ရေးဆွဲသတ်မှတ်ခြင်း၊
(၂) ကျွမ်းကျင်မှုစံများနှင့်အညီ သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်း၊ လေ့ကျင့်ရေးစံများ သတ်မှတ်ခြင်း၊
(၃) လေ့ကျင့်ရေးနည်းပြ အရည်အသွေးသတ်မှတ်ခြင်း၊
(၄) သင်တန်းကျောင်းများ၏ စက်ပစ္စည်း၊ ကိရိယာနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းစံချိန်စံညွှန်းများသတ်မှတ်ခြင်း၊
(၅) သင်တန်းကျောင်းများမှတ်ပုံတင်ခြင်းနှင့် လေ့ကျင့်ရေးအမျိုးအစားများမှတ်ပုံတင်ခြင်း၊
(၆) နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(၇) မှတ်ပုံတင်လက်မှတ် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ စိစစ်ပြီး ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့သို့ တင်ပြခြင်း။
(ဂ) ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီသည် အောက်ပါတို့ကို ‌ဆောင်ရွက်ရမည်-
(၁) အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ချက်နှင့် အညီ စစ်ဆေးနိုင်ရေးအတွက် စစ်ဆေးမည့်စံသတ်မှတ်ခြင်း၊
(၂) ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများ မှတ်ပုံတင်ခြင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးအစီအစဉ်များမှတ်ပုံတင်ခြင်း၊
(၃) မှတ်ပုံတင်လက်မှတ်လျှောက်ထားချက်နှင့် စပ်လျဉ်း၍ စိစစ်ပြီး ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲသို့ တင်ပြခြင်း၊
(၄) အကဲဖြတ်ပုံစံသတ်မှတ်ခြင်း၊ စစ်ဆေးအကဲဖြတ်သူများနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများ၏ အရည်အသွေးအာမခံချက်ရှိရေးအတွက် အရည်အသွေးထိန်းသိမ်းရေးစနစ်နှင့် တာဝန်ဝတ္တရားများ သတ်မှတ်ခြင်း၊
(၅) ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ခြင်း၊
(၆) အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်အလိုက်သတ်မှတ်၍ ယှဉ်ပြိုင်ပွဲများပြုလုပ်ခြင်း၊
(၇) ပြိုင်ပွဲတွင် ထူးချွန်ပါက ထူးချွန်သူဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း။

အခန်း(၅)

အလုပ်သမားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်‌လေ့ကျင့်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်း

၁၄။ အလုပ်ရှင်သည် မိမိ၏လုပ်ငန်းတွင်ခန့်အပ်ရန်လျာထားသော အလုပ်သမားများနှင့် လုပ်ငန်း၌လက်ရှိလုပ်ကိုင်လျက်ရှိသော အလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အဆင့်မြင့်မားစေရန် လေ့ကျင့်‌ရေးအစီအစဉ်များကို လုပ်ငန်းလိုအပ်ချက်အရ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ မူဝါဒနှင့်အညီ ဆောင်ရွက်ရမည်။

၁၅။ အလုပ်ရှင်သည်-
(က) အလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အဆင့်မြင့်မားစေရန်လေ့ကျင့်ရေး အစီအစဉ်များကို စီမံဆောင်ရွက်ရာ၌ လုပ်ငန်းတွင်သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း၊ လုပ်ငန်းခွင်၌ စနစ်တကျ‌လေ့ကျင့်သင်ကြာခြင်း၊ လုပ်ငန်းပြင်ပသင်တန်းများသို့ စေလွှတ်ခြင်းနှင့် သတင်းအချက်အလက်နည်းပညာအသုံးပြုသောစနစ်ဖြင့် လေ့ကျင့်သင်ကြားခြင်းတို့ပြုလုပ်ရာတွင် လုပ်ငန်းတစ်ခုခြင်းဖြစ်စေ၊ လုပ်ငန်းများပေါင်းစပ်၍ဖြစ်စေ အလုပ်သမားတစ်ဦးချင်း သို့မဟုတ် အုပ်စုအလိုက် လေ့ကျင့်သင်ကြားစေရန် ဆောင်ရွက်နိုင်သည်။
(ခ) အသက်၁၆နှစ်ပြည့်ပြီးသော လူငယ်များအား အလုပ်သင်အဖြစ် ခန့်ထား၍ ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့က သတ်မှတ်ထားသော စည်းမျည်းစည်းကမ်းများနှင့်အညီ အလုပ်အကိုင်နှင့် သက်ဆိုင်သည့် အတက်ပညာရပ်များကို စနစ်တကျ လေ့ကျင့်သင်ကြားစေရန် ဆောင်ရွက်နိုင်သည်။

အခန်း(၆)

သင်တန်းကျောင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများ မှတ်ပုံတင်ခြင်းနှင့် တည်ထောင်ဖွင့်လှစ်ခြင်း

၁၆။ (က) သင်တန်း‌ကျောင်း သို့မဟုတ် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တည်ထောင်ဖွင့်လှစ်လိုသော အလုပ်ရှင် သို့မဟုတ် ဝန်ဆောင်မှုပေးလိုသူသည် သက်ဆိုင်ရာကော်မတီများမှ တစ်ဆင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်လက်မှတ်ရရှိရန် လျှောက်ထားရမည်။
(ခ) တည်ဆဲဥပဒေများနှင့်အညီ ပြည်ပနိုင်ငံမှ လာရောက်၍ သင်တန်းကျောင်း သို့မဟုတ် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနတစ်ခုခု တည်ထောင်ဖွင့်လှစ်လိုသူသည် သက်ဆိုင်ရာကော်မတီများမှ တစ်ဆင့် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီမှတ်ပုံတင်လက်မှတ်ရရှိရန် လျှောက်ထားရမည်။
၁၇။ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည်-
(က) ပုဒ်မ ၁၆ အရ လျှောက်ထားချက်နှင့် စပ်လျဉ်း၍ ပုဒ်မ ၁၂ အရ ဖွဲ့စည်းသော သက်ဆိုင်ရာကော်မတီများကို သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း ရှိမရှိစိစစ်တင်ပြစေပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ မှတ်ပုံတင်ကြေးပေးသွင်းစေပြီး လျှောက်ထားသူအား မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။
(ဂ) မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်ပါက ရက်ပေါင်း ၃၀အတွင်း ပြန်လည်လျှောက်ထားခွင့်ပြုနိုင်သည်။
၁၈။ မှတ်ပုံတင်လက်မှတ်ရရှိသော သင်တန်းကျောင်းနှင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများသည် မှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီးနောက် သက်ဆိုင်ရာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာကော်မတီမှ တစ်ဆင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့သို့ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရမည်။
၁၉။ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များနှင့်ညီညွှတ်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက ယင်းသင်တန်းကျောင်း သို့မဟုတ် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန၏ မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်နိုင်သည်။
၂၀။ မှတ်ပုံတင်ထားသော သင်တန်းကျောင်း၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အောက်ဖော်ပြပါ ‌လေ့ကျင့်သင်ကြားရေးအစီအစဉ်များကို ပြုစုပြီးကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံ တင်ပြ၍ သ‌ဘောတူညီချက်ရယူခြင်း-
(၁) ကျွမ်းကျင်မှုစံ၊
(၂) သင်ရိုးညွှန်းတမ်း၊
(၃) သင်တန်းကျောင်း တည်နေရာ၊ အဆောက်အအုံနှင့် အသုံးအဆောင် ဖော်ပြချက်၊
(၄) သင်တန်းဆရာများ၏ အမည်နှင့်အရည်အချင်း၊
(၅) လေ့ကျင့်သင်ကြားမည့်ကာလ၊
(၆) သင်တန်းတွင်အသုံးပြုမည့် လေ့ကျင့်သင်ကြားရေးစနစ်၊ လေ့ကျင်သင်ကြားရေးအထောက်အကူပြု ပစ္စည်းများ၊
(၇) သင်တန်းဆင်းလက်မှတ်၊
(၈) သင်တန်းကြေး၊
(၉) ကျွမ်းကျင်မှုစံ သတ်မှတ်ရေးနှင့် လေ့ကျင့်ရေးကော်မတီက သတ်မှတ်သော အခြားအချက်အလက်များ၊
(ခ) သင်တန်းကျောင်းနှင့် သင်တန်းဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုထားခြင်း၊
(ဂ) သင်တန်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းထားရှိခြင်း၊
(ဃ) သင်တန်းတစ်ခု ပြီးမြောက်သည့် ၁၅ ရက်အတွင်း သင်တန်းနှင့် ပတ်သက်သော အစီရင်ခံစာကို ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သို့ တင်ပြခြင်း၊
(င) သင်တန်းကျောင်းအား အခြားသင်တန်းကျောင်း တည်ထောင်လိုသူထံ လွှဲပြောင်းလိုပါက လွှဲပြောင်းခြင်းမပြုမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့သို့ တင်ပြခြင်း၊
(စ) သင်တန်းကျောင်းကို ရပ်ဆိုင်းလိုပါက သင်တန်းသားများအား လုပ်ငန်းအမျိုးအသားတူညီသော အခြားသင်တန်းကျောင်းတစ်ခုခုသို့ ကျန်ရှိသော သင်တန်းကုန်ကျစရိတ်များနှင့် အတူလွှဲပြောင်းပေးခြင်း၊
(ဆ) ကျွမ်းကျင်မှုစစ်ဆေးခံသူများကို အခြားကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနသို့ လွှဲပြောင်းခြင်းမပြုမီ အနည်းဆုံးရက်ပေါင်း ၃၀ ကြိုတင်၍ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သို့ တင်ပြခြင်း၊
၂၃။ မှတ်ပုံတင်ထားသော ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနသည်-
(က) သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပေးသော အလုပ်လုပ်ခွင့်လက်မှတ်ရရှိသည့် နိုင်ငံခြားသား ကျွမ်းကျင်သူများ၊ နိုင်ငံခြားသားအကဲဖြတ်သူများအား ခေါ်ယူခန့်ထားခွင့်ရှိသည်။ ယင်းတို့၏ နေထိုင်ခွင့်ကာလသည် တည်ဆဲဥပဒေနှင့်အညီ ဖြစ်စေရမည်။
(ခ) စစ်ဆေးရေး အကဲဖြတ်ရေး အထောက်အကူပြုပစ္စည်းများကို တည်ဆဲဥပဒေများနှင့်အညီ ပြည်ပမှ တင်သွင်းနိုင်သည်။ သက်ဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနသို့ စစ်ဆေးမှုခံယူရန် လျှောက်ထားနိုင်သည်။

အခန်း(၇)

ကျွမ်းကျင်မှုယှဉ်ပြိုင်ပွဲများ ကျင်းပခြင်း

၂၄။ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီသည် လုပ်ငန်းအမျိုးအစားအလိုက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုယှဉ်ပြိုင်ပွဲ အဆင့်ဆင့်ဖြစ်ပေါ်လာစေရန် သတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်ရမည်။ ယှဉ်ပြိုင်ပွဲ၏ ကျွမ်းကျင်မှုရလဒ်များမှ တစ်ဆင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရမည်။ ၂၅။ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရှိသော အလုပ်သမားသည် ပြည်တွင်း၊ ပြည်ပတွင်ကျင်းပသော သက်ဆိုင်ရာကျွမ်းကျင်မှု ယှဉ်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။

အခန်း(၈)

အလုပ်သမားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေထူထောင်ခြင်းနှင့် သုံးစွဲခြင်း

၂၆။ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ အလုပ်သမားများအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတစ်ရပ်ထူထောင်ထားရှိပြီး အောက်ပါကိစ္စရပ်များအတွက် သတ်မှတ်ချက်များနှင့်အညီ သုံးစွဲနိုင်သည်-
(က) အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်မှုအဆင့်မြှင့်တင်ရေးတို့အတွက် လေ့ကျင့်သင်ကြားပေးခြင်း၊
(ခ) အကြောင်းတစ်ရပ်ရပ်ကြောင့် အလုပ်ရပ်စဲခြင်းခံရပြီး အခြားလုပ်ငန်းတစ်ခုခုသို့ ပြောင်းလဲလုပ်ကိုင်လိုသောအလုပ်များအား လိုအပ်သည့် ကျွမ်းကျင်မှု ပြန်လည်လေ့ကျင့်သင်ကြားပေးခြင်း၊
(ဂ) ပုဒ်မခွဲ(က)နှင့် (ခ)ပါကိစ္စရပ်များအတွက် ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် ငွေချေးခြင်း၊
၂၇။ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များပါဝင်သော ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းရမည်။
၂၈။ ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ရန်ပုံငွေအတွက် ထည့်ဝင်ကြေးများ မှန်မှန်ပေးသွင်းရေးကို ကြပ်မတ်ခြင်း၊
(ခ) ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် ရန်ပုံငွေအား စီမံခန့်ခွဲခြင်း၊
(ဂ) ရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံနိုင်သောငွေများကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီဘဏ်တစ်ခုခုတွင် အပ်နှံထားခြင်း သို့မဟုတ် အစိုးရငွေစုလက်မှတ်များ ဝယ်ယူစုဆောင်ထားခြင်း၊
(ဃ) ရန်ပုံငွေသို့ အလှူငွေပေးအပ်သူရှိပါက ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် လက်ခံရယူခြင်း၊
(င) ရန်ပုံငွေထည့်ဝင်ခြင်း၊ သုံးစွဲခြင်းတို့နှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေးမှုခံယူခြင်း၊
၂၉။ ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီသည် ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့က သတ်မှတ်သော စည်းမျဉ်းစည်းကမ်းနှင့် အညီအောက်ပါကိစ္စရပ်တစ်ခုခုအတွက် ရန်ပုံငွေကို သုံးစွဲခွင့်ပြုနိုင်သည်-
(က) အလုပ်သမားများ၏ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ပြည့်သို့မဟုတ် အချိန်ပိုင်းသင်တန်းတစ်ခုခုသို့ စေလွှတ်ခြင်း၊ သင်တန်းဖွင့်လှစ်ခြင်းနှင့် သင်တန်းအစီအစဉ် တိုးချဲ့ခြင်းများပြုလုပ်မည့် အလုပ်ရှင်များအား ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် ငွေချေးခြင်း၊
(ခ) အလုပ်ရှင်က ယင်း၏ အလုပ်သမားများအတွက် သင်တန်းနှင့် စပ်လျဉ်း၍ ကုန်ကျခဲ့သည့်စရိတ်များကို တင်ပြတောင်းခံလာလျှင် သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ ပြန်လည်ထုတ်ပေးခြင်း၊
(ဂ) ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့က သတ်မှတ်သော အခြားကိစ္စရပ်များဆောင်ရွက်ခြင်း။
၃၀။ (က) စက်မှုလက်မှုနှင့် ဝန်‌ဆောင်မှုလုပ်ငန်း၏ အလုပ်ရှင်သည် ယင်း၏လုပ်ငန်း၌ အလုပ်သမားကြီးကြပ်သူအဆင့်နှင့် ယင်းအဆင့်အောက်ရှိ အလုပ်သမားများအား ပေးချေရသည့် စုစုပေါင်းလုပ်ခ၊ လစာ၏ သုညဒသမ ငါးရာခိုင်နှုန်းအောက်မနည်းသော ငွေကို ရန်ပုံငွေသို့ ထည့်ဝင်ကြေးအဖြစ် လစဉ်မပျက်မကွက်ပေးသွင်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ ပေးသွင်းသည့် ထည့်ဝင်ကြေးကို အလုပ်သမားများ၏ လုပ်ခ၊ လစာမှ ဖြတ်တောက်ခြင်းမပြုရ။
၃၁။ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည်-
(က) ပုဒ်မ ၃၀၊ ပုဒ်မခွဲ(က)အလုပ်ရှင်က ရန်ပုံငွေသို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးနှင့်စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍ၊ လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းအရွယ်အစားနှင့် အလုပ်သမားဦးရေအပေါ်မူတည်ပြီး သတ်မှတ်နိုင်သည်။
(ခ) ခိုင်လုံသော အကြောင်းတင်ပြနိုင်ပါက အလုပ်ရှင်တစ်ဦးဦးအား ရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။
၃၂။ ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးအဖွဲ့သည် ပြည်ပမှလာရောက်ဖွင့်လှစ်သော သင်တန်းများ၏ ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို တည်ဆဲဥပဒေများနှင့် အညီကြီးကြပ်ရမည်။
၃၃။ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် အသုံးပြုခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ အကြံဉာဏ်များရယူနိုင်ရန် အကြံပေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်သည်။

အခန်း(၉)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၃၄။ မည်သူမဆို ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ကို အတုပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို (၇)နှစ်ထက်မပိုသော ‌ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
၃၅။ မည်သူမဆို ဝန်ကြီးဌာန၏ခွင့်ပြုမိန့်မရှိဘဲ အလုပ်အကိုင် စုဆောင်းရေးလုပ်ငန်းကို လုပ်ကိုင်ကြောင်း သို့မဟုတ် အလုပ်သမားထံမှ အခကြေးငွေရယူဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၆။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
၃၇။ မည်သူမဆို အလုပ်အကိုင် သို့မဟုတ် အလု့ပ်သမားရရှိရန်အလို့ငှာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး တစ်ခုခုသို့မဟုတ် အဆိုပါရုံးဆိုင်ရာကိစ္စရပ်များအတွက် ကိုယ်စားဆောင်ရွက်နေသူ တစ်ဦးဦးထံ မမှန်ကြောင်းသိလျက်နှင့် မမှန်သောဖော်ပြချက်ကိုဖြစ်စေ၊ မမှန်သောပြောဆိုချက်ကို ဖြစ်စေတင်ပြကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၈။ မည်သည့်အလုပ်ရှင်မဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ‌ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်‌စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-
(က) ပုဒ်မ ၅၊ ပုဒ်မခွဲ (က)အရ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ချုပ်ဆိုရန် ပျက်ကွက်ခြင်း၊
(ခ) ပုဒ်မ ၃၀၊ ပုဒ်မခွဲ(က)အရ ပေးသွင်းရမည့် ထည့်ဝင်ကြေးပေးသွင်းရန် ပျက်ကွက်ခြင်း၊
၃၉။ မည်သူမဆို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပါအချက် တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း(၁၀)

အထွေထွေ

၄၀။ ရန်ပုံငွေမှ ချေးယူထားသောငွေကို သတ်မှတ်သော အချိန်ကာလအတွင်းအလုပ်ရှင်က ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျှင် အဆိုပါချေးငွေကို မြေခွန်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။
၄၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်‌‌ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန်ရမည်။
(ခ) ဝန်ကြီးဌာနနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့သည်လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၄၂။ ၁၉၅၀ ခုနှစ်၊ အလုပ်အကိုင်နှင့် သင်ကြားလေ့ကျင့်ရေးအက်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်