Back

၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေ

(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၇။)

၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်

(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)

နိဒါန်း

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များ

၁။ (က) ဤဥပဒေကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးခကြေးငွေဥပဒေဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-
(က) အလုပ်သမား ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်ကိုင်ရန် အလုပ်ရှင်နှင့် သဘောတူညီချက်ပြုလုပ်၍ ကာယအား၊ ဉာဏအားကို အသုံးပြုပြီး အမြဲတမ်းအလုပ်၊ ယာယီအလုပ်ကို လုပ်ကိုင်၍ ရရှိသော အခကြေးငွေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူကိုဆိုသည်။ ယင်းစကားရပ်တွင် အခကြေးငွေရရှိသော အလုပ်သင်များနှင့် ပညာသင်များ၊ စာရေးနှင့်ရုံးဝန်ထမ်းများ၊ လုပ်ငန်းခွင်ပြင်ပ အလုပ်သမားများ၊ အိမ်အကူနှင့် အိမ်ယာဉ်မောင်းများ၊ လုံခြုံရေး၊ အစောင့်ဝန်ထမ်းများနှင့် သန့်ရှင်းရေး၊ မွမ်းမံပြင်ဆင်ရေး အလုပ်သမားများလည်း ပါဝင်သည်။ သို့ရာတွင် အောက်ပါအလုပ်သမားများနှင့် ဝန်ထမ်းများမပါဝင်-
(၁) အလုပ်ရှင်အပေါ် မှီခို၍အတူနေပြီး အလုပ်ရှင်၏ အလုပ်ကိုလုပ်ကိုင်နေသည့် အလုပ်ရှင်၏ မိသားစုဝင်ဖြစ်သော ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘနှင့် ညီအစ်ကို မောင်နှမ အရင်းများ၊
(၂) နိုင်ငံ့ဝန်ထမ်းများ၊
(၃) ပင်လယ်ကူးသင်္ဘောသားများ။
(ခ) အလုပ်ရှင် ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း တစ်ခုခုတွင် သတ်မှတ်ထားသော အရေအတွက်အောက်မ‌လျော့သော အလုပ်သမားများအား သဘောတူညီချက်ဖြင့် အလုပ်လုပ်ခိုင်းပြီး ထိုအလုပ်သမားအား အခကြေးငွေပေးရန် တာဝန်ရှိသူကိုဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါပုဂ္ဂိုလ်များလည်း ပါဝင်သည်-
(၁) အလုပ်ရှင်၏ စီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ်
(၂) အလုပ်ရှင်ကိုယ်စား အလုပ်သမားအား စီမံအုပ်ချုပ်ရန် တာဝန်ရှိသူ သို့မဟုတ် အခကြေးငွေပေးရန် တာဝန်ရှိသူ
(၃) အလုပ်ရှင် သေဆုံးသည့်အခါ အမွေဆက်ခံသူ၊ အလုပ်ရှင်အနေဖြင့် ဆက်ခံသူသို့မဟုတ် တရားဝင်ကိုယ်စားလှယ်၊
(၄) အစုစပ်လုပ်ငန်းဖြစ်ပါက အစုဝင်တစ်ဦးချင်းသည်လည်းကောင်း၊ အစုဝင်အားလုံးသည်လည်းကောင်း၊ လုပ်ငန်းကို ကြီးကြပ်အုပ်ချုပ်ရန် အစုစပ်လုပ်ငန်းက လွှဲအပ်ခြင်း ခံရသူသည်လည်းကောင်း အလုပ်ရှင်ဖြစ်သည်။
(၅) မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ တည်ထောင်သော ကုမ္ပဏီ ဖြစ်ပါက ဒါရိုက်တာအဖွဲ့ သို့မဟုတ် ဒါရိုက်တာအဖွဲ့ဝင်များသည် လည်းကောင်း၊ လုပ်ငန်းကိုကြီးကြပ်အုပ်ချုပ်ရန် ကုမ္ပဏီက ဥပဒေနှင့်အညီ လွှဲအပ်ခြင်းခံရသူ၊
(၆) သမဝါယအသင်း ဥပဒေအရ တည်ထောင်သော အသင်းဖြစ်ပါက သမဝါယမအသင်း အမှုဆောင်အဖွဲ့ သို့မဟုတ် ဒါရိုက်တာအဖွဲ့ဝင်များ။
(ဂ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အမျိုးသား ကော်မတီက ဤဥပဒေ ပုဒ်မ ၆ အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနှင့် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်း တစ်ခုခုကို သော်လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုကို သော်လည်းကောင်း၊ ယင်းလုပ်ငန်းများနှင့် ဆက်နွယ်သော သတ်မှတ်သည့် လုပ်ငန်းတစ်ခုခုကို သော်လည်းကောင်း ဆိုသည်။
(ဃ) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဆိုသည်မှာ အမျိုးသား ကော်မတီက ဤဥပဒေ ပုဒ်မ ၆ အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေနှင့် မြေလွတ် မြေရိုင်း တစ်ခုခုတွင် ထွန်ယက်ခြင်း၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပျိုးထောင်ခြင်း၊ ပြုစုခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် စိုက်ပျိုးရေး ထွက်ကုန် ကောက်ပဲသီးနှံများကို ရိတ်သိမ်းခြင်း၊ ခူးဆွတ်ခြင်း လုပ်ငန်းကို သော်လည်းကောင်း၊ ကြက်၊ ဘဲ၊ ငုံး၊ ငှက်နှင့် ပျားအပါအဝင် ခြံမွေး အိမ်မွေး တိရိစ္ဆာန် မွေးမြူခြင်း လုပ်ငန်း၊ ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ မြည်း၊ လား၊ သိုး၊ ဆိတ်နှင့် ဝက်တို့ အပါအဝင် တိရိစ္ဆာန် မွေးမြူခြင်း လုပ်ငန်း၊ ငါးနှင့် ရေသတ္တဝါ မွေးမြူခြင်း လုပ်ငန်းကို သော်လည်းကောင်း၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းကို သော်လည်းကောင်း၊ ယင်းလုပ်ငန်း တစ်ခုခုနှင့် ဆက်စပ်၍ သတ်မှတ်သည့် ဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုကို သော်လည်းကောင်း ဆိုသည်။
(င) အခကြေးငွေ ဆိုသည်မှာ အလုပ်ရှင်၏ နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ်၊ လစဉ်အလုပ် သို့မဟုတ် အခြား အချိန်ပိုင်းအလုပ်တစ်ခုခုကို အလုပ်သမားက လုပ်ကိုင်ဆောင်ရွက်ပေးရသဖြင့် ရသင့်သောအခကြေးငွေနှင့် လုပ်ခလစာ တို့ကိုဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခသည် လည်းကောင်း၊ အလုပ်ကောင်းမွန်သဖြင့် သို့မဟုတ် အကျင့်စာရိတ္တ ကောင်းမွန်သဖြင့် အလုပ်ရှင်မှ အပိုပေးသည့် ဆုကြေးငွေများသည် လည်းကောင်း၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားငွေနှင့် အကျိုးခံစားခွင့်များသည် လည်းကောင်း ပါဝင်သည်။ သို့ရာတွင် အောက်ပါငွေကြေးများ မပါဝင်-
(၁) ခရီးစရိတ်များ၊
(၂) ပင်စင်(အငြိမ်းစား)လစာနှင့် ငြိမ်းစားလုပ်သက် ဆုငွေ၊
(၃) လူမှုဖူလုံရေး အကျိုးခံစားခွင့် ငွေကြေးများ၊
(၄) နေထိုင်ခနှင့် စားသောက်စရိတ်များ၊ မီးဖိုး၊ ရေဖိုးနှင့် အခွန်အခများ၊
(၅) အလုပ်ထုတ် နစ်နာကြေးနှင့် ဂရုဏာကြေးများ၊
(၆) အလုပ်ထုတ် နစ်နာကြေးနှင့် ဂရုဏာကြေးများ၊
(၇) အလုပ်သမားဝန်ကြီးဌာနက ဤဥပဒေပါ အခကြေးငွေနှင့် မသက်ဆိုင်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော အခကြေးများ။
(စ) အဖွဲ့အစည်း ဆိုသည်မှာ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့အစည်း သို့မဟုတ် အလုပ်ရှင်အဖွဲ့အစည်းကို ဆိုသည်။
(ဆ) အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ကိုယ်စားလှယ်များ ဆိုသည်မှာ အလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်ရှင်အဖွဲ့အစည်းများအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များကိုသော်လည်းကောင်း၊ အလုပ်သမား အဖွဲ့အစည်း မရှိသေးပါက အလုပ်သမားများအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များကို သော်လည်းကောင်း၊ အလုပ်ရှင် အဖွဲ့အစည်းမရှိသေးပါက အလုပ်ရှင်များအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များကို သော်လည်းကောင်း ဆိုသည်။
(ဇ) အမျိုးသားကော်မတီ ဆိုသည်မှာ ဤဥပဒေအရ အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ပါဝင်ဖွဲ့စည်းသည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဆိုသည်။
(ဈ) ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ပြည်ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက်ဖွဲ့စည်းသော အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီကို ဆိုသည်။
(ည) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကို ဆိုသည်။
(ဋ) ဦးစီးဌာန ဆိုသည်မှာ ဤဥပဒေပါ လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ပေးသော ဦးစီးဌာနကို ဆိုသည်။
(ဌ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာ‌ဆောင်ရွက်ခြင်း ရှိ မရှိနှင့် စပ်လျဉ်း၍ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို သော်လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို သော်လည်းကောင်း စစ်ဆေးရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရသည့် အရာရှိ တစ်ဦးဦးကို ဆိုသည်။

အခန်း (၂)

အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း

၃။ နိုင်ငံတော်သမ္မတ သည်-
(က) အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရန် အလို့ငှာ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမား အဖွဲ့အစည်း သို့မဟုတ် အလုပ်သမားများ၏ ကိုယ်စားလှယ်များ၊ အလုပ်ရှင် အဖွဲ့အစည်း သို့မဟုတ် အလုပ်ရှင်များ၏ ကိုယ်စားလှဘ်များ၊ အခကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာလုပ်ငန်း ကျွမ်းကျင်ပြီး မျှတစွာ‌ဆောင်ရွက်မည့် အခြားပုဂ္ဂိုလ်များပါဝင်သည့် အမျိုးသားကော်မတီကို အမိန့် ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းရာတွင် ဥကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို တစ်ပါတည်း သတ်မှတ်ပေးရမည်။ လိုအပ်ပါက ဒုတိယ ဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။
(ဂ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော အမျိုးသားကော်မတီ၏ သက်တမ်းသည် သုံးနှစ်ဖြစ်ပြီး ယင်းသက်တမ်းအတွင်း လိုအပ်ပါက အဖွဲ့ဝင်များကို အစားထိုးပြင်ဆင် ဖွဲစည်းနိင်သည်။
၄။ အမျိုးသားကော်မတီကို ဖွဲ့စည်းရာ၌-
(က) အစိုးရဌာန အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် အလုပ်သမားရေးရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ လူမှုရေးတို့နှင့် သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲ့အစည်းမှ တာဝန်ရှိသူများဖြစ်ရမည်။
(ခ) အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ကိုယ်စားလှယ်များသည်-
(၁) သက်ဆိုင်ရာ အဖွဲ့အစည်း၏ အကျိုးကို သော်လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးကို သော်လည်းကောင်း သယ်ပိုးလိုသူများဖြစ်ရမည်။
(၂) သတ်မှတ်ချက်နှင့်အညီ ဦးရေတူညီရမည့်အပြင် ယင်းကိုယ်စားလှယ်များ၏ ဆန္ဒထုတ်ဖော်ရာတွင်လည်း အခွင့်အရေး တူညီရမည်။
(ဂ) အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းကျွမ်းကျင်သည့် အခြားပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ ပါဝင်ဖွဲ့စည်းနိုင်ပြီး ထိုသူသည်သက်ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံရှိ၍ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား မျှတစွာ ဆောင်ရွက်တက်သူ ဖြစ်ရမည်။

အခန်း(၃)

အမျိုးသား ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၅။ အမျိုးသား ကော်မတီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ဤဥပဒေအရ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် အခြေခံသင့်သည့် အချက်များနှင့် စပ်လျဉ်း၍ အမျိုးသားအဆင့် မူဝါဒများ ချမှတ်ခြင်း
(ခ) အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် သုတေသနပြုလုပ်ချက်နှင့် စစ်တမ်းများကို လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုချက်များ တင်ပြနိုင်ရန် အစိုးရဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူများပါဝင်သည့် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ် ကော်မတီများကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း
(ဂ) အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် သုတေသန ပြုလုပ်ချက်နှင့် စစ်တမ်းများကို လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုချက်များ တင်ပြရေးနှင့် စပ်လျဉ်း၍ ချမှတ်ထားသော အမျိုးသားအဆင့် မူဝါဒများနှင့်အညီ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ်ကော်မတီများအား လမ်းညွှန်းခြင်း၊
(ဃ) အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် အခြေခံသင့်သည့် အချက်များနှင့် စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်း၊ စာရင်းစစ်တမ်းများကောက်ယူ၍ စိစစ်တွက်ချက်ခြင်း၊ စီမံကိန်းများနှင့် အစီအစဉ်များချမှတ်ခြင်း၊
(င) အနည်းဆုံး အခကြေးငွေကို နိုင်ငံတစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသအလိုက် သော်လည်းကောင်း၊ ကူးသန်းရောင်းရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အမျိုးအစားအလိုက်သော်လည်းကောင်း၊ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ်ကော်မတီများ၏ အကြံပြုချက်များကို လေ့လာစိစစ်ပြီး ဤဥပဒေ အခန်း (၆)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်သင့်သည့် အဆိုပြုအနည်းဆုံး အခကြေးငွေ နှုန်းထားများကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာခြင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အနည်းဆုံး အခကြေးငွေနှုန်းထားများကို သတ်မှတ်၍ အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း၊
(စ) ပုဒ်မခွဲ (င)အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်မည့် အဆိုပြု အနည်းဆုံး အခကြေးငွေနှုန်းထားများတွင် အလုပ်ကျွမ်းကျင်မှုအလိုက် အလုပ်ချိန်တစ်နာရီ၊ တစ်ရက်၊ ရက်သတ္တတစ်ပတ်၊ တစ်လအတွက် အခကြေးငွေ သို့မဟုတ် အခြားအချိန်ပိုင်း အလုပ်တစ်ခုခုအတွက် အခကြေးငွေနှုန်းထားကို လုပ်ငန်းခွင်ဘေးအန္တရာယ်ရှိနိုင်မှု အလားအလာအပေါ် လေ့လာစိစစ်ပြီး ထည့်သွင်းဖော်ပြခြင်း၊
(ဆ) အမျိုးသား ကော်မတီ၏ အဆိုပြု အနည်းဆုံးအခကြေးငွေ နှုန်းထားအပေါ် ကန့်ကွက်ချက်ရှိခဲ့လျှင် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ၏ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် ညှိနှိုင်းစေပြီး ပြန်လည်တင်ပြသည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို အမျိုးသားကော်မတီ၏ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် စိစစ်၍ သတ်မှတ်သင့်သော အနည်းဆုံးအခကြေးငွေ နှုန်းထားကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း၊
(ဇ) သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေနှုန်းထားကို ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအမျိုးအစားအလိုက်သော်လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ရှိနိုင်မှုတို့ကို ခွဲခြား၍ ပြောင်းလဲလာသော အခြေအနေအရပ်ရပ်တို့နှင့် အညီစိစစ်ပြီး နှစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ပြင်ဆင်သတ်မှတ်သည့် အမိန့် ‌ကြော်ငြာစာကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေညာခြင်း၊
(ည) အမျိုးသားကော်မတီ၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကို သတ်မှတ်ချက်များနှင့်အညီ ကျင်းပခြင်း၊
(ဋ) အမျိုးသားကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အခါအားလျော်စွာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း။

အခန်း(၄)

လုပ်ငန်းအမျိုးအစားများ သတ်မှတ်ခြင်း

၆။ အမျိုးသား ကော်မတီသည် ဤဥပဒေပါ အနည်းဆုံး အခကြေးငွေဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို နိုင်ငံတစ်ဝန်လုံး အတွက်ဖြစ်စေ၊ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသအလိုက်ဖြစ်စေ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ရမည်။ ထို့အပြင် အဆိုပါ လုပ်ငန်းများကို ပြောင်းလဲလာသော အခြေအနေနှင့်အညီ အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်နိုင်သည်။

အခန်း(၅)

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အခြေခံရမည့် အချက်များ

၇။အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်း‌ဒေသကြီးကော်မတီနှင့် ပြည်နယ်ကော်မတီများက လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုရာတွင်လည်းကောင်း၊ အမျိုးသားကော်မတီက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင်လည်းကောင်း အောက်ဖော်ပြပါ အချက်များကို အခြေခံရမည်-
(က) အလုပ်သမားများနှင့် ယင်းတို့၏မိသားစုလိုအပ်ချက်များ၊
(ခ) လက်ရှိ လုပ်ခများ၊
(ဂ) လူမှုဖူလုံရေး အကျိုးခံစားခွင့်များ၊
(ဃ) စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ်တို့၏ ပြောင်းလဲချက်များ၊
(င) လိုက်လျောညီထွေမှု ရှိမည့် လူနေမှုဘဝအဆင့်အတန်း၊
(စ) နိုင်ငံတော်၏ စီးပွား‌ရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး လိုအပ်ချက်များနှင့်အညီ အလုပ်အကိုင် အခွင့်အလမ်းများ၊
(ဆ) နိုင်ငံတော်၏ စုစုပေါင်း ထုတ်လုပ်မှု တန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေ၊
(ဇ) ကျန်းမာရေးကို ထိခိုက်စေနိုင်သော အသက်အန္တရာယ်ဖြစ်စေနိုင်သောအလုပ်၊ လုပ်ငန်းခွင်၏ သဘောသဘာဝ၊
(ဈ) ဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားအချက်များ။

အခန်း(၆)

အနည်းဆုံး အခကြေးငွေ သတ်မှတ်သည့်အမိန့် ကြော်ငြာစာထုတ်ပြန်ခြင်း

၈။ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ်ကော်မတီတို့သည် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အခြေခံသင့်သည့် အချက်များနှင့် ထည့်သွင်းစဉ်းစားရမည့် အချက်များကို လေ့လာပြီး သတ်မှတ်သင့်သည့်နှုန်းထားများကို အမျိုးသားကော်မတီသို့ သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အကြံပြုချက်များ တင်ပြရမည်။
၉။ အထူးစီးပွား‌ရေးဇုန်များရှိ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍-
(က) သက်ဆိုင်ရာ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက အထူးစီးပွားရေး ဇုန်အတွင်းရှိရင်းနှီးမြှပ်နှံမှု လုပ်ငန်းအမျိုးအစားအလိုက်အလုပ်သမားနှင့် ဝန်ထမ်းတို့အတွက် သတ်မှတ်သင့်သည့် အဆိုပြု အနည်းဆုံးအခကြေးငွေနှုန်းထားများကို အမျိုးသားကော်မတီသို့ တင်ပြရမ်။
(ခ) ပုဒ်မခွဲ (က)အရ တင်ပြချက်အပေါ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီက သတ်မှတ်ပေးရမည်။
၁၀။ အမျိုးသားကော်မတီသည်-
(က) ပုဒ်မ ၈ နှင့် ပုဒ်မ ၉ တို့အရ အကြံပြုချက်အပေါ် စဉ်းစားသုံးသပ်ပြီးနောက် အနည်းဆုံး အခကြေးငွေသတ်မှတ်မည့် အဆိုပြုအမိန့်ကြော်ငြာစာကို အများပြည်သူ သိရှိစေရန်နှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ရန် အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်၍ နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစာများတွင် ထည့်သွင်းထုတ်ပြန်ကြေညာရေးနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အလုပ်ရှင်များနှင့် အလုပ်သမားများအား အသိပေးအကြောင်းကြားရေးတို့အတွက် ဦးစီးဌာနကို တာဝန်ပေးရမည်။
(ခ) အဆိုပြု အနည်းဆုံး အခကြေးငွေ နှုန်းထားအပေါ် ကန့်ကွက်ချက် မရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူ၍ အနည်းဆုံးအခကြေးငွေနှုန်းထားကို သတ်မှတ်ရမည်။
(ဂ) အကယ်၍ အဆိုပြုအနည်းဆုံး အခကြေးငွေနှုန်းထားအပေါ် ကန့်ကွက်ချက်ရှိသည့် ကိစ္စတွင် ပြည်ထောင်စုနယ်မြေ‌ကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီအား ကန့်ကွက်ချက်နှင့် စပ်လျဉ်း၍ ညှိနှိုင်းစေပြီး အဆိုပြုနှုန်းထားကို ပြန်လည်တင်ပြစေရမည်။
(ဃ) သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီက ပုဒ်မခွဲ(ဂ)အရ ထပ်မံ အဆိုပြုတင်ပြသည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် စိစစ်၍ သတ်မှတ်သင့်သော အနည်းဆုံး အခကြေးငွေ နှုန်းထားကို ဆုံးဖြတ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူ၍ အနည်းဆုံးအခကြေးငွေ နှုန်းထားကို သတ်မှတ်ရမည်။
(င) ပုဒ်မခွဲ (ခ) သို့မဟုတ် (ဃ) အရ သတ်မှတ်သော အနည်းဆုံးအခကြေးငွေ နှုန်းထားကို ပုဒ်မခွဲ (က)နှင့်အညီ အများပြည်သူသိရှိရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အလုပ်ရှင်နှင့် အလုပ်သမားများ သိရှိရန် ထုတ်ပြန်ကြေညာရေးနှင့် အသိပေးအကြောင်းကြားရေးတို့အတွက် ဦးစီးဌာနကို တာဝန်ပေးရမည်။
၁၁။ ပုဒ်မ ၉ နှင့် ၁၀ တို့အရ အမျိုးသားကော်မတီက သတ်မှတ်သော အနည်းဆုံးအခကြေးငွေနှုန်းထားကို ကျေနပ်မှု မရှိသူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတို့နှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် အမိန့်တစ်ရပ်ရပ် ထုတ်၍ ပြင်ဆင်ပေးရန် လျှောက်ထားနိုင်သည်။

အခန်း(၇)

အလုပ်ရှင်၏တာဝန်များ

၁၂။ အလုပ်ရှင်သည်-
(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေအောက် လျော့နည်း၍ အလုပ်သမားအား အခကြေးငွေ‌ပေးခြင်း မပြုရ။
(ခ) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေထက် ပို၍ ပေးနိုင်သည်။
(ဂ) ဤဥပဒေအရ ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် အနည်းဆုံး အခကြေးငွေမှ နှုတ်ယူခွင့်ရှိသည်ဟု သတ်မှတ်ထားသော အခကြေးငွေမှ အပ အခြားအခကြေးငွေကို နှုတ်ယူခွင့် မရှိစေရ။
(ဃ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများအား အနည်းဆုံး အခကြေးငွေကို ငွေသားဖြင့် ပေးရမည်။ ထို့ပြင် သီးခြား အကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန် ရှိပါက သတ်မှတ်ချက်များနှင့်အညီ ငွေသားဖြင့် ဖြစ်စေ၊ အလုပ်သမား၏ ဆန္ဒအရ ငွေသားတစ်ချို့တစ်ဝက်နှင့် ဒေသပေါက်စျေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်း တစ်ချို့တစ်ဝက်တွဲဖက်၍ ပေးနိုင်သည်။
(င) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမားများအား အနည်းဆုံး အခကြေးငွေပေးရာတွင် ဒေသဓလေ့ထုံးတမ်းအရဖြစ်စေ၊ အလုပ်သမားအများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်းသဘောတူညီချက်အရဖြစ်စေ၊ ငွေသားတစ်ချို့တစ်ဝက်နှင့် ဒေသပေါက်စျေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်းတစ်ချို့တစ်ဝက်တွဲဖက်၍ ပေးနိုင်သည်။ ထိုသို့ ပေးခြင်းသည် အလုပ်သမားနှင့် ယင်း၏မိသားစု ကိုယ်ရေးကိုယ်တာ အသုံးပြုမှုနှင့် အကျိုးအမြတ်တစ်စုံတစ်ရာအတွက် ဖြစ်ရမည့်အပြင် ပေးသည့် တန်ဖိုးမှာလည်း ကျိုးကြောင်းဆီလျော်ပြီး မျှတရမည်။
၁၃။ အလုပ်ရှင်သည်-
(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေနှုန်းထားများအနက် လုပ်ငန်းနှင့် သက်ဆိုင်သော အနည်းဆုံး အခကြေးငွေ နှုန်းထားများကို အလုပ်သမားများအား အသိပေးရမည့်အပြင် လုပ်ငန်းခွင်တွင် သက်ဆိုင်ရာ အလုပ်သမားများ မြင်နိုင်စေရန် ကြော်ငြာထားရမည်။
(ခ) အလုပ်သမားမား၏ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို မှန်ကန်စွာ မှတ်တမ်းပြုစုထားရှိရမည်။
(ဂ) ပုဒ်မခွဲ (ခ)အရ ပြုစုထားရှိသော စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများကို သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ ဦးစီးဌာနသို့ အစီရင်ခံရမည်။
(ဃ) စစ်ဆေးရေးအရာရှိက စစ်ဆေးရန် ဆင့်ဆိုသည့်အခါ သွားရောက် စစ်ဆေးခံရမည်။
(င) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်များသို့ စစ်ဆေးရေးအရာရှိက ဝင်ရောက်စစ်ဆေးခြင်းကို ခွင့်ပြုရမည်ဖြစ်ပြီး လိုအပ်သော အကူအညီများ ပေးရမည်။
(စ) အလုပ်သမားများ ဖျားနာ၍ အလုပ်မလုပ်ကိုင်နိုင်သည့်အခါ သတ်မှတ်ချက်များနှင့်အညီ ဆေးကုသရန် အလုပ်နားခွင့်ပေးရမည်။
(ဆ) အလုပ်သမားများ၏ မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စ ဖြစ်သည့်အခါ အနည်းဆုံး အခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ သတ်မှတ်ချက်များနှင့်အညီ အလုပ်နားခွင့်ပေးရမည်။

အခန်း(၈)

အနည်းဆုံး အခကြေးငွေနှင့်စပ်လျဉ်း၍ အလုပ်သမားများ၏ အခွင့်အရေးအျား

၁၄။ ဤဥပဒေနှင့်သက်ဆိုင်သည့် လုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်နေသော အလုပ်သမားသည်-
(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေကို သော်လည်းကောင်း၊ ထိုအခကြေးငွေထက် အလုပ်ရှင်ကပို၍ ပေးပါက ပိုပေးသည့် အခကြေးငွေကို သော်လည်းကောင်း ရထိုက်ခွင့်ရှိသည်။
(ခ) ဤဥပဒေ အာဏာမတည်မီက ရရှိနေသော အခကြေးငွေသည် ဤဥပဒေအရ သတ်မှတ်သော အနည်းဆုံး အခကြေးငွေထက် ပိုမိုရရှိနေပါက ပိုမိုရရှိသော အခကြေးငွေကို ဆက်လက်ခံစားခွင့်ရှိသည်။
(ဂ) အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်ပါ အနည်းဆုံး အခကြေးငွေမှာ ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေထက် လျော့နည်းနေပါက ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေကို ရထိုက်ခွင့်ရှိသည်။
(ဃ) အလုပ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အလုပ်ကို လုပ်ကိုင်သည့်အခါ လုပ်ကိုင်သော အလုပ်အသီးသီးအတွက် သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေထက် မနည်းစေဘဲ ခံစားခွင့်ရှိသည်။
(င) အချိန်ပိုင်း၊ နာရီပိုင်း အလုပ်တွင် အလုပ်လုပ်သည့် အချိန်အတွက် သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေကို ခံစားခွင့်ရှိစေရမည်။
(စ) လစားအလုပ်အတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ရက် နားခွင့်ရှိပြီး ထိုနားရက်အတွက် အခကြေးငွေ ရထိုက်ခွင့်ရှိသည်။ အကယ်၍ ထိုနားရက်တွင် အလုပ်လုပ်ရပါက တည်ဆဲဥပဒေနှင့်အညီ အချိန်ပိုလုပ်ခ ရထိုက်ခွင့်ရှိသည်။
(ဆ) နေ့စားအလုပ်တွင် သတ်မှတ်ထားသည့် တစ်နေ့ အလုပ်ချိန် နာရီထက်လျော့၍ အလုပ်လုပ်ခြင်းမှာ အလုပ်သမား၏ ဆန္ဒအရ မဟုတ်လျှင် သော်လည်းကောင်း၊ အလုပ်ရှင်က အလုပ်မပေးနိင်၍ အလုပ်နားရလျှင်သော်လည်းကောင်း အချိန်ပြည့် အလုပ်လုပ်ဘိသကဲ့သို့ အခကြေးငွေ ရထိုက်ခွင့်ရှိသည်။
(ဇ) သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေကို အမျိုးသား၊ အမျိုးသမီ မခွဲခြားဘဲ ခံစားခွင့်ရှိစေရမည်။
(ဈ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်သော အလုပ်သမားဖြစ်ပါက အနည်းဆုံးအခကြေးငွေကို ငွေသားဖြင့် ရထိုက်ခွင့်ရှိသည်။ ထို့ပြင် သီးခြား အကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန်ရှိပါက သတ်မှတ်ချက်များနှင့်အညီ ငွေသားဖြင့်ဖြစ်စေ၊ အလုပ်သမားများ၏ ဆန္ဒအရ ငွေသားတစ်ချို့တစ်ဝက်နှင့် ဒေသပေါက်စျေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်းတစ်ချို့တစ်ဝက်တွဲဖက်၍ ဖြစ်စေ ရထိုက်ခွင့်ရှိသည်။
(ည) စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမားဖြစ်ပါက အနည်းဆုံး အခကြေးငွေကို ‌ဒေသ ဓလေ့ထုံးတမ်းအရဖြစ်စေ အလုပ်သမား အများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်းသဘောတူညီချက်အရဖြစ်စေ၊ ငွေသား တစ်ချို့တစ်ဝက်နှင့် ‌ဒေသပေါက်စျေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်း တစ်ချို့တစ်ဝက်တွဲဖက်၍ အလုပ်သမားနှင့် ၎င်း၏မိသားစုအတွက် သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။
၁၅။ ပုဒ်မ ၁၄အရ အခကြေးငွေနှင့် အခြားခံစားခွင့်များ ရထိုက်ခွင့်ရှိသော အလုပ်သမားသည်-
(က) ရထိုက်ခွင့်ရှိသော အခကြေးငွေနှင့် အခြားခံစားခွင့်အားလုံးကို မရရှိလျှင် သော်လည်းကောင်း၊ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေအောက် လျော့နည်း၍ ရရှိလျှင်သော်လည်းကောင်း အဆိုပါ နစ်နာသော အခကြေးငွေနှင့် အခြားခံစားခွင့်များ ရရှိရေးအတွက် ရထိုက်ခွင့်ရှိသည့်နေ့မှ တစ်နှစ်အတွင်း သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီနှင့် ဦးစီးဌာနသို့ တင်ပြနိုင်သည်။
(ခ) ရထိုက်ခွင့်ရှိသော အခကြေးငွေအားလုံးအတွက် တရားမကြောင်းအရ တရားစွဲဆိုနိုင်သည်။
၁၆။ ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေနှင့် အခြားခံစားခွင့်များကို အလုပ်သမားအားပေးရန် ပျက်ကွက်ခြင်းကြောင့် သော်လည်းကောင်း၊ ထိုအနည်းဆုံး အခကြေးငွေ ထက်လျော့နည်း၍ အလုပ်သမားအား ပေးခြင်းကြောင့် သော်လည်းကောင်း၊ အလုပ်ရှင်အပေါ် တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးနောက် ပေးရန် ပျက်ကွက်သော အခကြေးငွေနှင့် အခြားခံစားခွင့်ကို ဒဏ်ငွေအဖြစ် သက်ဆိုင်ရာ အလုပ်သမားအား ပေးစေရန် အမိန့်ချမှတ်စေကာမှု ပုဒ်မ ၁၄ အရ ထိုအလုပ်သမားသည် ခံစားခွင့်ရှိသော အခကြေးငွေနှင့် အခြားခံစားခွင့် အပြည့်အဝမရရှိပါက ထိုအခကြေးငွေနှင့် ခံစားခွင့်များ အတွက် တရားမကြောင်းအရ တရားစွဲဆိုတောင်းခံခွင့်ကို ထိခိုက်ခြင်း မရှိစေရ။

အခန်း(၉)

စစ်ဆေးရေး အရာရှိများအား တာဝန်ပေးအပ်ခြင်း၊ စစ်ဆေးခြင်းနှင့် အရေးယူခြင်း

၁၇။ ဝန်ကြီးဌာနသည် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်း၍ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း စစ်ဆေးရန်အလို့ငှာ သက်ဆိုင်ရာ ဦးစီးဌာနမှ အရာရှိများအား စစ်ဆေးရေးအရာရှိများအဖြစ် တာဝန်ပေးရမည်။
၁၈။ စစ်ဆေးရေး အရာရှိသည်-
(က) အလုပ်ရှင်က ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို လည်းကောင်း၊ အလုပ်သမားများဆိုင်ရာ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို မှန်ကန်စွာ မှတ်တမ်းပြုစုထားခြင်း ရှိ မရှိကို လည်းကောင်း၊ အဆိုပါ စာရင်း၊ ဇယားနှင့် စာတမ်း အမှတ်အသားများကို ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့် အညီအစီရင်ခံ တင်ပြခြင်း ရှိ မရှိကို လည်းကောင်း သက်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းခွင်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်များသို့ ဝင်ရောက်စစ်ဆေးခွင့်ရှိသည်။
(ခ) ဦးစီးဌာန၏ တာဝန်ပေးအပ်ချက်အရ သက်ဆိုင်သည့် ပုဂ္ဂိုလ်များအား ဆင့်ဆိုခြင်း၊ စစ်ဆေးခြင်း၊ သက်ဆိုင်ရာစာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများကို တောင်းခံခြင်းနှင့် မိတ္တကူးယူခြင်းတို့ ပြုနိုင်သည်။
(ဂ) အလုပ်ရှင်ထံတွင် ပြင်ပ အလုပ်သမားများ ရှိပါက ထိုပြင်ပ အလုပ်သမားများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ ယင်းတို့၏အမည်နှင့် နေရပ်လိပ်စာများကို စစ်ဆေးခွင့် လုပ်ငန်းခွင်ပြင်ပ အလုပ်သမားများ၏ စာရင်းနှင့် အခကြေးငွေဆိုင်ရာ စာရင်းဇယားမှတ်တမ်းများကို တောင်းခံခွင့်၊ မိတ္တကူးခွင့်ရှိသည်။
(ဃ) စစ်ဆေးခြင်းကိစ္စနှင့် စပ်လျဉ်း၍ ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ)တို့အရ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အလုပ်ရှင်က အထောက်အထားကို တောင်းဆိုပါက သက်ဆိုင်ရာ ဦးစီးဌာနက ထုတ်ပေးထားသည့် ဝန်ထမ်း စိစစ်ရေး သက်သေခံလက်မှတ်ကို ပြသရမည်။
(င) ပုဒ်မခွဲ (က)၊ (ခ)နှင့် (ဂ)တို့အရ စစ်ဆေးတွေ့ရှိချက်နှင့် တောင်းခံသည့် အထောက်အထား စာရွက်စာတမ်းများနှင့် စပ်လျဉ်း၍ ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့် အညီအစီရင်ခံရမည်။
၁၉။ ဦးစီးဌာနသည် ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေ ပေးဆောင်ရန် ပျက်ကွက်သည့် အလုပ်ရှင်ထံမှ လည်းကောင်း၊ အနည်းဆုံး အခကြေးငွေ ပေးဆောင်ရန် ကျန်ရှိသော အလုပ်ရှင်ထံမှ လည်းကောင်း အလုပ်သမားက ရရန်ရှိသော အခကြေးငွေများကို ပြည်ထာင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသို့ တင်ပြ၍ ထိုကော်မတီ၏ ဆုံးဖြတ်ချက်အရ တောင်းခံပြီး ပေးရမည်။
၂၀။ ဦးစီးဌာနသည် ပုဒ်မ ၁၉ အရ တောင်းခံသော်လည်း သတ်မှတ်ပေးသော အချိန်အတွင်း အလုပ်ရှင်က အနည်းဆုံးအခကြေးငွေပေးရန် ပျက်ကွက်လျှင် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ၏ သဘောတူညီချက်ဖြင့် ထိုအလုပ်ရှင်အား သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုစေရန် စစ်ဆေးရေးအရာရှိ တစ်ဦးဦးအား တာဝန်ပေးရမည်။
၂၁။ စစ်ဆေးရေးအရာရှိများသည် ဤဥပ‌ဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သူအား ဦးစီးဌာန၏ ညွှန်ကြားချက်နှင့် တာဝန်ပေးအပ်ချက်တို့အရ တရားစွဲဆိုနိုင်သည်။

အခန်း(၁၀)

တားမြစ်ချက်နှင့် ပြစ်ဒဏ်များ

၂၂။ မည်သည့် အလုပ်ရှင်မျှ-
(က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေကို အလုပ်သမားအား ပေးဆောင်ရန် ပျက်ကွက်ခြင်းမရှိစေရ။
(ခ) ပုဒ်မ ၁၄ အရ အလုပ်သမားရထိုက်ခွင့်ရှိသော အနည်းဆုံး အခကြေးငွေနှင့် အခြားခံစားခွင့်များအောက် လျော့နည်း၍ အလုပ်သမားအား ပေးခြင်းမပြုရ။
(ဂ) အလုပ်သမားများ၏ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေ စာရင်းများနှင့် စပ်လျဉ်း၍-
(၁) မမှန်မကန် ရေးသွင်းခြင်း၊ လိမ်လည်၍ မှတ်တမ်းပြုစုခြင်း သို့မဟုတ် မမှန်မကန် လိမ်လည်၍ အစီရင်ခံခြင်း မပြုရ။
(၂) သက်ဆိုင်ရာ ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံ တင်ပြရန် ပျက်ကွက်ခြင်းမရှိစေရ။
(၃) စစ်ဆေးရေးအရာရှိက တောင်းခံသည့်အခါ တင်ပြရန် ပျက်ကွက်ခြင်း မရှိစေရ။
(ဃ) စစ်ဆေးရေးအရာရှိက ဆင့်ဆိုလျှင် သွားရောက်စစ်ဆေးခံရန် ခိုင်လုံသော အကြောင်းမရှိဘဲ ပျက်ကွက်ခြင်းမရှိစေရ။
(င) တာဝန်အရ လာရောက်စစ်ဆေးသော စစ်ဆေးရေး အရာရှိအား ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုရ။

၂၃။ မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၂၂ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူသည် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်၅သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်းခံရမည်။

၂၄။ မည်သည့် အလုပ်ရှင်မျှ-
(က) အနည်းဆုံးအခကြေးငွေ အမိန့်ကြော်ငြာစာပါ စည်းကမ်းချက်ကို ဖောက်ဖျက်ခြင်းမပြုရ။
(ခ) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ နှုန်းထားများအနက် မိမိ၏ အလုပ်သမားများနှင့် သက်ဆိုင်သော အနည်းဆုံးအခကြေးငွေနှုန်းထားများနှင့် စပ်လျဉ်း၍ အလုပ်သမားများအား အသိပေးပြီး လုပ်ငန်းဌာနနှင့် လုပ်ငန်းခွင်တို့တွင် အလုပ်သမားများ မြင်နိုင်မည့်နေရာ၌ ကြော်ငြာထားရန် ပျက်ကွက်ခြင်း မရှိစေရ။

၂၅။ မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၂၄ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်၊ ထိုသူသည် ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်းခံရမည်။

၂၆။ တရားရုံးသည် ပုဒ်မ ၂၃ နှင့် ၂၅ တို့အရ ပြစ်ဒဏ်တစ်ရပ်ရပ်ကိုချမှတ်သည့်အခါ အလုပ်ရှင်ကပေးဆောင်ရန် ပျက်ကွက်သော အခကြေးငွေကို ငွေဒဏ်အဖြစ်ချမှတ်ပြီး အလုပ်သမားအား ပေးရမည်။

၂၇။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများနှင့် အမိန့်တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူသည် သုံးလ ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်းခံရမည်။

(အခန်း၁၁)

အထွေထွေ

၂၈။ ဤဥပဒေ အာဏာမတည်မီက ဖြစ်စေ၊ ဤဥပဒေ အာဏာတည်ပြီးနောက် ဖြစ်စေ ဤဥပဒေ အရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေအောက် လျော့နည်း၍ ချုပ်ဆိုထားသော အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်၊ အလုပ်ခန့်ထားမှုဆိုင်ရာ နှုတ်ပဋိညာဉ် သို့မဟုတ် သဘောသက်ရောက်သော ပဋိညာဉ်ပါ အခကြေးငွေနှင့် သက်ဆိုင်သမျှ သဘောတူညီချက်သည် ဤဥပဒေနှင့် ဆန့်ကျင်သမျှပျက်ပြယ်စေရမည်။

၂၉။ (က) နိုင်ငံဝန်ထမ်း မဟုတ်သော အမျိုးသားကော်မတီဝင်များသည် ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်သည့် ချီးမြှင့်ငွေနှင့် စရိတ်များကို ခံစားခွင့်ရှိသည်။
(ခ) နိုင်ငံဝန်ထမ်းမဟုတ်သော ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ်ကော်မတီ၏ အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

၃၀။ ဤဥပဒေပါ လုပ်ငန်းတာဝန်နှင့် စပ်လျဉ်းသည့် အမျိုးသားကော်မတီ၏ ကုန်ကျစရိတ် အဝဝကိုပြည်ထောင်စုအစိုးရအဖွဲ့၏ အရ အသုံးခန့်မှန်းခြေငွေစာရင်းမှ လည်းကောင်း၊ ပြည်ထောင်စုနယ်မြေကော်မတီ၏ ကုန်ကျစရိတ်အဝဝကို နေပြည်တော်ကောင်စီ၏ အရ အသုံး ခန့်မှန်းခြေငွေစာရင်းမှလည်းကောင်း၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ်ကော်မတီ၏ ကုန်ကျစရိတ် အဝဝကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အရ အသုံးခန့်မှန်းခြေငွေစာရင်းမှလည်းကောင်း၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ်ကော်မတီ၏ ကုန်ကျစရိတ် အဝဝကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အရ အသုံးခန့်မှန်းခြေငွေစာရင်းမှ လည်းကောင်းကျခံရမည်။

၃၁။ ဝန်ကြီးဌာနသည် အမျိုးသားကော်မတီနှင့် ပြည်‌ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် စက်လျဉ်းသည့် ရုံးလုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်ပေးရမည်။

၃၂။ ဤဥပဒေပါပြစ်မှုများကို ဦးစီးဌာနက တာဝန်ပေးအပ်သော စစ်ဆေးရေး အရာရှိကသာ သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုခွင့်ရှိသည်။

၃၃။ နိုင်ငံ့ဝန်ထမ်း မဟုတ်သော အမျိုးသားကော်မတီ၏ အဖွဲ့ဝင်များသည်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီဝင်များသည် လည်းကောင်း၊ ဤဥပဒေအရ လိုအပ်၍ သီးခြားတာဝန်ပေးသည့် ပုဂ္ဂိုလ်သို့မဟုတ် အခြားအဖွဲ့တစ်ခုခု၏ အဖွဲ့ဝင်များသည်လည်းကောင်း ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။

၃၄။ ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်သော ကော်မတီဝင်တစ်ဦးဦးကိုဖြစ်စေ၊ စစ်ဆေးရေးအရာရှိ တစ်ဦးဦးကိုဖြစ်စေ တရားမကြောင်းဖြင့် သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့် သော်လည်းကောင်း တရားစွဲဆိုခြင်းမပြုရ။

၃၅။ ဦးစီးဌာနသည် အနည်းဆုံး အခကြေးငွေနှင့် စပ်လျဉ်းသည့်အောက်ပါအချက်အလက်များကို ဝန်ကြီးဌာသို့ တင်ပြရမည်-
(က) အနည်းဆုံးအခကြေးငွေ သတ်မှတ်သည့် ကော်မတီများ ဖွဲ့စည်းခြင်းနှင့် ဖွဲ့စည်းပုံ နည်းလမ်းများ၊
(ခ) အနည်းဆုံးအခကြေးငွေနှင့် သက်ဆိုင်သည့် လုပ်ငန်းများနှင့် ခန့်မှန်းအလုပ်သမားဦးရေ၊
(ဂ) သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေများ၊
(ဃ) အနည်းဆုံးအခကြေးငွေ နှုန်းထားများနှင့် စပ်လျဉ်း၍ အခြားအရေးကြီးသော ကိစ္စများရှိပါက ထိုကိစ္စများ။
၃၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်း‌ဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) အမျိုးသားကော်မတီနှင့် ဝန်ကြီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၃၇။ ဤဥပဒေစတင်အာဏာတည်သည့်နေ့မှစ၍ အောက်ပါ အက်ဥပဒေများကို အာဏာတည်ခြင်းမှ ရပ်စဲစေရမည်-
(က) ၁၉၄၉ ခုနှစ်၊ အနည်းဆုံး အခကြေးငွေအက်ဥပဒေ (၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၆၆)
(ခ) လယ်ယာအလုပ်သမား အနည်းဆုံး အခကြေးငွေ (၁၉၄၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၄)

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ)
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်