Back

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်‌ထောင်စုလွှတ်တော်ဥပဒေအမှတ် ၈။)

၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၁၀ရက်

(၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်)

 ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ ဟုခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -
(က) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။
(ခ) အလုပ်သမား ဆိုသည်မှာ ဤဥပဒေနှင့် သက်ဆိုင်သော လုပ်ငန်းခွင်တစ်ခုခုတွင် ကာယအား၊ ဉာဏအားကို အသုံးပြုပြီး လုပ်ကိုင်သူကို ဆိုသည်။
(ဂ) အလုပ်ရှင် ဆိုသည်မှာ ဤဥပ‌ဒေနှင့် သက်ဆိုင်သော လုပ်ငန်းနှင့် ယင်းလုပ်ငန်း၏ လုပ်ငန်းခွင်တစ်ခုခုတွင် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများအတွက် ခွင့်ပြုထားသောခံစားခွင့်နှင့် အလုပ်ရှင်အတွက် သတ်မှတ်ထားသော တာဝန်များကို ဆောင်ရွက်ပေးရန် တာဝန်ရှိသူကိုဆိုသည်။ ယင်းစကားရပ်တွင် လုပ်ငန်းတည်ထောင်သူ၊ ပင်မကန်ထရိုက်တာနှင့် တစ်ဆင့်ခံကန်ထရိုက်တာ၊ ကိုယ်တိုင်လုပ်ကိုင်သူ၊ အလုပ်ရှင်၏တရားဝင် စီမံခန့်ခွဲမှုဆိုင်ရာကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စား အလုပ်သမားအား စီမံအုပ်ချုပ်ရန် တာဝန်ရှိသူ၊ အလုပ်ရှင်၏ အမွေဆက်ခံသူ၊ အစုရှယ်ယူတရားဝင်လက်ခံရရှိသူ၊ ကုမ္ပဏီ၊ ကော်ပိုရေးရှင်း၊ ဖက်စပ်လုပ်ငန်းတစ်ခုခုဖြစ်ပါက ဤဥပဒေပါ အလုပ်ရှင်တာဝန်များကို ဆောင်ရွက်ပေးရန် မှတ်ပုံတင်အမည်စာရင်းတင်သွင်းသူတို့လည်း ပါဝင်သည်။
(ဃ) လုပ်ငန်းခွင် ဆိုသည်မှာ အခန်း(၃)ပါ လုပ်ငန်းတစ်ခုခု၏ မည်သည့်လုပ်ငန်းစဉ်ကိုမဆို လုပ်ကိုင်ဆောင်ရွက်သည့်နေရာကို ဆိုသည်။
(င) လုပ်ငန်းခွင်ထိခိုက်မှု ဆိုသည်မှာ လုပ်ငန်းကြောင့်ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်နေစဉ်ဖြစ်စေ ပေါ်ပေါက်သည့် ထိခိုက်ဒဏ်ရာရရှိစေမှု သို့မဟုတ် သေဆုံးမှုကို ဆိုသည်။
(စ) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များဖြင့် ဖွဲစည်းသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကောင်စီကို ဆိုသည်။
(ဆ) လုပ်ငန်းခွင်ဆိုင်ရာရောဂါ ဆိုသည်မှာ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အန္တရာယ်ရှိသည့် အခြေအနေများနှင့် ထိတွေ့ခြင်း (exposure)ကြောင့် စွဲကပ်သည့် ရောဂါအဖြစ် ကောင်စီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်သည့် ရောဂါတစ်မျိုးမျိုးကို ဆိုသည်။
(ဇ) လုပ်ငန်းခွင်အဆိပ်သင့်မှု ဆိုသည်မှာ လုပ်ငန်းခွင်အတွင်းရှိနေစဉ် သို့မဟုတ် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အန္တရာယ်ရှိသည့် အခြေအနေများနှင့် ထိတွေ့ခြင်းကြောင့် ဖြစ်ပွားသည့် အဆိပ်သင့်မှုအဖြစ် ကောင်စီက အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်သည့် အဆိပ်သင့်မှုတစ်မျိုးမျိုးကို ဆိုသည်။
(ဈ) ဘေးအန္တရာယ်ရှိသောဖြစ်ရပ် ဆိုသည်မှာ လုပ်ငန်းခွင်အတွင်း ရှိနေသူများကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ ထိခိုက်ဒဏ်ရာရရှိစေခြင်းသော်လည်းကောင်း၊ ရောဂါရရှိစေခြင်း သော်လည်းကောင်း ဖြစ်တန်ရာရှိသည်ဟု ကောင်စီက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် ဖြစ်ရပ်တစ်မျိုးမျိုးကို ဆိုသည်။
(ည) ဘေးအန္တရာယ်ရှိသောပစ္စည်း ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက ဘေးအန္တရာယ်ရှိသော ပစ္စည်းအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် ပစ္စည်းတစ်မျိုးမျိုးကို ဆိုသည်။
(ဋ) ဘေးအန္တရာယ်ရှိသောစက်ကိရိယာ ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက ဘေးအန္တရာယ်ရှိသော စက်ကိရိယာအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် စက်ကိရိယာ တစ်မျိုးမျိုးကို ဆိုသည်။
(ဌ) ‌ဘေးအန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင် ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက ‌ဘေးအန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်အဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်သည့် အလုပ်နှင့် လုပ်ငန်းခွင်တစ်မျိုးမျိုးကို ဆိုသည်။
(ဍ) ကြီးအားပြင်းထန်သော လုပ်ငန်းခွင်ထိခိုက်မှု ဆိုသည်မှာ လုပ်ငန်းစဉ်ကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်ရှိသော ပစ္စည်းနှင့် ဘေးအန္တရာယ်ရှီသော စက်ကိရိယာများကြောင့် ဖြစ်စေ လုပ်ငန်းခွင်အတွင်းရှိနေသူများ၊ လုပ်ငန်းခွင်ပြင်ပရှိနေသူများနှင့် ပတ်ဝန်းကျင်တို့ကို ချက်ချင်း သို့မဟုတ် အချိန်ကာလတစ်ခုအတွင်း ဆိုးရွားပြင်းထန်သော အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် ပေါက်ကွဲမှု၊ လွင့်စင်မှု၊ ယိုစိမ့်မှု၊ မီးလောင်မှု၊ ပြိုကျမှုစသည့် ဖြစ်ရပ်တစ်ခုခုကို ဆိုသည်။
(ဎ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ဆိုသည်။
(ဏ) ဦးစီးဌာန ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို ဆိုသည်။
(တ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
(ထ) စစ်ဆေးရေးအရာရှိချုပ် ဆိုသည်မှာ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်
(ဒ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ ဦးစီးဌာနမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးရေးအရာရှိကို ဆိုသည်။
(ဓ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံ ဆိုသည်မှာ လုပ်ငန်းခွင်အလိုက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလုပ်ရှင်က ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ မန်နေဂျာ သို့မဟုတ် အရာရှိ သို့မဟုတ် ကြီးကြပ်ရေးမှူး သို့မဟုတ် ညှိနှိုင်းရေးမှူး တစ်ဦးဦးကို ဆိုသည်။
(န) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ ဆိုသည်မှာ လုပ်ငန်းခွင်အလိုက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလုပ်ရှင်က ဤဥပဒေအရ ဖွဲ့စည်းသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီကို ဆိုသည်။
(ပ) မှတ်ပုံတင်ဆရာဝန် ဆိုသည်မှာ မြန်မာနိုင်ငံဆေးကောင်စီ သို့မဟုတ် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီက ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်ရရှိထားသူ တစ်ဦးဦးကို ဆိုသည်။
(ဖ) အသိအမှတ်ပြုဆရာဝန် ဆိုသည်မှာ လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ လက်မှတ်ရရှိပြီး ဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် မှတ်ပုံတင်ဆရာဝန် တစ်ဦးဦးကို ဆိုသည်။
(ဗ) စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ ဆိုသည်မှာ ဘေးအန္တရာယ်ရှိသော စက်ကိရိယာများနှင့် စပ်လျဉ်း၍ စမ်းသပ်စစ်ဆေးပြီး ဘေးအန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးရန် စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူအဖြစ် သတ်မှတ်ချက်များနှင့် အညီ ညွှန်ကြားရးမှူးချုပ်က အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသူကို ဆိုသည်။
(ဘ) သင်တန်းပေးသူ ဆိုသည်မှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချရန် ညွှန်ကြားရေးမှူးချုပ်က စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသူကို ဆိုသည်။
(မ) သင်တန်းကျောင်းတည်ထောင်သူ ဆိုသည်မှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားရန် ငွေကြေး၊ မြေနေရာ၊ အဆောက်အဦ၊ ပစ္စည်း၊ ပရိဘောဂ စသည့် အရင်းအနှီးစိုက်ထုတ်ထားသောသူကို ဆိုသည်။
(ယ) သင်တန်းကျောင်း ဆိုသည်မှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်သင်ကြားရန် ညွှန်ကြားရေးမှူးချုပ်က သင်တန်းကျောင်းအဖြစ် မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသည့် ကျောင်းကိုဆိုသည်။
(ရ) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် သင်တန်းကျောင်းကို ညွှန်ကြားရေးမှူးချုပ်က အသိအမှတ်ပြုထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။
(လ) အသိအမှတ်ပြုလက်မှတ် ဆိုသည်မှာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် သင်တန်းကျောင်းကို ညွှန်ကြားရေးမှူးချုပ်က အသိအမှတ်ပြုထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။
(ဝ) ထုတ်လုပ်သူ ဆိုသည်မှာ ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွင် တစ်ခုခု၌ အသုံးပြုမည့် ဘေးအန္တရာယ်ရှိသော ပစ္စည်းကိုဖြစ်စေ၊ ဘေးအန္တရာယ်ရှိသော စက်ကိရိယာကိုဖြစ်စေ ထုတ်လုပ်သူကို ဆိုသည်။
(သ) တင်သွင်းရောင်းချသူ ဆိုသည်မှာ ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွင်တစ်ခုခု၌ အသုံးပြုမည့် ဘေးအန္တရာယ်ရှိသော ပစ္စည်းကိုဖြစ်စေ၊ ဘေးအန္တရာယ်ရှိသော စက်ကိရိယာကိုဖြစ်စေ ပြည်ပမှ တိုက်ရိုက်တင်သွင်းခြင်း သို့မဟုတ် ရောင်းချခြင်း ပြုသူကိုဆိုသည်။
(ဟ) တပ်ဆင်သူ သို့မဟုတ် ဖြုတ်သိမ်းသူ ဆိုသည်မှာ ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းသို့မဟုတ် လုပ်ငန်းခွင်တစ်ခုခု၌ အသုံးပြုမည့်ဘေးအန္တရာယ်ရှိသော စက်ကိရိယာ တစ်မျိုးမျိုးကို တပ်ဆင်ခြင်း သို့မဟုတ် ဖြုတ်သိမ်းခြင်း ပြုသူကို ဆိုသည်။
(ဠ) တည်ဆောက်သူ သို့မဟုတ် ဖြိုဖျက်သူ ဆိုသည်မှာ ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွင် တစ်ခုခုရှိ အလုပ်ရုံ အဆောက်အဦတစ်ခုခုကို တည်ဆောက်ခြင်း သို့မဟုတ် ဖြိုဖျက်ခြင်း ပြုသူကို ဆိုသည်။
(အ) လုပ်ငန်းစဉ် ဆိုသည်မှာ ဤဥပဒေနှင့် အကျုံးဝင်သော လုပ်ငန်းခွင်တစ်ခုခု၌ လုပ်ကိုင်သည့် မည်သည့်လုပ်ငန်းစဉ်ကိုမဆို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှ အောက်ပါအတိုင်းဖြစ်သည်-
(က) လုပ်ငန်းကဏ္ဍအသီးသီး၌ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊
(ခ) လုပ်ငန်းခွင်ထိခိုက်မှု၊ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါခံစားရမှုများ လျော့နည်းပပျောက်စေရန် အလုပ်ရှင်နှင့် အလုပ်သမားအပါအဝင် ဤဥပဒေပါ သက်ဆိုင်သူများ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရန်၊
(ဂ) လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ လုပ်ငန်းခွင်ဆိုင်ရာရောဂါများအပေါ် အလုပ်ရှင်၊ အလုပ်သမားများနှင့် ဤဥပဒေပါ သက်ဆိုင်သူများက ကြိုတင်တားဆီးကာကွယ်မှုပြုနိုင်ရန်၊
(ဃ) လုပ်ငန်းခွင် ထိခိုက်မှုများ၊ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းဖြင့် အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာစွာ လုပ်ကိုင်နိုင်စေရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်လာစေရန်၊
(င) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်းများအား နိုင်ငံတကာနှင့် ဒေသဆိုင်ရာ စံနှုန်းများနှင့်အညီ မိမိနိုင်ငံအခြေအနေနှင့် သင့်လျော်သော စံချိန်စံညွှန်းသတ်မှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့် ညီညွှတ်သော လုပ်ငန်းခွင် ဖန်တီးပေးရန်၊
(စ) လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများကို ထောက်ပံ့ကူညီပေးရန်။

အခန်း(၃)

အကျုံးဝင်သက်ဆိုင်သည့် လုပ်ငန်းများ သတ်မှတ်ခြင်းနှင့် ပယ်ဖျက်ဖြင်း

၄။ ဤဥပဒေသည် အောက်ဖော်ပြပါ အစိုးရဌာန၊ အဖွဲ့အစည်း၊ သမဝါယမ၊ ပုဂ္ဂလိက၊ ဖက်စပ်လုပ်ငန်းများရှိ နိုင်ငံသား၊ နိုင်ငံခြားသားပိုင်ဆိုင်သည့် လုပ်ငန်းများနှင့် သက်ဆိုင်စေရမည်-
(က) ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်သည့် စက်ရုံ၊ အလုပ်ရုံနှင့် သိုလှောင်ရုံများ၊
(ခ) ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေနှင့် အကျုံးဝင်သက်ဆိုင်သည့်လုပ်ငန်းများ၊
(ဂ) ကုန်ထုတ်လုပ်ငန်း၊
(ဃ) စက်မှုလက်မှုလုပ်ငန်း၊
(င) ဆောက်လုပ်ရေးလုပ်ငန်း၊
(စ) အင်ဂျင်နီယာလုပ်ငန်းများ၊
(ဆ) သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် ထပ်ဆင့်ပြုပြင်ခြင်းလုပ်ငန်း၊ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေးနှင့် ထပ်ဆင့်ပြုပြင်ခြင်းလုပ်ငန်းများ၊
(ဇ) ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊
(ဈ) ဆိပ်ကမ်းလုပ်ငန်း၊
(ည) စိုက်ပျိုးရေးလုပ်ငန်း၊
(ဋ) မွေးမြူရေးလုပ်ငန်း၊
(ဌ) ပင်လယ်ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း၊
(ဍ) ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊
(ဎ) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊
(ဏ) ဆက်သွယ်ရေးလုပ်ငန်း၊
(တ) သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊
(ထ) ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊
(ဒ) ဝန်ကြီးဌာနက သက်ဆိုင်ရာဝန်ကြီးဌာန၊ ကော်မတီ၊ အဖွဲ့တို့နှင့် ညှိနှိုင်း၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းများအဖြစ် အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် လုပ်ငန်းများ။
၅။ ဝန်ကြီးဌာနသည် ပုဒ်မ ၄ ပါ အကျုံးဝင်သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ကော်မတီ၊ အဖွဲ့တို့နှင့် ညှိနှိုင်း၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် -
(က) စစ်ဆေးစည်းကြပ်ရမည့် နယ်မြေဒေသ၊ လုပ်ငန်းအမျိုးအစားနှင့် အရွယ်အစားတို့ကို အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာရမည်၊
(ခ) ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

အခန်း(၄)

ကောင်စီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၆။ အစိုးရအဖွဲ့သည်-
(က) ကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(၁) ပြည်ထောင်စုဝန်ကြီးဌာန ဥက္ကဋ္ဌ
(၂) ညွှန်ကြားရေးမှူးချုပ်၊ အဆောက်အဦဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၃) ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အဖွဲ့ဝင်
(၄) ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အဖွဲ့ဝင်
(၅) ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အဖွဲ့ဝင်
(၆) ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အဖွဲ့ဝင်
(၇) ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၈) ညွှန်ကြားရေးမှူးချုပ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊စက်မှုဝန်ကြီးဌာန အဖွဲ့ဝင်
(၉) ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၁၀) ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အဖွဲ့ဝင်
(၁၁) ညွှန်ကြားရေးမှူးချုပ်၊ လူမှုဖူလုံရေးအဖွဲ့၊ ဝန်ကြီးဌာန အဖွဲ့ဝင်
(၁၂) ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၁၃) ညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(၁၄) အလုပ်ရှင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်သုံးဦး အဖွဲ့ဝင်
(၁၅) အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်သုံးဦး အဖွဲ့ဝင်
(၁၆) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူ သုံးဦး အဖွဲ့ဝင်
(၁၇) ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန၊ ဝန်ကြီးဌာန တွဲဖက် အတွင်းရေးမှူး
(၁၈) ညွှန်ကြားရေးမှူချုပ်၊ ဦးစီးဌာန၊ ဝန်ကြီးဌာန အတွင်းရေးမှူး
(ခ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းသော ကောင်စီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၇။ ကောင်စီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် မူဝါဒများနှင့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ အကဲဖြတ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ခြင်း၊
(ခ) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတို့အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊
(ဂ) လုပ်ငန်းခွင်ဆိုင်ရာ ရောဂါ၊ လုပ်ငန်းခွင် အဆိပ်သင့်မှု၊ ဘေးအန္တရာယ်ရှိသောဖြစ်ရပ်၊ ဘေးအန္တရာယ်ရှိသော ပစ္စည်း၊ ဘေးအန္တရာယ်ရှိသော စက်ကိရိယာ၊ ဘေးအန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်ဆိုင်ရာစာရင်းနှင့် ဘေးအန္တရာယ်ရှိသော ပစ္စည်းများ၏ အန္တရာယ်ရှိမှုအဆင့် သတ်မှတ်ချက်များကို အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ခြင်း၊
(ဃ) လုပ်ငန်းခွင် ထိခိုက်မှု၊ လုပ်ငန်းခွင်ဆိုင်ရာ ‌ရောဂါဖြစ်ပွားမှု၊ လုပ်ငန်းခွင် အဆိပ်သင့်မှု၊ ကြီးမားပြင်းထန်သော လုပ်ငန်းခွင် ထိခိုက်မှု၊ ဘေးအန္တရာယ်ရှိသော ဖြစ်ရပ်များနှင့် စပ်လျဉ်းသည့် စာရင်းဇယားနှင့် သတင်းအချက်အလက်များ စုစည်းခြင်း၊ မဖြစ်ပွားစေရေး ကာကွယ်ဆောင်ရွက်ထားမှုများကို ထုတ်ပြန်ခြင်း၊
(င) ပညာရေးနှင့် လေ့ကျင့်သင့်ကြားရေးကဏ္ဍအသီးသီးတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များ ထည့်သွင်းပို့ချရန် လမ်းညွှန်ခြင်း၊
(စ) ပုဒ်မ ၄၄ နှင့် ၄၅ တို့အရ တင်သွင်းသည့် အယူခံမှုများအား ကြားနာစစ်ဆေးရန် ဥက္ကဋ္ဌက ရွေးချယ်တာဝန်ပေးအပ်သည့် ကောင်စီအဖွဲ့ဝင်များဖြင့် အယူခံကော်မတီနှင့် လိုအပ်သည့် လုပ်ငန်းကော်မတီများအား ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန် သတ်မှတ်ခြင်း၊
(ဆ) မိမိ၏ လုပ်ငန်းတာဝန်များ ‌ဆောင်ရွက်ချက်အစီရင်ခံစာကို အစိုးရအဖွဲ့သို့ တင်ပြခြင်း။

အခန်း(၅)

မှတ်ပုံတင်ခြင်း

၈။ (က) ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းတစ်ခုခုကို လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသူနှင့် စတင်လုပ်ကိုင်လိုသူတို့သည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရမည်။
(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က)အရ မှတ်ပုံတင်ထားသည့် လုပ်ငန်းများအား စာရင်းပြုစုထားရှိရမည်။
၉။ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လိုသူသည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအလို့ငှာ ဆောင်ရွက်လုပ်ကိုင်မည်ဖြစ်ကြောင်း ဦးစီးဌာနသို့ အကြောင်းကြားရမည် -
(က) အလုပ်ရုံ သို့မဟုတ် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ ဖြိုဖျက်ခြင်း၊
(ခ) လုပ်ငန်းစဉ်အလိုက် စက်ကိရိယာများ နေရာချထားခြင်း၊ တပ်ဆင်ခြင်း၊ တိုးချဲ့ခြင်း သို့မဟုတ် ပြောင်းလဲအသုံးပြုခြင်း။
၁၀။ ပုဒ်မ ၈၊ ပုဒ်မခွဲ (က)အရ မှတ်ပုံတင်ပြီး လုပ်ကိုင်သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းပြီးဆုံးခြင်း၊ ပိတ်သိမ်းခြင်း၊ လုပ်ငန်းနေရာ ပြောင်းရွှေ့လုပ်ကိုင်ခြင်း၊ လုပ်ငန်းအမျိုးအစား ပြောင်းလဲလုပ်ကိုင်ခြင်း သို့မဟုတ် အလုပ်ရှင် ပြောင်းလဲခြင်းရှိပါက ဦးစီးဌာနသို့ အကြောင်းကြားရမည်။
၁၁။ ဦးစီးဌာနသည် လုပ်ငန်းပြီးဆုံးခြင်း၊ ပိတ်သိမ်းခြင်း၊ လုပ်ငန်းနေရာ ပြောင်းရွှေ့လုပ်ကိုင်သည့် လုပ်ငန်းများကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း၊ လုပ်ငန်းအမျိုးအစား ပြောင်းလဲလုပ်ကိုင်ခြင်း၊ အလုပ်ရှင်ပြောင်းလဲခြင်းတို့အတွက် မှတ်ပုံတင်စာရင်းတွင် ပြင်ဆင်စာရင်းသွင်းခြင်း ပြုရမည်။

အခန်း(၆)

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံများခန့်အပ်တာဝန်ပေးခြင်း၊

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီများဖွဲ့စည်းခြင်း

၁၂။ အလုပ်ရှင်သည် -
(က) ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းအမျိုးအစားအလိုက် အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေး ကောင်းမွန်စေရေး အနီးကပ် ကြီးကြပ်ဆောင်ရွက်နိုင်ရန် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံကို ခန့်ထားရမည်။
(ခ) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် လုပ်ငန်းခွင်ဖြစ်စေရန် ဝန်ကြီးဌာနက သတ်မှတ်သော အလုပ်သမားဦးရေအောက် မနည်းသော လုပ်ငန်းများတွင် လုပ်ငန်းအမျိုးအစားအလိုက် အရေအတွက် တူညီသော အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ အသီးသီးကို ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းရမည်။ ထိုသို့ ဖွဲ့စည်းရာတွင် လုပ်ငန်းခွင် သဘောသဘာဝအရ အမျိုးသမီးများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအပေါ်ထည့်သွင်းစဉ်းစား၍ ဖွဲ့စည်းရမည်။
၁၃။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ အသီးသီး၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ထိခိုက်စေနိုင်မည့် အခြေအနေများကို ပုံမှန်စစ်ဆေး၍ ပြန်လည်သုံးသပ်ချက်များကို သက်ဆိုင်ရာ ကော်မတီ အစည်းအဝေး၌ တင်ပြခြင်း၊
(ခ) လုပ်ငန်းခွင် ထိခိုက်မှုများမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်မှုနှင့် အသိပညာပေးမှု၊ အစီအမံများ ချမှတ်ဆောင်ရွက်ရန် အလုပ်ရှင်အား အကြံပြုခြင်း၊
(ဂ) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အခြေအနေများတိုးတက်ကောင်းမွန်စေရန် သင်တန်းပို့ချရေးနှင့် အထောက်အပံ့ပစ္စည်းများ ရရှိစေရေး အလုပ်ရှင်နှင့် အလုပ်သမားအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊
(ဃ) သက်ဆိုင်ရာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်အကဲဖြတ်ဆန်းစစ်မှုအား စိစစ်ကြီးကြပ်ခြင်း၊
(င) ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့က သတ်မှတ်သည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း။
၁၄။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံများသည် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် လုပ်ငန်းခွင်ဖြစ်စေရန် ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

အခန်း (၇)

စစ်ဆေးရေးအရာရှိများခန့်ထားခြင်း၊ စစ်ဆေးရေးအရာရှိချုပ်နှင့် စစ်ဆေး‌ရေးအရာရှိ၏ အခွင့်အာဏာနှင့် လုပ်ငန်းတာဝန်များ

၁၅။ ဝန်ကြီးဌာနသည် ဤဥပဒေပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် စစ်ဆေးရေး အရာရှိများကို လိုအပ်သလို ခန့်အပ်နိုင်သည်။
၁၆။ စစ်ဆေးရေးအရာရှိများသည် ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းခွင်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အခြေအနေများကို ဝင်ရောက်စစ်ဆေးပြီး သက်ဆိုင်ရာ အလုပ်ရှင်အား လိုက်နာ‌ဆောင်ရွက်ရမည့် အချက်များကို ညွှန်ကြားခြင်း၊ စစ်ဆေးရေးအရာရှိချုပ်ထံ အစီရင်ခံတင်ပြခြင်းတို့ ‌ဆောင်ရွက်ရမည်။
၁၇။ စစ်ဆေးရေးအရာရှိများသည် ကျင့်ဝတ်နှင့်အညီ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတို့အတွက် အောက်ပါတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်-
(က) ဤဥပဒေနှင့်သက်ဆိုင်သည့် မည်သည့် လုပ်ငန်းခွင်ကိုမဆို စစ်ဆေးရေးအရာရှိ သက်သေခံကတ်ပြားကို ပြသပြီး ဝရမ်းမပါဘဲ အချိန်မရွေးဝင်ရောက်ခွင့်၊ စစ်ဆေးခွင့်နှင့် စုံစမ်းမေးမြန်းခွင့်၊
(ခ) လုပ်ငန်းခွင်နှင့် လုပ်ငန်းစဉ်ဆိုင်ရာမှတ်တမ်းများ၊ စာရွက်စာတမ်းများ၊ အထောက်အထားများကို ကြည့်ရှုခွင့်၊ မိတ္တူကူးယူခွင့်၊ လိုအပ်ပါက သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခွင့်၊
(ဂ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းခွင်အခြေအနေများ၊ လုပ်ငန်းစဉ်များကို ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းရယူခွင့်၊
(ဃ) ဆူညံသံ၊ အလင်းရောင်၊ အပူ၊ အအေး၊ အမှုန်အမွှား၊ အခိုးအငွေ့များနှင့် ဘေးအန္တရာယ် ရှိသော ပစ္စည်းများကြောင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်အား ထိခိုက်နိုင်မှုပမာဏနှင့် အချိန်အား လိုအပ်ပါက သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သူ၏ အကူအညီဖြင့် အကဲဖြတ်တိုင်းတာခွင့်၊ မှတ်တမ်းများရယူခွင့်၊
(င) လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှု သို့မဟုတ် ရရှိနိုင်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ အသိအမှတ်ပြု၍ ဆရာဝန်၏ အကူအညီဖြင့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် မည်သူကိုမဆို အလုပ်ချိန်အတွင်း စုံစမ်းမေးမြန်းခွင့်၊
(စ) လုပ်ငန်းခွင် ထိခိုက်မှုကြောင့်ဖြစ်စေ၊ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှုကြောင့်ဖြစ်စေ ဆေးကုသမှုခံယူနေသော အလုပ်သမားနှင့် ပတ်သက်သည့် ဆေးကုသမှုဆိုင်ရာအချက်အလက်များ သို့မဟုတ် သေဆုံးမှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ ရင်ခွဲစမ်းသပ်စစ်ဆေးချက် အစီရင်ခံစာမှ ဦးစီးဌာန၏ သတ်မှတ်ပုံစံဖြင့် တောင်းခံသည့် အချက်အလက်များကို သတ်မှတ်လုံခြုံမှုအဆင့်အတန်းဖြင့် ပေးပို့ရန် ဆေးရုံ၊ ဆေးခန်းများမှ တာဝန်ရှိသူထံမှ တောင်းဆိုခွင့်။
၁၈။ စစ်ဆေးရေး အရာရှိများသည် အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့် လုပ်ငန်းခွင်ထိခိုက်မှု၊ လုပ်ငန်းခွင်ဆိုင်ရာရောဂါ၊ ဘေးအန္တရာယ်ရှိသော ဖြစ်ရပ်၊ ကြီးမားပြင်းထန်သော လုပ်ငန်းခွင်ထိခိုက်မှုများ ဖြစ်ပွားခြင်း သို့မဟုတ် ဖြစ်ပွားနိုင်မည်ဟု ယုံကြည်ပါက လုပ်ငန်းခွင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ယာယီရပ်နားစေရန် အမိန့်ကို စစ်ဆေးရေးအရာရှိချုပ်၏ အတည်ပြုချက်ဖြင့် အလုပ်ရှင်အား ထုတ်ဆင့်ရမည်ဖြစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာဦးစီးဌာနများသို့ အကြောင်းကြားရမည်_
(က) ဘေးအန္တရာယ်မကင်းသော လုပ်ငန်းခွင်အခြေအနေကြောင့်ဖြစ်စေ၊ အလုပ်သမားများ ဘေးအန္တရာယ်မကင်းစွာ လုပ်ကိုင်နေမှုကြောင့်ဖြစ်စေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ရှိသောပစ္စည်းနှင့် ဘေးအန္တရာယ်ရှိသော စက်ကိရိယာများရှိနေခြင်းကြောင့်ဖြစ်စေ၊ လုပ်ငန်းခွင်၊ စက်အစိတ်အပိုင်း သို့မဟုတ် စက်ကိရိယာနေရချထားပုံနှင့် အလုပ်လုပ်ဆောင်ပုံကြောင့်ဖြစ်စေ လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် မသင့်ခြင်း၊
(ခ) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ချိုးဖောက်ခြင်း သို့မဟုတ် မလိုက်နာခြင်းကြောင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် မသင့်ခြင်း၊
(ဂ) သူတစ်ဦးဦး၏ လုပ်ဆောင်ချက်ကြောင့်ဖြစ်စေ၊ လုပ်ဆောင်ရန် ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ဂရုမစိုက်မှုကြောင့်ဖြစ်စေ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသူတို့အား အန္တရာယ်ဖြစ်စေနိုင်သည်ဟု ယူဆခြင်း၊
(ဃ) လုပ်ငန်းခွင်ထိခိုက်မှု အန္တရာယ်ဖြစ်ပွားမည့် ဆဲဆဲအခြေအနေကြောင့် အလုပ်သမားများအား ဘေးအန္တရာယ်မှ လွတ်ကင်းရေးအတွက် ဖယ်ရှားရန် လိုအပ်ခြင်း၊
၁၉။ စစ်ဆေးရေးအရာရှိများသည်-
(က) ပုဒ်မ ၁၈ အရ ထုတ်ဆင့်ထားသော ယာယီရပ်နားအမိန့်ကို အလုပ်ရှင်က လိုက်နာဆောင်ရွက်ပြီးစီးမှု တင်ပြချက်အပေါ် မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိလျှင် ရပ်နားထားသည့် လုပ်ငန်းခွင် တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပြန်လည်ဆောင်ရွက် ခွင့်ပြုရမည်။
(ခ) ပုဒ်မခွဲ (က)ပါ ပြန်လည်ဆောင်ရွက်ခွင့်ပြုကြောင်းကို သက်ဆိုင်ရာ ဦးစီးဌာနများနှင့် အလုပ်ရှင်ထံသို့ အကြောင်းကြားရမည်။
၂၀။ စစ်ဆေးရေးအရာရှိချုပ်သည်-
(က) အလုပ်သမားအား ထိခိုက်ဒဏ်ရာရရှိခြင်း သို့မဟုတ် ကျန်းမာရေးအန္တရာယ်ရှိခြင်း သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာကို ထိခိုက်ပျက်စီးခြင်းကိုဖြစ်စေနိုင်သည်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် သတ်မှတ်သည့် အချိန်ကာလအတွင်း ပြုပြင်ဆောင်ရွက်ရန် အလုပ်ရှင်အား စာဖြင့်ညွှန်ကြားနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ညွှန်ကြားချက်များကို သတ်မှတ်ကာလအတွင်း အလုပ်ရှင်က လိုက်နာ‌ဆောင်ရွက်ပြီးစီးကြောင်း မှတ်တမ်းအထောက်အထား ပြည့်စုံစွာဖြင့် ပြန်လည်တင်ပြစေရမည်။
(ဂ) ပုဒ်မခွဲ(က)အရ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိလျှင် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် တားမြစ်နိုင်သည်။
၂၂။ စစ်ဆေးရေးအရာရှိချုပ်သည် စစ်ဆေးရေးအရာရှိများအား ဘေးအန္တရာယ်ရှိသော ပစ္စည်းများ အသုံးပြုသည့် လုပ်ငန်းခွင်များ၏ စာရင်းဇယား သီခြားပြုစုရန်၊ လိုအပ်ပါက အထူးစစ်ဆေးမှုများ ဆောင်ရွက်ရန်နှင့် ယင်းပစ္စည်းများကို အသုံးပြုခြင်းအား တားမြစ်ကန့်သတ်ရန် သီးခြားတာဝန်ပေးအပ်ရမည်။
၂၃။ စစ်ဆေးရေးအရာရှိသည် ပုဒ်မ ၂၂ ပါ သီးခြားစာရင်းပြုစုထားသည့် လုပ်ငန်းခွင်များ၌ အန္တရာယ် ကျရောက်နိုင်မှု၊ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး၊ အန္တရာယ်ကျရောက်လာပါက ဆောင်ရွက်မည့် အစီအမံနှင့် နည်းလမ်းများ၊ မီးငြိမ်းသတ်ခြင်း၊ ရှေးဦးသူနာပြုစုခြင်းများနှင့် စပ်လျဉ်း၍ အလုပ်သမားများအား လေ့ကျင့်သင်ကြားပေးရန် အလုပ်ရှင်ကို ညွှန်ကြားရမည်။
၂၄။ စစ်ဆေးရေးအရာရှိချုပ်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်၍ ပြစ်မှုကျူးလွန်သူ မည်သူကိုမဆို သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုရန် စစ်ဆေးရေးအရာရှိတစ်ဦးဦးအား တာဝန်ပေးအပ်နိုင်သည်။
၂၅။ စစ်ဆေးရေးအရာရှိချုပ်နှင့် စစ်ဆေးရေအရာရှိများသည် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း၊ အလုပ်ဌာနတစ်ခုခုတွင်ဖြစ်စေ၊ ၎င်းနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုခုတွင်ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။

အခန်း (၈)

အလုပ်ရှင်နှင့် အလုပ်သမားတို့၏ တာဝန်များ

၂၆။ အလုပ်ရှင်သည်_
(က) လုပ်ငန်းခွင်၊ လုပ်ငန်းစဉ်နှင့် ၎င်းတို့၌ အသုံးပြုသည့် ပစ္စည်းများနှင့် စက်ကိရိယာများ၏ အန္တရာယ်ရှိမှု အတိုင်းအဆအား အကဲဖြတ်ဆန်းစစ်ခြင်းကို လိုအပ်သလို စီမံဆောင်ရွက်ရမည်။
(ခ) လုပ်ငန်းခွင်ပတ်ဝန်းကျင် အန္တရာယ်ကျရောက်နိုင်မှုအခြေအနေကို တိုင်းတာအကဲဖြတ်ရန် လိုအပ်သလို စီမံဆောင်ရွက်ရမည်။
(ဂ) အလုပ်သမားများကို လုပ်ငန်းခွင်ဆိုင်ရာရောဂါခံစားရမှု ရှိ မရှိ သတ်မှတ်ချက်များနှင့် အညီ အသိအမှတ်ပြုဆရာဝန်ဖြင့် ဆေးစစ်ပေးရန် စီမံပေးရမည်။
(ဃ) ပုဒ်မခွဲ(က)၊ (ခ)နှင့် (ဂ) တို့အရ တွေ့ရှိချက်များအပေါ် အခြေခံ၍ လုပ်ငန်းခွင်ကို ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် အခြေအနေအထိ ရောက်ရှိစေရန် စီမံဆောင်ရွက်ရမည်။
(င) အလုပ်သမားများအား ဦးစီးဌာနက သတ်မှတ်ခွင့်ပြုထားသည့် သင့်တော်သောတစ်ကိုယ်ရည်သုံး ကိုယ်ခန္ဓာကာကွယ်ရေးဝတ်စုံများ၊ ပစ္စည်းများနှင့် အထောက်အထူပြုပစ္စည်းများ အခမဲ့လုံလောက်စွာ ထုတ်ပေးပြီး ဝတ်ဆင်လုပ်ကိုင်စေရမည်။
(စ) ကြိုတင်တားဆီးကာကွယ်မှု အစီအမံနှင့် အရေးပေါ်အခြေအနေ ဖြစ်ပွားလာပါက ဆောင်ရွက်မည့် အစီအမံများ ထားရှိရမည်။
(ဆ) ဝန်ကြီးဌာနက သတ်မှတ်သော အလုပ်သမားဦးရေအောက်မနည်းသော လုပ်ငန်းများတွင် ဆေးပန်းခန်းထားရှိခြင်း၊ မှတ်ပုံတင်ဆရာဝန်နှင့် သူနာပြုများခန့်ထားခြင်း၊ လိုအပ်သည့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးရမည်။
(ဇ) မိမိကိုယ်တိုင်အပါအဝင် သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစား သို့မဟုတ် ဌာနအလိုက် စီမံခန့်ခွဲသူများ၊ အလုပ်သမားများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များကို ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်းများ တက်ရောက်စေရမည်။
(ဈ) အလုပ်သမားတဦးဦးက လုပ်ငန်းခွင်ထိခိုက်မှု သို့မဟုတ် အသက်အန္တရာယ်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ဖွယ်ရှိသည့် အခြေအနေများကြုံတွေ့ရလျှင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံ သို့မဟုတ် စီမံခန့်ခွဲသူတစ်ဦးဦးထံ ချက်ချင်းသတင်းပေးပို့နိုင်ရေး လိုအပ်သလို စီစဉ်ထားရှိရမည်။
(ည) လုပ်ငန်းခွင် သို့မဟုတ် လုပ်ငန်းစဉ်တွင် အသုံးပြုသော ပစ္စည်း၊ စက်ကိရိယာ သို့မဟုတ် စွန့်ပစ်ပစ္စည်းများကြောင့် လုပ်ငန်းခွင်အတွင်းရှိနေသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးထိခိုက်မှုမရှိစေရန် စီမံဆောင်ရွက်ထားရမည်။
(ဋ) လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားမည့်ဆဲဆဲအခြေအနေကြုံတွေ့ရပါက လုပ်ငန်းစဉ်အား ချက်ချင်းရပ်တန့်ခြင်း၊ အလုပ်သမားများအား ဖယ်ရှားရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့် အသက်ကယ်တင်ရေးနှင့် ကယ်ဆယ်ရေးအစီအမံများ ဆောင်ရွက်ရမည်။ ဖြစ်နိုင်ပါက အလုပ်သမားများအား အခြားသင့်တော်မည့် ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းခွင်များသို့ ပြောင်းရွှေ့လုပ်ကိုင်စေနိုင်သည်။
(ဌ) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ဘေးအန္တရာယ်သတိပေးအချက်ပြများ၊ နို့တစ်စာများ၊ ပိုစတာများနျင့် လမ်းညွှန်ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ ထားရှိရမည်။
(ဍ) ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် တားမြစ်ကန့်သတ်ထားသော လုပ်ငန်းခွင်နေရာများသို့ ဝင်ထွက်သွားလာရာတွင် ကြိုတင်သတိပေးချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် စီမံ‌‌ဆောင်ရွက်ရမည်။
(ဎ) အသိပညာ၊ နည်းပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်ရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထုတ်ပြန်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လက်စွဲစာစောင်နှင့် လမ်းညွှန်ချက်များကို အလုပ်သမားများအပြင် လုပ်ငန်းခွင်နှင့် ဆက်စပ်နေသူများကိုလည်း ဖြန့်ဝေခြင်း သို့မဟုတ် သိရှိနားလည်အောင်ဆောင်ရွက်ခြင်း စီမံ‌ဆောင်ရွက်ပေးရမည်။
(ဏ) မီးဘေးလုံခြုံရေးစီမံချက်ရေးဆွဲ၍ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးသတ်ပစ္စည်းကိရိယာများအား စနစ်တကျအသုံးပြုတက်စေရန် လေ့ကျင်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်။
(တ) စစ်ဆေးရေးအရာရှိချုပ်နှင့် စစ်ဆေးရေးအရာရှိများက အလုပ်ခွင်သို့ ဝင်ရောက်စစ်ဆေးခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ စာရွက်စာတမ်းများ၊ အထောက်အထားများတောင်းခံခြင်း သို့မဟုတ် သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းတို့ကို ခွင့်ပြုပေးရမည်။
(ထ) ဘေးအန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် စေခိုင်းပါက သတ်မှတ်ထားသော အလုပ်ချိန်နာရီအတွင်း၌သာ လုပ်ကိုင်စေရမည်။
(ဒ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကုန်ကျစရိတ်များကို တာဝန်ယူကျခံရမည်။
၂၇။ အလုပ်ရှင်သည် အောက်ပါကိစ္စရပ်တစ်ခုခုကြောင့် အလုပ်သမားတစ်ဦးဦးကို အလုပ်မှ ထုတ်ပယ်ခြင်း သို့မဟုတ် ရာထူးအဆင့်လျော့ချခြင်းမပြုရ-
(က) လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် မှတ်ပုံတင်ဆရာဝန်၏ ဆေးစစ်ချက်မှတ်တမ်းကိုဖြစ်စေ၊ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါခံစားရခြင်းအတွက် အသိအမှတ်ပြုဆရာဝန်၏ ဆေးစစ်ချက်မှတ်တမ်းကိုဖြစ်စေ မရရှိမီကာလအတွင်း၊
(ခ) ‌ဘေးအန္တရာယ်မကင်းသော သို့မဟုတ် ကျန်းမာရေးထိခိုက်မှု အန္တရာယ်ရှိသော ကိစ္စရပ်အပေါ်တိုင်တန်းခြင်း၊
(ဂ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ခြင်း၊
(ဃ) လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားမည့် ဆဲဆဲအခြေအနေ သို့မဟုတ် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိနိုင်မည့် အခြေအနေများတွင် အလုပ်ဆက်လက်မလုပ်ကိုင်ခြင်း။
၂၈။ လုပ်ငန်းခွင်ထိခိုက်မှု သို့မဟုတ် လုပ်ငန်းခွင်ဆိုင်ရာရောဂါရရှိသည့် အလုပ်သမားသည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အကျုံးဝင်ခြင်းမရှိလျှင် ယင်းအလုပ်သမား၏ အလုပ်လုပ်နိုင်မှု စွမ်းရည်လျော့ကျမှု အတိုင်းအတာနှင့် မသန်စွမ်းဖြစ်မှုအတန်းအစားကို သိရှိနိုင်ရန် အလုပ်ရှင်က ကုန်ကျစရိတ်ကို တာဝန်ယူကျခံ၍ ဆေးစစ်ပေးရမည်။
၂၉။ အလုပ်ရှင်သည် -
(က) မှတ်ပုံတင်ဆရာဝန်၏ ဆေးစစ်ချက်အရ လုပ်ငန်းသဘာဝ လိုအပ်ချက်အပေါ်မူတည်၍ ကျန်းမာရေးအဆင့်မမီသည့် အလုပ်သမားများအား အလုပ်လုပ်ကိုင်ခြင်းကို ကန့်သတ်တားမြစ်နိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ကန့်သတ်တားမြစ်ခြင်းခံရသော အလုပ်သမားသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာကြောင်း အထောက်အထားဖြင့် တင်ပြလာလျှင် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ မူလတာဝန်တွင်ဖြစ်စေ၊ သင့်လျော်သည့် လုပ်ငန်းခွင်တွင်ဖြစ်စေ ပြန်လည်လုပ်ကိုင်ခွင့်ပြုရမည်။
(ဂ) လုပ်ငန်းခွင်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၏ ကျန်းမာရေးမထိခိုက်စေရန် စီမံဆောင်ရွက်ပေးရမည်။
၃၀။ အလုပ်သမားသည်-
(က) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလုပ်ရှင်က ဦးစီးဌာန၏သတ်မှတ်ချက်နှင့် အညီ ထုတ်ပေးထားသော တစ်ကိုယ်ရည်သုံး ကိုယ်ခန္ဓာကာကွယ်ရေးဝတ်စုံများ၊ ပစ္စည်းများဝတ်ဆင်ခြင်းနှင့် ကိရိယာတန်ဆာပလာများအား စနစ်တကျ မှန်ကန်စွာ အသုံးပြုရမည်။
(ခ) ဤဥပဒေနှင့် ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများအရ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလုပ်ရှင်ကဖြစ်စေ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီကဖြစ်စေ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံဖြစ်စေ ညွှန်ကြားသည့် ညွှန်ကြားချက်နှင့် အကြံပြုချက်များကို လိုက်နာရမည်။
(ဂ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များ၊ သင်္ကေတအမှတ်အသားများ၊ နံရံကပ်ပိုစတာများ၊ နို့တစ်စာများနှင့် သတိပေးထားမြစ်ချက်များကို လိုက်နာရမည်။
(ဃ) လုပ်ငန်းခွင်တွင်အသုံးပြုသည့် ကိရိယာတန်ဆာပလာ၊ စက်၊ စက်ကိရိယာအစိတ်အပိုင်း၊ ယာဉ်၊ လျှပ်စစ်နှင့် အခြားပစ္စည်းများကို စနစ်တကျကိုင်တွယ် အသုံးပြုရမည်။
(င) လုပ်ငန်းခွင်တွင် ယင်း၏လုပ်ဆောင်မှု သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုကြောင့် မိမိကိုယ်တိုင်နှင့် အခြားသူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးမထိခိုက်စေရန် အလေးထားဆောင်ရွက်ရမည်။
(စ) အလုပ်ရှင်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံတို့က ဤဥပဒေအရ ယင်းတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ ပူးပေါင်းဆောင်ရွက်ရမည်။
(ဆ) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအား ထိခိုက်စေနိုင်မည့်အခြေအနေ၊ အကြောင်းအရာ၊ ဖြစ်ရပ်တစ်ခုခုကိုတွေ့ရှိပါက ကိုယ်တိုင်ဖြစ်စေ၊ အနီးကပ်လုပ်ငန်းကြီးကြပ်သူမှ တစ်ဆင့်ဖြစ်စေ အလုပ်ရှင်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ခံ သို့မဟုတ် စီမံခန့်ခွဲသူတစ်ဦးဦးထံ ချက်ချင်းတင်ပြရမည်။
(ဈ) လုပ်ငန်းခွင်အသီးသီးမှ အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလုပ်သမားအချင်းချင်း သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းများနှင့် အချိန်မီ ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိုယ်စားလှယ်များ ရွေးချယ်နိုင်သည်။

အခန်း (၉)

ထုတ်လုပ်သူ၊ တင်သွင်းရောင်းချသူ၊ တပ်ဆင်သူ သို့မဟုတ် ဖြုတ်သိမ်းသူနှင့် တည်ဆောက်သူ သို့မဟုတ် ဖြိုဖျက်သူတို့၏တာဝန်များ

၃၁။ လုပ်ငန်းခွင်၊ လုပ်ငန်းစဉ်နှင့် ၎င်းတို့၌အသုံးပြုမည့် ဘေးအန္တရာယ်ရှိသော ပစ္စည်းများကို ထုတ်လုပ်ခြင်း သို့မဟုတ် တင်သွင်းရောင်းချခြင်းကိုဖြစ်စေ၊ ဘေးအန္တရာယ်ရှိသော စက်ကိရိယာများကို ထုတ်လုပ်ခြင်း၊ တင်သွင်းရောင်းချခြင်း၊ တပ်ဆင်ခြင်း သို့မဟုတ် ဖြုတ်သိမ်းခြင်းကိုဖြစ်စေ ‌‌ဆောင်ရွက်သူသည် စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ သို့မဟုတ် သက်ဆိုင်ရာ ဦးစီးဌာန၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းကြောင်း အတည်ပြုချက်ရယူရမည်။
၃၂။ ဘေးအန္တရာယ်ရှိသော ပစ္စည်းနှင့် ဘေးအန္တရာယ်ရှိသော စက်ကိရိယာများနှင့် စပ်လျဉ်း၍ ထုတ်လုပ်သူ သို့မဟုတ် တင်သွင်းရောင်းချသူသည် အောက်ပါကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရမည်-
(က) ‌ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်စွာ အသုံးပြုခြင်းဆိုင်ရာ သတင်းအချက်အလက်များပေးခြင်း၊
(ခ) ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးမထိခိုက်စေရန် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပေးခြင်းနှင့် စမ်းသပ်စစ်ဆေးမှုရလဒ်များအား အသုံးပြုသူထံ ဖြန့်ဝေခြင်း။
၃၃။ တပ်ဆင်သူ သို့မဟုတ် ဖြုတ်သိမ်းသူ၊ တည်ဆောင်သူ သို့မဟုတ် ဖြိုဖျက်သူသည် ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးမထိခိုက်စေရန် သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ရမည်။

အခန်း (၁၀)

အကြောင်းကြားခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အစီရင်ခံခြင်း

၃၄။ အလုပ်ရှင်သည် အောက်ပါကိစ္စရပ်များကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိသည်-
(က) လုပ်ငန်းခွင်ထိခိုက်မှု၊ ဘေးအန္တရာယ်ရှိသောဖြစ်ရပ်၊ ကြီးမားပြင်းထန်သော လုပ်ငန်းခွင် ထိခိုက်မှုဖြစ်ပွားပါက ဦးစီးဌာနသို့ အကြောင်းကြားခြင်း၊
(ခ) အလုပ်သမားတစ်ဦးဦးသည် သတ်မှတ်ထားသည့် လုပ်ငန်းခွင်ဆိုင်ရာရောဂါ တစ်မျိုးမျိုးစွဲကပ်လျှင်ဖြစ်စေ၊ သုံးစွဲသည့်ပစ္စည်း သို့မဟုတ် လုပ်ငန်းစဉ်ကြောင့် အဆိပ်သင့်လျှင်ဖြစ်စေ သို့မဟုတ် အဆိပ်သင့်နိုင်လျှင်ဖြစ်စေ အသိအမှတ်ပြု ဆရာဝန်၏ ဆေးစစ်ချက်မှတ်တမ်းနှင့်အတူ အစီရင်ခံစာကို ဦးစီးဌာနသို့ပေးပို့ အကြောင်းကြားခြင်း။
၃၅။ မှတ်ပုံတင်ဆရာဝန်တစ်ဦးဦးသည် သတ်မှတ်ထားသည့် လုပ်ငန်းခွင်ဆိုင်ရာရောဂါ တစ်မျိုးမျိုးစွဲကပ်နေသည့် အလုပ်လုပ်နေသူ သို့မဟုတ် အလုပ်လုပ်သူအား ဆေးကုသလျှင် သတ်မှတ်ထားသည့် အချက်အလက်များ ပါဝင်သော အစီရင်ခံကို သက်ဆိုင်ရာအလုပ်ရှင်နှင့်ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ အကြောင်းကြားရမည့်အပြင် အစီရင်ခံစာမိတ္တူကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့လည်း ပေးပို့ရမည်။
၃၆။ (က) စစ်ဆေးရေးအရာရှိများသည် လုပ်ငန်းခွင်ထိခိုက်မှုများ၊ ဘေးအန္တရာယ်ရှိသော ဖြစ်ရပ်များ၊ လုပ်ငန်းခွင်ဆိုင်ရာရောဂါများ၊ လုပ်ငန်းခွင် အဆိပ်သင့်မှုများဖြစ်ပွားကြောင်း သိရှိရပါက စုံစမ်းစစ်ဆေးရမည်။
(ခ) မည်သူမဆို ဖြစ်ပွားခဲ့သည့် လုပ်ငန်းခွင်ထိခိုက်မှုများ၊ ဘေးအန္တရာယ်ရှိသော ဖြစ်ရပ်များ၊ လုပ်ငန်းခွင်ဆိုင်ရာရောဂါများ၊ လုပ်ငန်းခွင်အဆိပ်သင့်မှုများနှင့် သက်ဆိုင်သည့်ပစ္စည်းများ၊ စက်ကိရိယာများ၊ ကိရိယာတန်ဆာပလာများ၊ နေရာခင်းအကျင်းများ၊ စာတမ်းအမှတ်အသားများ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ စစ်ဆေးရေးအရာရှိချုပ်၏ ခွင့်ပြုချက်မရဘဲ ဖယ်ရှားခြင်း၊ ဖျောက်ဖျက်ခြင်း၊ ထပ်ဖြည့်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း မပြုလုပ်ရ။
(ဂ) ပုဒ်မခွဲ (ခ)ပါ တားမြစ်ချက်သည် အသက်အိုးအိမ်စည်းစိမ်၊ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် လိုအပ်သော လုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် သက်ဆိုင်ခြင်းမရှိစေရ။
(ဃ) ပုဒ်မခွဲ (ခ)အရ တားမြစ်မှုသည် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွားနိုင်ပါက စစ်ဆေးရေးအရာရှိချုပ်သည် ပစ္စည်းများ၊ စက်ကိရိယာများ၊ ကိရိယာတန်ဆာပလားများနှင့် နေရာအခင်းအကျင်းကို ဖယ်ရှားခြင်း၊ ဖြုတ်သိမ်းခြင်း၊ ထပ်ဖြည့်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်ရန် ခွင့်ပြုနိုင်သည်။
၃၇။ ကောင်စီသည် ဘေးအန္တရာယ်ရှိသောဖြစ်ရပ်များဖြစ်ပွားခြင်း၊ လုပ်ငန်းခွင်ဆိုာရောဂါဖြစ်ပွားခြင်းနှင့် ကြီးမားပြင်းထန်သော လုပ်ငန်းခွင်ထိခိုက်မှုများကို လိုအပ်ပါက စုံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေးကော်မတီကို သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်။
၃၈။ ပုဒ်မ ၃၇ အရ ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီသည် စုံစမ်းစစ်ဆေးမှုနှင့် စပ်လျဉ်း၍-
(က) ပုဒ်မ ၃၇ ပါ ကိစ္စအတွက် စုံစမ်းစစ်ဆေးရန် ရည်ရွယ်ချက်ဖြင့်သာ စုံစမ်းစစ်ဆေးမှုနှင့် သက်ဆိုင်သောနေရာသို့ ဝင်ရောက်စစ်ဆေးနိုင်ခွင့်ရှိသည်။
(ခ) စုံစမ်းစစ်ဆေးမှုနှင့် သက်ဆိုင်သော ပုဂ္ဓိုလ်များအား စုံစမ်းစစ်ဆေးရန် ဆင့်ဆိုခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် စစ်ဆေးချက်များရယူခြင်း ပြုနိုင်သည်။
(ဂ) လိုအပ်သည့် စာရွက်စာတမ်း၊ စာရင်းဇယား၊ စာချုပ်၊ သက်သေခံအထောက်အထားများ၊ ပုံစံများ၊ နမူနာပစ္စည်းများကို ရယူနိုင်သည်။
(ဃ) စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်များနှင့် အကြံပြုချက်တို့ပါဝင်သော အစီရင်ခံစာကို သတ်မှတ်ရက်အတွင်း ကောင်စီသို့ တင်ပြရမည်။

အခန်း(၁၁)

စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ၊ သင်တန်းပေးသူအဖြစ်ဆောင်ရွက်ခြင်းနှင့် သင်တန်းကျောင်းတည်ထောင်ဖွင့်လှစ်ခြင်း

၃၉။ စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ သို့မဟုတ် သင်တန်းပေးသူအဖြစ် လုပ်ကိုင်လိုသူသည် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီပါက အသိအမှတ်ပြုလက်မှတ် ရရှိရေးအတွက်သော်လည်းကောင်း၊ သင်တန်းကျောင်းတည်ထောင်သူအဖြစ် လုပ်ကိုင်လိုသူသည် မှတ်ပုံတင်လက်မှတ်ရရှိရေးအတွက် သော်လည်းကောင်း ညွှန်ကြားရေးမှူးချုပ်ထံဲ သတ်မှတ်ချက်များနှင့် အညီ လျှောက်ထားရမည်။
၄၀။ ညွန်ကြားရေးမှူးချုပ်သည်-
(က) ပုဒ်မ ၃၉ အရ လျှောကထားချက်ကို သတ်မှတ်ချက်များနှင့် အညီ စိစစ်၍ အသိအမှတ်ပြုလက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က)အရ ခွင့်ပြုသည့်အခါ ဝန်ကြီးဌာနက သတ်မှတ်ထားသည့် အခကြေးငွေပေးသွင်းစေပြီး လျှောက်ထားသူအား အသိအမှတ်ပြုလက်မှတ်၊ မှတ်ပုံတင်လက်မှတ်တို့၏ သက်တမ်းနှင့် စည်းကမ်းချက်များ သတ်မှတ်၍ စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ၊ သင်တန်းပေးသူအား အသိအမှတ်ပြုလက်မှတ်ကိုလည်းကောင်း၊ သင်တန်းကျောင်းတည်ထောင်သူအား မှတ်ပုံတင်လက်မှတ်ကိုလည်းကောင်း အသီးသီးထုတ်ပေးရမည်။
(ဂ) ပုဒ်မခွဲ(ခ)အရ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသော စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ၊ သင်တန်းပေးသူနှင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသော သင်တန်းကျောင်းများကို မှတ်ပုံတင်ထားရမည်။
၄၁။ (က) ပုဒ်မ ၄၀၊ ပုဒ်မခွဲ (ခ)အရ အသိအမှတ်ပြုလက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ်ရရှိသူသည် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ အတါင်း သတ်မှတ်ချက်များနှင့်အညီ အသိအမှတ်ပြုလက်မှတ် သိုမဟုတ် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားရမည်။
(ခ) ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မခွဲ (က)အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ ခွင့်ပြုပါက ဝန်ကြီးဌာနက သတ်မှတ်ထားသော သက်တမ်းတိုးမြှင့်ခ ပေးသွင်းစေပြီး လျှောက်ထားသူအား အသိအမှတ်ပြုလက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရမည်။
၄၂။ (က) စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူသည် ဘေးအန္တရာယ်ရှိသော စက်ကိရိယာများနှင့် စပ်လျဉ်း၍ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ စမ်းသပ်စစ်ဆေးပြီး ဘေးအန္တရာယ်ကင်းရှင်းကြောင်း တွေ့ရှိပါက ဘေးအန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ကို သတ်မှတ်ချက်များနှင့်အညီ အလုပ်ရှင်အား ထုတ်ပေးရမည်။
(ခ) စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ၊ သင်တန်းပေးသူ သို့မဟုတ် သင်တန်းကျောင်းတည်ထောင်သူသည် ဦးစီးဌာနက သတ်မှတ်ပေးသော စည်းကမ်းချက်များကို တိကျစွာလိုက်နာရမည်။

အခန်း(၁၂)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၄၃။ ညွှန်ကြားရေးမှူးချုပ်သည်-
(က) စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ၊ သင်တန်းပေးသူ သို့မဟုတ် သင်တန်းကျောင်း တည်ထောင်သူက အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်းတွေ့ရှိလျှင် လုပ်ငန်းဆောင်ရွက်ခွင့် ယာယီရပ်ဆိုင်းကြောင်း အကြောင်းကြားစာ ပေးပို့ရမည်-
(၁) စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ သို့မဟုတ် သင်တန်းပေးသူအဖြစ် ဆောင်ရွက်ခွင့်ရရှိရန် သို့မဟုတ် သင်တန်းကျောင်း တည်ထောင်သူက သင်တန်းကျောင်း တည်ထောင် ဖွင့်လှစ်ခွင့်ရရှိရန် လျှောက်ထားရာတွင် မမှန်မကန်တင်ပြခဲ့ခြင်း၊
(၂) စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ သို့မဟုတ် သင်တန်းပေးသူအဖြစ် ဆက်လက်လုပ်ကိုင်ရန် သို့မဟုတ် သင်တန်းကျောင်းအဖြစ် ဆက်လက်ဖွင့်လှစ်လုပ်ကိုင်ရန် သင့်လျော်မှုမရှိဟု စိစစ်တွေ့ရှိခြင်း၊
(၃) ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း။
(ခ) ပုဒ်မခွဲ (က)ပါ ယာယီရပ်ဆိုင်းကြောင်း အကြောင်းကြားစာနှင့် စပ်လျဉ်း၍ စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ၊ သင်တန်းပေးသူ သို့မဟုတ် သင်တန်းကျောင်း တည်ထောင်သူအား အကြောင်းကြားစာလက်ခံရရှိပြီး သတ်မှတ်ရက်အတွင်း ဖြေရှင်းတင်ပြစေရမည်။
(ဂ) စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ၊ သင်တန်းပေးသူ သို့မဟုတ် သင်တန်းကျောင်းတည်ထောင်သူ၏ ပုဒ်မခွဲ (ခ)ပါ ဖြေရှင်းချက်အပေါ် ခိုင်လုံသောအကြောင်းပြချက်မရှိကြောင်း တွေ့ရှိလျှင် စီမံခန့်ခွဲရေးနည်းလမ်းအရ သတ်မှတ်ထားသော ဒဏ်ကြေးကို ပေးဆောင်စေခြင်း သို့မဟုတ် ထုတ်ပေးထားသော အသိအမှတ်ပြုလက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုရမည်။

အခန်း(၁၃)

အယူခံခြင်း

၄၄။ (က) စစ်ဆေးရေးအရာရှိများက ပုဒ်မ ၁၈ အရ ထုတ်ဆင့်သည့် အမိန့်ကိုလည်းကောင်း၊ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဂ)အရ လုပ်ငန်းဆက်လက် လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ချက်ကို လည်းကောင်း မကျေနပ်သူသည် အဆိုပါ အမိန့်ချမှတ်သည့် သို့မဟုတ် တားမြစ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကောင်စီက ဖွဲ့စည်းပေးသည့် အယူခံကော်မတီသို့ အယူခံဝင်နိုင်သည်။
(ခ) အယူခံကော်မတီသည် ပုဒ်မခွဲ (က)အရ အယူခံမှုကို စိစစ်ပြီး စစ်ဆေးရေးအရာရှိ၏ အမိန့် သို့မဟုတ် တားမြစ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။
၄၅။ (က) ပုဒ်မ ၄၃ အရ ညွှန်ကြားရေးမှူးချုပ်က ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို ကျေနပ်မှုမရှိသူသည် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း အယူခံကော်မတီသို့ အယူခံဝင်နိုင်သည်။
(ခ) အယူခံကော်မတီသည် ပုဒ်မခွဲ(က)အရ အယူခံမှုကို စိစစ်ပြီး ညွှန်ကြားရေးမှူးချုပ်က ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
၄၆။ အယူခံမှုများနှင့် စပ်လျဉ်း၍ အယူခံကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။
၄၇။ စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ၊ သင်တန်းပေးသူ သို့မဟုတ် သင်တန်းကျောင်းတည်ထောင်သူသည် ပုဒ်မ ၄၃အရ အသိအမှတ်ပြုလက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကို ရပ်ဆိုင်းသည့် သို့မဟုတ် ပယ်ဖျက်သည့် ဆုံးဖြတ်ချက်ကို အယူမခံလျှင် ရက်ပေါင်း ၃၀ ပြည့်ပြီးနောက် ခုနှစ်ရက်အတွင်း သို့မဟုတ် အယူခံသော်လည်း အယူခံကော်မတီက ပုဒ်မ ၄၅၊ ပုဒ်မခွဲ (ခ)အရ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ကို အတည်ပြုလျှင် ထုတ်ပေးထားသည့် အသိအမှတ်ပြုလက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကို ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ခုနှစ်ရက်အတွင်း ဦးစီးဌာနသို့ ပြန်လည်အပ်နှံရမည်။

အခန်း(၁၄)

တားမြစ်ချက်များ

၄၈။ (က) ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းတစ်ခုခုကို လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသူနှင့် စတင်လုပ်ကိုင်လိုသူမည်သူမျှ ဦးစီးဌာနသို့ မှတ်ပုံတင်ရန် ပျက်ကွက်ခြင်းမပြုရ။
(ခ) မည်သူမျှ ဤဥပဒေနှင့်သက်ဆိုင်သည့် လုပ်ငန်းများရှိ အဆောက်အအုံဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ ဖြိုဖျက်ခြင်း၊ လုပ်ငန်းစဉ်အလိုက် စက်ကိရိယာများ နေရာချထားခြင်း၊ တပ်ဆင်ခြင်း၊ တိုးချဲ့ခြင်း သို့မဟုတ် ပြောင်းလဲအသုံးပြုခြင်းများကို လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့်အညီ ဆောင်ရွက်လုပ်ကိုင်မည်ဖြစ်ကြောင်း ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့် အညီ အကြောင်းကြားရန် ပျက်ကွက်ခြင်းမပြုရ။
(ဂ) မည်သူမျှ ညွှန်ကြားရေးမှူးချုပ်က ထုတ်ပေးသော အသိအမှတ်ပြုလက်မှတ်မရှိဘဲ စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ သို့မဟုတ် သင်တန်းပေးသူအဖြစ်လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ သင်တန်းကျောင်းတည်ထောင်သူအဖြစ်လည်းကောင်း ဆောင်ရွက်ခြင်းမပြုရ။
၄၉။ မည်သည့်အလုပ်ရှင်မျှ-
(က) ပုဒ်မ ၁၈ အရ ယာယီရပ်နားရန် ထုတ်ဆင့်သည့် အမိန့်ကို လိုက်နာရန် ပျက်ကွက်ခြင်းမပြုရ၊
(ခ) ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း မပြုရ။
(ဂ) ပုဒ်မ ၂၁၊ ပုဒ်မခွဲ (က)အရ စစ်ဆေးရေးအရာရှိက ထုတ်ပြန်သည့် ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်ခြင်း မပြုရ၊
(ဃ) ပုဒ်မ ၂၆၊ ပုဒ်မခွဲ (ထ)အရ သတ်မှတ်သည့် အလုပ်ချိန်ထက် ကျော်လွန်စေခိုင်းခြင်းမပြုရ၊
(င) ပုဒ်မ ၂၆၊ ပုဒ်မခွဲ (ဒ)အရ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကုန်ကျစရိတ်များကို တာဝန်ယူကျခံရန် ပျက်ကွက်ခြင်း မပြုရ။
၅၀။ မည်သူမျှ စစ်ဆေးရေးအရာရှိချုပ်၏ ခွင့်ပြုချက်မရဘဲ ပုဒ်မ ၃၆၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်းမပြုရ။
၅၁။ ဤဥပဒေအရ ပေးအပ်သော တာဝန်ကို ထမ်းဆောင်သည့် မည်သည့် ပုဂ္ဂိုလ်မျှ မိမိ၏ရာထူးဆိုင်ရာ တာဝန်ဝတ္တရားများ ဆောင်ရွက်ရာ၌ သိရှိလာသည့် လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်တစ်ခုခုနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ရာထူးတာဝန်ထမ်းဆောင်နေစဉ်တွင် သော်လည်းကောင်း၊ ရာထူးတာဝန်မှ အနားယူပြီး‌နောက်တွင် သော်လည်းကောင်း တရားရုံးတွင် သက်သေခံသည်မှအပ မည်သူကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုရ။

အခန်း(၁၅)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၅၂။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံ မည်သူမဆို ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာ‌ဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၅၃။ အလုပ်ရှင် မည်သူမဆို ပုဒ်မ ၁၂၊ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (က)မှ(တ)အထိ၊ ပုဒ်မ ၂၇နှင့် ပုဒ်မ ၂၉၊ ပုဒ်မခွဲ (ခ)နှင့် (ဂ)တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၅၄။ အလုပ်သမား မည်သူမဆို ပုဒ်မ ၃၀၊ ပုဒ်မခွဲ (က)၊(ခ)၊(ဂ)၊(ဃ)၊(စ)၊နှင့်(ဇ) တို့ပါ ပြဋ္ဌာန်းထားသော တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။
၅၅။ အလုပ်သမား မည်သူမဆို ပုဒ်မ ၃၀၊ ပုဒ်မခွဲ (င)နှင့် (ဆ)တို့ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို တမင်ကြံရွယ်ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၅၆။ ထုတ်လုပ်သူ၊ တင်သွင်းရောင်းချသူ၊ တပ်ဆင်သူ သို့မဟုတ် ဖြုတ်သိမ်းသူ၊ တည်ဆောက်သူ သို့မဟုတ် ဖြိုဖျက်သူ မည်သူမဆို ပုဒ်မ ၃၁၊ ၃၂ နှင့် ၃၃ တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ‌ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၅၇။ အလုပ်ရှင်မည်သူမဆို ပုဒ်မ ၃၄ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ဆယ်အောက်မနည်းသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၅၈။ မှတ်ပုံတင်ဆရာဝန် မည်သူမဆို ပုဒ်မ ၃၅ပါ ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်ချမှတ်ရမည်။
၅၉။ (က) စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူ မည်သူမဆို ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ခ) သင်တန်းပေးသူ မည်သူမဆို ပုဒ်မ ၄၃၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်ချမှတ်ရမည်။
(ဂ) သင်တန်းကျောင်းတည်ထောင်သူ မည်သူမဆို ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း၅၀ အထိ ငွေဒဏ်ချမှတ်ရမည်။
၆၀။ မည်သူမဆို-
(က) ပုဒ်မ ၄၈၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ)တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ချမှတ်ရမည်။
(ခ) ပုဒ်မ ၄၈၊ ပုဒ်မခွဲ (ဂ) ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
၆၁။ အလုပ်ရှင်မည်သူမဆို-
(က) ပုဒ်မ ၄၉၊ ပုဒ်မခွဲ (က)၊ (ခ)နှင့် (ဂ)တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၃၀မှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ခ) ပုဒ်မခွဲ(က)ပါ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးနောက် ယင်းပြစ်မှုကို ထပ်မံဖောက်ဖျက်ကျူးလွန်ပါက ဖောက်ဖျက်ကျူးလွန်သည့်နေ့ရက် အသီးသီးအတွက် ထိုသူကို တစ်ရက်လျှင် ကျပ်တစ်သိန်းစီဖြင့် ငွေဒဏ်ချမှတ်ရမည်။
၆၂။ အလုပ်ရှင်မည်သူမဆို ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ဃ) နှင့် (င)တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၂၀မှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၆၃။ မည်သူမဆို ပုဒ်မ၅၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
၆၄။ ဤဥပဒေအရ ပေးအပ်သော တာဝန်ကို ထမ်းဆောင်သည့် ပုဂ္ဂိုလ်မည်သူမဆို ပုဒ်မ ၂၅နှင့် ၅၁ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ့်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၆၅။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ အောက်မနည်းသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း(၁၆)

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား စီမံခန့်ခွဲခြင်း

၆၆။ ကောင်စီသည် အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲပြီး အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည်-
(က) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေမည့် လှုပ်ရှားမှုများနှင့် လုပ်ငန်းများ၊
(ခ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများ၊
(ဂ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးမြှင့်တင်ရန် ဆောင်ရွက်နေသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊

အခန်း(၇)

အထွေထွေ

၆၇။ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်ပေါ်နေလျှင် အစိုးရအဖွဲ့သည် အမိန့်ကြော်ငြာစာထုတ်ပြန်၍ မည်သည့် လုပ်ငန်းခွင်ကိုမဆို သင့်လျော်သည့် ကာလအပိုင်းအခြားအတွင်း စည်းကမ်းချက်များသတ်မှတ်၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်အားလုံးကိုဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ ကာလအပိုင်းအခြား သတ်မှတ်၍ သက်ဆိုင်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။
၆၈။ နိုင်ငံဝန်ထမ်းမဟုတ်သော ကောင်စီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များသည် ဤဥပဒေအရ ပေးအပ်သောတာဝန်ကို ထမ်းဆောင်ချိန်တွင် ပြည့်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။
၆၉။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကောင်စီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များနှင့် အယူခံကော်မတီအဖွဲ့ဝင်များသည် အစိုးရအဖွဲ့က ခွင့်ပြုသော စရိတ်နှင့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။
၇၀။ ကောင်စီ၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လိုအပ်သော ဝန်ထမ်းများကို ဝန်ကြီးဌာနက ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။
၇၁။ ဤဥပဒေအရ လိုအပ်၍ ဖွဲစည်းထားသော လုပ်ငန်းကော်မတီများနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်ကို ဝန်ကြီးဌာန၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲရမည်။
၇၂။ ဝန်ကြီးဌာနသည် လိုအပ်ပါက စစ်ဆေးရေးအရာရှိချုပ်၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန် ဒုတိယစစ်ဆေးရေးအရာရှိချုပ်တစ်ဦးကို ခန့်ထားနိုင်သည်။
၇၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ကောင်စီနှင့် ဝန်ကြီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်
(ဂ) ဦးစီးဌာနသည် အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်