၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂။)
အခန်း (၁)
စကားချီး။
အမည်၊ တည်ရာနယ်အဝှန်းနှင့် အာဏာတည်သည့်နေ့။
| ၁။ | (၁) | ဤဥပဒေကို၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။ | |
| (၂) | ဤအပ်ဥပဒေသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝှမ်းလုံးနှင့် သက်ဆိုင်ရမည်။ | ||
| (၃) | ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်သည့်နေ့၌ အာဏာ တည်ရမည်။ | ||
အဓိပ္ပါယ်ဖော်ပြချက်များ
| ၂။ | ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင် | ||
| (က) | "ကလေး"ဆိုသည်မှာ၊ အလုပ်လုပ်ကိုင်နိုင်ရန် မှတ်ပုံတင် ဆရာဝန်က ခွင့်ပြုသည့် အသက်တစ်ဆယ့်လေးနှစ်ပြည့်ပြီး အသက်တစ်ဆယ့် ခြောက်နှစ် မပြည့်သေးသူကို ဆိုလိုသည်။ | ||
| (ခ) | "လူရွယ်" ဆိုသည်မှာ၊ အသက်တစ်ဆယ့်ခြောက်နှစ်ပြည့်ပြီး၊ အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသူ ကိုဆိုလိုသည်။ | ||
| (ဂ) | "လူငယ်" ဆိုသည်မှာ၊ "ကလေး"နှင့် "လူရွယ်" ကိုဆိုလိုသည်။ | ||
| (ဃ) | "လူကြီး" ဆိုသည်မှာ အသက်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူကို ဆိုလိုသည်။ | ||
| (င) | "နေ" သို့တည်းမဟုတ် "ရက်" ဆိုသည်မှာ၊ ညဉ့်သန်းခေါင်ချိန်မှစ၍ ရေတွက်သောနှစ်ဆယ့်လေးနာရီ ကာလအပိုင်းအခြားကို ဆိုလိုသည်။ | ||
| (စ) | "ရက်သတ္တပတ်" ဆိုသည်မှာ၊ စနေနေ့ ညဉ့်သန်းခေါင်ချိန်မှစ၍ ရေတွက်သော ခုနှစ်ရက် ကာလအပိုင်းအခြားကို ဆိုလိုသည်။ | ||
| (ဆ) | "အား"ဆိုသည်မှာ၊ လျှပ်စစ်ဓါတ်အားကို သော်၎င်း၊ လူ၊ သို့တည်းမဟုတ် တိရစ္ဆာန်တို့ အသုံးပြုခြင်းဖြင့် ဖြစ်ပွားစေသည့် အားမဟုတ်ဘဲ၊ စက်ကိရိယာဖြင့် ဖြစ်ပွားစေသည့်၊ သို့တည်းမဟုတ် ပေးပို့သည့် အခြားအားတမျိုးမျိုးကို သော်၎င်းဆိုလိုသည်။ | ||
| (ဇ) | "အားပေးစက်"ဆိုသည်မှာ၊ အားဖြစ်ပွါးစေသော၊ သို့တည်းမဟုတ် အခြားနည်းဖြင့် အားပေးသော အင်ဂျင်စက်၊ မော်တော်စက် သို့တည်းမဟုတ် အခြားစက်ကိရိယာကို ဆိုလိုသည်။ | ||
| (ဈ) | "အားပို့စက်ကိရိယာ" ဆိုသည်မှာ၊ ဝင်ရိုး၊ ဘီး၊ ဒရမ် (drum)၊ ပီလီ၊ ပူလီသေနှင့် ပူလီရှင်(system of fast and loose pulleys)၊ ကပ္ပလင်(coupling)၊ ကလပ်(clutch)၊ သားရေပတ်ကြိုး (belt)၊ သို့တည်းမဟုတ် အခြားကြံစည် ပြုလုပ်ထားသည့် ကိရိယာကို ဆိုလိုသည်။ အားပို့စက်မှ အားကို အခြား စက်ကိရိယာသို့ ပေးပို့သည်၊ သို့တည်းမဟုတ် အခြားစက်ကိရိယာများက ခံယူသည့် ကိရိယာများကို ဆိုလိုသည်။ | ||
| (ည) | "စက်ကိရိယာ" ဆိုသည်တွင် အားပေးစက်၊ အားပို့စက်၊ ကိရိယာနှင့် အားကိုဖြစ်ပွားစေသည့်၊ ပြောင်းလဲစေသည့်၊ ပေးပို့သည့်၊ သို့တည်းမဟုတ် အသုံးပြုသည့် အခြား ကိရိယာများ ပါဝင်သည်။ | ||
| (ဋ) | "ပြုလုပ်မှု လုပ်ငန်းစဉ်" ဆိုသည်မှာ- | ||
| (ကက) | အထည်ဝတ္တု တခုခုကိုဖြစ်စေ၊ အရာဝတ္တုတခုခုကို ဖြစ်စေ သုံးစွဲခြင်း၊ ရောင်းချခြင်း သယ်ယူပို့ဆောင်ခြင်း၊ ပေးအပ်ခြင်း၊ သို့တည်းမဟုတ် စီမံခန့်ခွဲခြင်းအလို့ငှါပြုလုပ်မှု၊ ထုတ်ပိုးမှု၊ ဆီထည့်မှု၊ ဆေးကြောမှု၊ တိုက်ချွတ်မှု၊ ခွဲစိတ်မှု၊ ချေမှုန်းမှု၊ အခြားနည်းစီရင်မှု၊ သို့တည်းမဟုတ် သင့်လျော်အောင် အခြားနည်းဖြင့် ပြုပြင်စီရင်မှု၊ | ||
| (ခခ) | ဆီကိုဖြစ်စေ၊ ရေကိုဖြစ်စေ၊ သို့တည်းမဟုတ် မိလ္လာရေကိုဖြစ်စေ၊ စုတ်မှု၊ ထုတ်မှု၊ | ||
| (ဂဂ) | အားကိုဖြစ်ပွါးစေမှု၊ ပြောင်းလဲစေမှု၊ ပေးပို့မှု၊ | ||
| (ဃဃ) | စာပုံနှိပ်မှု၊ မိတ္တူကူးယူလုပ်ကိုင်မှု၊ ကျောက်ပုံနှိပ်မှု၊ ဓါတ်ပုံကူးယူပုံနှိပ်မှု၊ သို့တည်းမဟုတ် ကုန်သွယ်မှု ကိစ္စအတွက်ဖြစ်စေ၊ အမြတ်အစွန်းရရန် ကိစ္စအတွက်ဖြစ်စေ၊ စာအုပ်ချုပ်လုပ်မှု၊ သို့တည်းမဟုတ် ယင်းသို့သော ကိစ္စအတွက်လုပ်သော လုပ်ငန်းနှင့် အကြောင်းအားလျော်စွာ ဆက်သွယ်လုပ်သည့် စာအုပ်ချုပ်လုပ်မှု၊ | ||
| (ငင) | သင်္ဘောကိုဖြစ်စေ၊ ရေယာဉ်ကိုဖြစ်စေ၊ အခြားယာဉ်တစ်မျိုးမျိုးကို ဖြစ်စေ တည်ဆောက်မှု၊ ပြန်လည်တည်ဆောက်မှု၊ ပြုပြင်မှု၊ ပြန်လည်တပ်ဆင်မှု၊ အပြီးသတ်မှု၊ သို့တည်းမဟုတ် ဖျက်ခွဲမှု၊ | ||
| (စစ) | လျှပ်စစ်နှင့် အီလက်တရောနစ် နည်းပညာဆိုင်ရာ ပစ္စည်းများ တည်ဆောက်မှု၊ ပြန်လည်တည်ဆောက်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ပြန်လည်တပ်ဆင်မှု၊ အပြီးသတ်ထုတ်လုပ်မှု သို့မဟုတ် ပြန်လည်အသုံးပြုနိုင်ရန် စီမံမှု၊ | ||
| (ဆဆ) | ဓာတုပစ္စည်းများစမ်းသပ်မှု ထုတ်လုပ်မှု၊ ရောစပ်မှု၊ ထုပ်ပိုးမှု၊ ရွှေ့ပြောင်းမှု လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်ရမှုလုပ်ငန်း၊ | ||
| တစ်ခုခုအတွက် လုပ်ရသော လုပ်ငန်းကို ဆိုလိုသည်။ | |||
| (ဌ) | "အလုပ်သမား" ဆိုသည်မှာ၊ ပြုလုပ်မှုလုပ်ငန်းစဉ် တခုခုတွင်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ် အတွက် အသုံးပြုသည့် စက်၏၊ သို့တည်းမဟုတ် အဆောက်အအုံ၏ အစိတ်အပိုင်း တခုခုကို၊ စင်ကြယ်အောင် တိုက်ချွတ်ရာတွင် ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်၌၊ သို့တည်းမဟုတ် ထိုလုပ်ငန်းစဉ်မှ ထွက်သောအရာ၌ ပါဝင်သော အလုပ်တခုခုတွင် ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်နှင့်၊ သို့တည်းမဟုတ် ထိုလုပ်ငန်းစဉ်မှ ထွက်သောအရာနှင့် သက်ဆိုင်သော အလုပ်တခုခုတွင် ဖြစ်စေ အခနှင့်သော်၎င်း၊ အခမဲ့သော်၎င်း ခိုင်းစေ ခံရသောသူကို ဆိုလိုသည်။ ယင်းစကားရပ်တွင် ပြုလုပ်မှုလုပ်ငန်းစဉ်နှင့် မသက်ဆိုင်သည့်နေရာ သို့မဟုတ် ပြုလုပမှုလုပ်ငန်းစဉ်နှင့် ဆက်စပ်သော နေရာတစ်ခုခုတွင် ကြီးကြပ်သူ၊ လုံခြုံရေး၊ ယာဉ်မောင်း၊ သန့်ရှင်းရေး၊ ထမင်းချက်၊ စာပို့သူ၊ ဉယျာဉ်လုပ်သားနှင့် အထွေထွေလုပ်သားစသည် တို့လည်း ပါဝင်သည်။ | ||
| (ဍ) | အလုပ်ရုံဆိုသည်မှာ အလုပ်သမား ၅ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသည့် သို့မဟုတ် လွန်ခဲ့သည့် ၁၂ လအတွင်း မည်သည့် ရက်တွင်မဆို အလုပ်လုပ်ကိုင်နေခဲ့သည့်အပြင် ပြုလုပ်မှုလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သော အစိတ်အပိုင်း တစ်ခုခုတွင်၊ အားအကူအညီဖြင့် လုပ်ကိုင်နေသည့် သို့မဟုတ် သာမန်အားဖြင့် လုပ်ငန်းဆောင်ရွက်သည့် အဆောက်အအုံတစ်ခုခုနှင့် တကွ ဥပစာ ကိုပါဆိုလိုပြီး အလုပ်သမား ၁၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသည့် သို့မဟုတ် လွန်ခဲ့သည့် ၁၂ လအတွင်း မည်သည့်ရက်တွင်မဆို အလုပ်လုပ်ကိုင်နေခဲ့သည့် အပြင်၊ ပြုလုပ်မှုလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သော အစိတ်အပိုင်း တစ်ခုခုတွင်၊ အားအကူအညီ မရှိဘဲ လုပ်ကိုင်နေသည့် သို့မဟုတ် သာမန်အားဖြင့် ယင်းသို့ လုပ်ကိုင်သည့် အဆောက်အအုံ တစ်ခုခုနှင့်တကွ ဥပစာလည်း ပါဝင်သည်။ ထို့ပြင် အလုပ်သမား တစ်ဦးနှင့်အထက် အလုပ်လုပ်ကိုင်သည့် မော်တော်ယာဉ် ပြင်ဆင်ရာဌာန၊ မော်တော်ယာဉ်ဆေး သုတ်ရာဌာန၊ စာပုံနှိပ်ဌာနနှင့် ဆီကြိတ်ဌာနများ ပါဝင်သည့်အပြင် လိုအပ်ပါက အခြားအလုပ်ဌာနများကိုလည်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိင်သည်။ သို့ရာတွင် မြန်မာ့သတ္တုတွင်း ဥပဒေနှင့် သက်ဆိုင်သည့် သတ္တုတွင်းမပါဝင်။ | ||
| (ဎ) | "လုပ်ငန်းပိုင်ရှင်" ဆိုသည်မှာ၊ အလုပ်ရုံနှင့် အလုပ်ရုံ တွင်လုပ်သည့် လုပ်ငန်းဆိုင်ရာကိစ္စများကို ပင်ရင်းကြီးကြပ်အုပ်ချုပ်သူကိုဆိုလိုသည်။ သို့ရာတွင် အဆိုပါ ကိစ္စများကို ကြီးကြပ်သူ ကိုယ်စားလှယ်အား လွှဲအပ်ထားလျှင်၊ သို့တည်းမဟုတ် ပုဒ်မ ၉၃ အရ ခန့်ထားမည်ဟု စစ်ဆေးရေးအရာရှိအား၊ ကြိုတင်အကြောင်းကြား၍ ခန့်ထားသူအား လွှဲအပ်ထားလျှင်၊ ယင်းသို့သော ကိုယ်စားလှယ်သည်၊ သို့တည်းမဟုတ် ခန့်ထားခံရသူသည် လုပ်ငန်းပိုင်ရှင် ဖြစ်သည်ဟူ၍ မှတ်ယူရမည်။ | ||
| (ဏ) | "မှတ်ပုံတင်ဆရာဝန်" ဆိုသည်မှာ၊ တိုင်းရင်းဆေးကောင်စီဥပဒေ အရဖြစ်စေ၊ ဆရာဝန်များ၏ မှတ်ပုံဝင်စာရင်း ထားရှိရေးအတွက် ပြဋ္ဌာန်းသည့် တည်ဆဲဥပဒေ တရပ်ရပ်အရဖြစ်စေ မှတ်ပုံတင်ထားသူကို ဆိုလိုသည့်ပြင်၊ ထိုကဲ့သို့ မှတ်ပုံတင်ဆရာဝန် မရှိသည့် အရပ်ဒေသ တခုခုအတွက် ဤအက်ဥပဒေအလို့ငှာ မှတ်ပုံတင်ဆရာဝန် ဖြစ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန က အမိန့်ကြော်ငြာစာဖြင့် ပြဋ္ဌာန်းသူသည်လည်း ထိုစကားရပ်တွင် ပါဝင်သည်။ | ||
| (တ) | တနေ့တည်းတွင် တမျိုးတည်းသော အလုပ်ကို အလုပ်သမားစုနှစ်စုဖြစ်စေ၊ နှစ်စုထက်ပို၍ ဖြစ်စေ ကာလခွဲခြား၍ လုပ်လျှင် ယင်းသို့သော အလုပ်သမားစု အသီးသီးကို "အလှည့်ကျလူစု"ဟု ခေါ်သည်။ ထိုအလှည့်ကျလူစု လုပ်သည့် ကာလ အပိုင်းခြားကို သို့တည်းမဟုတ် ကာလအပိုင်းအခြားများကို "အလှည့်" ဟုခေါ်သည်။ ထို့ပြင် | ||
| (တ) | * * * * * * * * * * * * * * * * * * * * * * * * * * | ||
အချိန်နာရီရည်ညွှန်းချက်။
၃။ ဤအက်ဥပဒေ၌ အချိန်နာရီကို ရည်ညွှန်းလျှင် မြန်မာနိုင်ငံတော် စံတော်ချိန်ကို ရည်ညွှန်းသည်။
အလုပ်ရုံအတွက် ပြဋ္ဌာန်းချက်များကို အခြားနေရာများတွင် သုံးစွဲနိုင်သောအာဏာ။
| ၄။ | (၁) | အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် အစိုးရပြန်တမ်းတွင် အမိန့်ကျေညာချက်ဖြင့် အလုပ်ရုံများနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်အားလုံးကို၊ သို့တည်းမဟုတ် ပြဋ္ဌာန်းချက်တခုခု အားကိုအသုံးပြုလျက် ဖြစ်စေ၊ အားကို အသုံးမပြုဘဲ လျက်ဖြစ်စေ ပြုလုပ်မှုလုပ်ငန်းစဉ် ဆောင်ရွက်နေသော၊ သို့တည်းမဟုတ် ဆောင်ရွက်သော မည်သည့်နေရာနှင့် မဆို သက်ဆိုင်စေရမည်ဟု ကျေညာနိုင်သည်။ |
| (၂) | ပုဒ်မခွဲ (၁) အရ အမိန့်ကျေညာချက်ကို ထိုသို့သော နေရာတခုခုအတွက် သော်၎င်း၊ သို့တည်းမဟုတ် ထိုသို့သော နေရာအမျိုးအစားအတွက် သော်၎င်း၊ သို့တည်းမဟုတ် ယေဘုယျအားဖြင့် ထိုသို့သော နေရာအားလုံးအတွက်သော်၎င်း ထုတ်ပြန်နိုင်သည်။ | |
| (၃) | ပုဒ်မ ၂ ၏စာပိုဒ် (ဍ)တွင် မည်သို့ပင်ဆိုစေကာမူ ပုဒ်မခွဲ (၁)အရ အလုပ်ရုံနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် အားလုံးနှင့်၊ သို့တည်းမဟုတ် ပြဋ္ဌာန်းချက် တခုခုနှင့် သက်ဆိုင်စေသော ကာလအပိုင်းအခြားတွင် ထိုနေရာကို ယင်းသို့ သက်ဆိုင်စေသည့် ပြဋ္ဌာန်းချက်များအလို့ငှာ အလုပ်ရုံဟု မှတ်ယူရမည်။ |
အလုပ်ရုံ၌ ပြောင်းလဲမှုရှိသောအခါ ကင်းလွတ်စေခွင့်ပြုနိုင်သည့် အာဏာ
၅။ * * * * * * * * * * * * * * *
အလုပ်ရုံများကို သဘောတူညီခြင်း၊ လိုင်စင်ထုတ်ပေးခြင်းနှင့် မှတ်ပုံတင်ခြင်း။
| ၆။ | (၁) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန သည်၊ အောက်ပါကိစ္စများအတွက် နည်းဥပဒေများပြုနိုင်သည်။ | |
| (က) | အလုပ်ရုံတည်ရှိမည့် မြေကွက် အတွက်၎င်း၊ မည်သည့် အလုပ်ရုံကို မဆို သို့တည်းမဟုတ် မည်သည့်အမျိုးအစား ဖြစ်သော အလုပ်ရုံများကိုမဆို ဆောက်လုပ်ရန်၊ သို့တည်းမဟုတ် တိုးချဲ့ရန်အတွက်၎င်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၏ ခွင့်ပြုချက်ကို ကြိုတင်ရယူရမည်ဟု ပြဋ္ဌာန်းရန်ကိစ္စ။ | ||
| (ခ) | ထိုခွင့်ပြုချက်ရရှိရန်အတွက် လျှောက်လွှာများကို စဉ်းစားဆင်ခြင်နိုင်ရန် အလို့ငှါ၊ ပုံစံများနှင့် အသေးစိတ်ဖော်ပြချက်များကို တင်ပြရမည်ဟု ပြဋ္ဌာန်းရန်ကိစ္စ။ | ||
| (ဂ) | မည်ကဲ့သို့သော ပုံစံများနှင့်အသေးစိတ် ဖော်ပြချက်များကို တင်ပြရမည်ဟူ၍ ၎င်း၊ ထိုပုံစံများနှင့် အသေးစိတ်ဖော်ပြချက်များကို မည်သူကတာဝန်ခံလက်မှတ်ရေးထိုးရမည်ဟူ၍ ၎င်း ပြဋ္ဌာန်းရန်ကိစ္စ။ | ||
| (ဃ) | အလုပ်ရုံများကို၊ သို့တည်းမဟုတ် မည်သည့် အမျိုးအစားဖြစ်သော အလုပ်ရုံများကိုမဆို၊ မှတ်ပုံတင်၍ လိုင်စင်ထုတ်ပေးရမည်ဟု ပြဋ္ဌာန်းရန်ကိစ္စ။ ထို့အပြင် မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း အတွက်ပေးရမည့် အခများကို၎င်း၊ လိုင်စင်များ အသစ်လဲလှယ်ခြင်း အတွက် ပေးရမည့် အခများကို၎င်း ပြဋ္ဌာန်းရန်ကိစ္စ။ | ||
| (င) | ပုဒ်မ ၈တွင် ဖော်ပြထားသည့် နို့တစ်စာမပေးရသေးလျှင် မည်သည့် လိုင်စင်ကိုမျှမထုတ်ပေးရ၊ သို့တည်းမဟုတ် အသစ်လဲလှယ်ခြင်း မပြုရဟူ၍ ပြဋ္ဌာန်းရန်ကိစ္စ။ | ||
| (၂) | ပုဒ်မခွဲ (၁)၊ အပိုဒ် (ခ) အရ ပြုသည့် နည်းဥပဒေများအရ လိုအပ်သည့် ပုံစံများနှင့် အသေးစိတ်ဖော်ပြချက်များပါ ပူးတွဲ၍၊ ပုဒ်မခွဲ (၁)၊ အပိုဒ် (က)တွင် ရည်ညွှန်းသည့် ခွင့်ပြုချက်ရရှိရန်အတွက် လျှောက်လွှာကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ မှတ်ပုံတင်၍ ဖြစ်စေ၊ အခြားသင့်တော်သော နည်းလမ်းဖြင့်ဖြစ်စေ ပေးပို့ရာတွင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ခွင့်ပြုခြင်း သို့မဟုတ် အကြောင်းပြချက်ဖော်ပြ၍ ငြင်းပယ်ခြင်းပြုလုပ်ရမည်။ | ||
| (၃) | အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က မြေရာကွက်အတွက် အလုပ်ရုံ ဆောက်လုပ်ရန်၊ သို့တည်းမဟုတ် တိုးချဲ့ရန်အတွက်၊ သို့တည်းမဟုတ် အလုပ်ရုံ မှတ်ပုံတင်ရန်နှင့် လိုင်စင်ထုတ်ပေးရန် အတွက် ခွင့်ပြုချက်ကို ပေးရန်ငြင်းဆိုလျှင်၊ လျှောက်ထားသူသည် ယင်းသို့ ငြင်းဆိုသည့်နေ့မှ ရက်ပေါင်း ခြောက်ဆယ်အတွင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ထံ အယူခံဝင်နိုင်သည်။ | ||
| ရှင်းလင်းချက်။ ။ စက်၊ သို့တည်းမဟုတ် စက်ကိရိယာ တစ်ခုခုကို အသစ်လဲလှယ်ခြင်းကြောင့် ဖြစ်စေ၊ ပြဋ္ဌာန်းသည့် ကန့်သတ်ချက်များနှင့်အညီ၊ စက်၊ သို့တည်းမဟုတ် စက်ကိရိယာတခုခုကို ထပ်ဖြည့်တပ်ဆင်ခြင်းကြောင့်ဖြစ်စေ၊ ဤပုဒ်မ၏ အဓိပ္ပါယ်အရ အလုပ်ရုံကို တိုးချဲ့သည်ဟု မမှတ်ယူရ။ | |||
တိုင်းပြည်၌ အရေးတကြီး အခြေဖြစ်ပေါ်နေသည့်ကာလအတွင်း ကင်းလွတ်ခွင့်ပြုနိုင်သည့် အာဏာ။
၇။ တိုင်းပြည်၌ အရေးတကြီး အခြေအဖြစ်ပေါ်နေလျှင်၊ နိုင်ငံတော်သမ္မတသည် အမိန့်ကြော်ငြာစာထုတ်ပြန်၍ မည်သည့်အလုပ်ရုံကိုမဆို၊ သို့တည်းမဟုတ် မည်သည့် အမျိုးအစားဖြစ်သော အလုပ်ရုံများကို မဆို မိမိသင့်သည် ထင်မြင်သည့် ကာလအပိုင်းအခြားအတွင်း၊ သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်အားလုံးနှင့်ဖြစ်စေ၊ တခုခုနှင့်ဖြစ်စေ သက်ဆိုင်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။
သို့ရာတွင် ထိုအမိန့်ကြော်ငြာစာသည် တကြိမ်လျှင် သုံးလထက်ပို၍ အတည်မဖြစ်စေရ။
လုပ်ငန်းပိုင်ရှင်ကပေးရန် နို့တစ်စာ။
| ၈။ | (၁) | လုပ်ငန်းပိုင်ရှင်သည်၊ အလုပ်ရုံအဖြစ် မည်သည့်အဆောက်အဦ၌ မဆို၊ စတင်၍ လုပ်ငန်းလုပ်ခြင်း၊ သို့တည်းမဟုတ် အဆောက်အဦကိုအသုံးပြုခြင်းမပြုမီ၊ အနည်းဆုံးဆယ့်ငါးရက် ကြိုတင်၍၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံ အောက်ပါအချက်များနှင့် စပ်လျဉ်း၍ နို့တစ်စာပေးပို့ရမည်။ | ||
| (က) | အလုပ်ရုံ၏ အမည်နှင့်တည်ရာအရပ်။ | |||
| (ခ) | လုပ်ငန်းပိုင်ရှင်၏ အမည်နှင့်နေရပ်အပြည့်အစုံ။ | |||
| (ဂ) | အလုပ်ရုံနှင့် စပ်လျဉ်းသည့် အကြောင်းကြားစာများ ပေးပို့ရမည့် နေရပ်အပြည့်အစုံ၊ "ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်(စ်)နံပါတ်၊ အီးမေးလ် လိပ်စာ။" | |||
| (ဃ) | ပြလုပ်မှုလုပ်ငန်းစဉ်အမျိုးအစား- | |||
| (ကက) | ဤအက်ဥပဒေအာဏာ တည်သည့်နေ့တွင် ရှိနေပြီးဖြစ်သော အလုပ်ရုံများနှင့် စပ်လျဉ်း၍၊ ထိုအလုပ်ရုံတွင် လွန်ခဲ့သည့် ဆယ့်နှစ်လအတွင်း လုပ်သည့် ပြုလုပ်မှု လုပ်ငန်းစဉ်။ | |||
| (ခခ) | *(အလုပ်ရုံအားလုံးနှင့်စပ်လျဉ်း၍) နောက်လာမည့် ဆယ့်နှစ်လအတွင်း လုပ်မည့် ပြုလုပ်မှုလုပ်ငန်းစဉ်။ | |||
| (င) | လုပ်ငန်းအမျိုးအစား၊ အသုံးပြုရမည့် လျှပ်စစ်ဝန်အားနှင့် စက်စွမ်းအား။ | |||
| (စ) | ဤအက်ဥပဒေအလို့ငှါ အလုပ်ရုံမန်နေဂျာဖြစ်သူ၏အမည်။ | |||
| (ဆ) | အလုပ်ရုံတွင် ခိုင်းစေဘွယ်ရာရှိသည့် အလုပ်သမားအရေအတွက်။ | |||
| (ဇ) | ဤအက်ဥပဒေအာဏာတည်သည့်နေ့တွင် ရှိနေပြီးဖြစ်သော အလုပ်ရုံများနှင့်စပ်လျဉ်း၍၊ လွန်ခဲ့သည့် ဆယ့်နှစ်လအတွင်း ပျမ်းမျှခြင်းအားဖြင့် တစ်နေ့လျှင် ခိုင်းစေသည့် အလုပ်သမား အရေအတွက်။ | |||
| (ဈ) | ပြဋ္ဌာန်းသည့် အခြားအကြောင်းအရာများ။ | |||
| (၂) | ဤအက်ဥပဒေနှင့် ပဌမအကြိမ်သက်ဆိုင် လာသည့်အလုပ်ရုံအားလုံးနှင့် စပ်လျဉ်း၍ လုပ်ငန်းပိုင်ရှင်သည်၊ ပုဒ်မခွဲ (၁)တွင် ဖေါ်ပြထားသည့် အကြောင်းအရာများပါရှိသော နို့တစ်စာကို၊ ဤအက်ဥပဒေအာဏာတည်သည့်နေ့မှ ရက်ပေါင်းသုံးဆယ်အတွင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံပေးပို့ရမည်။ | |||
| (၃) | တစ်နှစ်လျှင် အလုပ်လုပ်သည့်ရက်ပေါင်း တရာ့ရှစ်ဆယ်အောက်လျော့၍ သာမန်အားဖြင့် လုပ်သော ပြုလုပ်မှုလုပ်ငန်းစဉ်ကို အသုံးပြုသော အလုပ်ရုံတွင် အလုပ်ပြန်လည်မလုပ်မီ၊ လုပ်ငန်းပိုင်ရှင်သည် ပုဒ်မခွဲ(၁)တွင် ဖော်ပြထားသည့် အကြောင်းအရာ များပါရှိသော နို့တစ်စာကို အလုပ်စတင်မလုပ်မီ ရက်ပေါင်း သုံးဆယ်အတွင်း၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံပေးပို့ရမည်။ | |||
| (၄) | မန်နေဂျာအသစ်ခန့်ထားသည့် အခါတိုင်း လုပ်ငန်းပိုင်ရှင်သည် မန်နေဂျာအသစ် အလုပ်ဝတ္တရားစတင်ဆောင်ရွက်သည့်နေ့မှ ခုနှစ်ရက်အတွင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံနို့တစ်စာပေးပို့ရမည်။ | |||
| (၅) | မည်သူ့ကိုမျှ အလုပ်ရုံ မန်နေဂျာအနေဖြင့် ခန့်ထားခြင်းမရှိသေးသော ကာလအပိုင်းအခြား အတွင်းသော်၎င်း၊ မန်နေဂျာ အနေဖြင့် ခန့်ထားခြင်းခံရသူသည်၊ အလုပ်ရုံကို အုပ်ချုပ်ခြင်းမပြုသည့်ကာလ အပိုင်းအခြားအတွင်းသော်၎င်း၊ မန်နေဂျာအဖြစ် ခေတ္တလုပ်နေသူ၊ သို့တည်းမဟုတ် ယင်းသို့ လုပ်သူမရှိလျှင်၊ လုပ်ငန်းပိုင်ရှင် ကိုယ်တိုင်ပင်၊ ဤအက်ဥပဒေအလို့ငှါ၊ ထိုအလုပ်ရုံ၏ မန်နေဂျာအနေဖြင့် ဖြစ်သည်ဟူ၍ မှတ်ယူရမည်။ | |||
| (၆) | ဥပဒေအရ ပိတ်ရသည့်အခါမှတပါး အလုပ်ရုံတခုကို ခေတ္တ၊ သို့တည်းမဟုတ် အချိန်အကန့်အသတ်မရှိဘဲ၊ ပိတ်ထားရန်လိုအပ်သည့် အခါတွင်၊ လုပ်ငန်းပိုင်ရှင်သည်၊ အလုပ်ရုံမပိတ်မီ အနည်းဆုံး တလကြိုတင်၍ အကြောင်းပြချက်များပါရှိသော နို့တစ်စာကို အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ရမည်။ အကြောင်း တခုခု ကြောင့် နို့တစ်စာကို တလကြိုတင်၍ မပေးပို့နိုင်လျှင်၊ အလုပ်ရုံကို မပိတ်မီဆောလျင် နိုင်သမျှဆောလျင်စွာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ ကြိုတင်ကြောင်းကြားရမည်။ သို့ရာတွင် မမြှော်လင့်ဘဲ ရုတ်တရက် အခြေဖြစ်ပေါ်လာသော အကြောင်းကြောင့်ဖြစ်စေ၊ စက်ကိရိယာများချို့ယွင်းပျက်စီးသောကြောင့်ဖြစ်စေ၊ အလုပ်ရုံကိပိတ်ရလျှင်၊ ယင်းသို့ ပိတ်သည်အချိန်မှ လေးဆယ့်ရှစ်နာရီအတွင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား အကြောင်းကြားရမည်။ | |||
| (၇) | ပုဒ်မခွဲ (၆) တွင် ရည်ညွှန်းသည့် လုပ်ငန်းပိုင်ရှင်သည်၊ အလုပ်ကို ပြန်လည်မလုပ်မီ ဆယ့်ငါးရက်အတွင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံယင်းသို့ ပြန်လည်လုပ်မည်ဖြစ်ကြောင်းကို နို့တစ်စာပေးပို့ရမည်။ | |||
အလုပ်ဌာနများကို သီးခြားအလုပ်ရုံများဖြစ်ကြောင်း ပြဋ္ဌာန်းနိုင်သည့်အာဏာ
၉။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် သီးခြားဖော်ပြထားသည့် အလုပ်ရုံဆိုင်ရာ အမျိုးမျိုးသော ဌာနများကို၊ သို့တည်းမဟုတ် ဌာနခွဲများကို၊ ဤအက်ဥပဒေပါကိစ္စအားလုံး၊ သို့တည်းမဟုတ် ကိစ္စတခုခုအတွက်၊ သီးခြားအလုပ်ရုံများအဖြစ် မှတ်ယူရမည်ဟု အမိန့်စာဖြင့် ညွှန်ကြားနိုင်သည်။
အခန်း(၂)
ကြည့်ရှုစစ်ဆေးသည့် ရာထမ်းမှုထမ်းအဖွဲ့။
စစ်ဆေးရေးအရာရှိ
| ၁၀။ | (၁) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မိမိသင့်တော်သည်ထင်မြင်သူကို၊ ဤအက်ဥပဒေ အလို့ငှါ၊ စစ်ဆေးရေးအရာရှိ အဖြစ် ခန့်ထားနိုင်သည်။ ၎င်းပြင် ထိုသူအတွက် မိမိသင့်တော်သည် ထင်မြင်သည့် နယ်နိမိတ်ကို သတ်မှတ်ပေးနိင်သည်။ |
| (၂) | နိုင်ငံတော်သမ္မတသည်၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ မိမိသင့်တော်သည် ထင်မြင်သူကို အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်ထားနိုင်သည်။ ထို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဤအက်ဥပဒေအရ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား အပ်နှင်းသည့် အာဏာများအပြင်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝှန်းလုံးတွင် စစ်ဆေးရေးအရာရှိ၏ အာဏာများကိုလည်း သုံးစွဲဆောင်ရွက်ရမည်။ | |
| (၃) | အလုပ်ရုံတွင်ဖြစ်စေ၊ ထိုအလုပ်ရုံတွင် လုပ်သောလုပ်ငန်း၊ သို့တည်းမဟုတ် စီးပွားရေးလုပ်ငန်းတွင်ဖြစ်စေ၊ ထိုအလုပ်ရုံနှင့် သက်ဆိုင်သည့် မှတ်ပုံတင်မူပိုင်ခွင့်လက်မှတ်၊ သို့တည်းမဟုတ် စက်ကိရိယာတွင်ဖြစ်စေ၊ အခြားစီးပွားရေး လုပ်ငန်းတခုခုတွင် ဖြစ်စေ၊ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍ သော်၎င်း၊ အကျိုး သက်ဆိုင်သူ၊ သို့တည်းမဟုတ် အကျိုးသက်ဆိုင်လာသူ မည်သူကိုမျှ၊ ပုဒ်မခွဲ(၁)၊ ပုဒ်မခ ခွဲ(၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ(၅)အရ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သို့တည်းမဟုတ် စစ်ဆေးရေးအရာရှိ အဖြစ်မခန့်ရ၊ ခန့်ထားပြီးဖြစ်လျှင်လည်း၊ ထိုရာထူးလက်ရှိနှင့် ဆက်လက်မနေစေရ။ | |
| (၄) | * * * * * * * * * * * * * * * * * | |
| (၅) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှူဖူလုံရေးဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာထုတ်ပြန်၍ မိမိသင့်တော်သည် ထင်မြင်သည့် အစိုးရ အရာရှိတို့ကို၊ ထိုသူတို့အတွက်၊ နယ်နိမိတ်အသီးသီးသတ်မှတ်၍၊ ဤအက်ဥပဒေပါ ကိစ္စအားလုံး၊ သို့တည်းမဟုတ် ကိစ္စတစ်ခုခု အလို့ငှါ၊ တွဲဘက် စစ်ဆေးရေးအရာရှိ များအဖြစ် ခန့်ထားနိုင်သည်။ | |
| (၆) | စစ်ဆေးရေးအရာရှိ တဦးထက်ပို၍ရှိသော အရပ်ဒေသတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ ထိုစစ်ဆေးရေး အရာရှိ အသီးသီးသုံးစွဲရန် အာဏာများကို၎င်း၊ ပြဋ္ဌာန်းထားသည့် နို့တစ်စာများကို မည်သည့်စစ်ဆေးရေးအရာရှိ ထံပေးပို့ရမည်ကို၎င်း ပြဋ္ဌာန်းနိုင်သည်။ | |
| (၇) | အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် စစ်ဆေးရေးအရာရှိ အသီးသီးသည် {ရာဇာသတ်ကြီးပုဒ်မ ၂၁ အရ} ပြည့်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည့်အပြင်၊ ရာထူးနှင့်စပ်လျဉ်း၍လည်း၊ ဤကိစ္စအလို့ငှါ နိုင်ငံတော်သမ္မတက သီးခြားဖော်ပြထားရာ အာဏာပိုင်လက်အောက်ဖြစ်ရမည်။ |
စစ်ဆေးရေးအရာရှိ၏ အာဏာများ
| ၁၁။ | ဤကိစ္စအလို့ငှာ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ကပြုသည့် နည်းဥပဒေများနှင့် မဆန့်ကျင်စေဘဲ စစ်ဆေးရေးအရာရှိသည်၊ မိမိကိုခန့်ထားရာ ရပ်ကွက်နယ်နိမိတ်အတွင်း ---- | ||
| (က) | အလုပ်ရုံအဖြစ် အသုံးပြုသည့်၊ သို့တည်းမဟုတ် ယင်းသို့ အသုံးပြုသည်ဟု မိမိယုံကြည်ရန် အကြောင်းရှိသည့် မည်သည့်နေရာသို့မဆို၊ ပြည်ထောင်စုအစိုးရ လက်အောက်တွင်ဖြစ်စေ၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ တဦးဦးလက်အောက်တွင်ဖြစ်စေ၊ အမှုထမ်းရွက်သူများဖြစ်သည့် မိမိသင့်တော်သည် ထင်မြင်သူများနှင့် ဝင်နိုင်သည်။ | ||
| (ခ) | ဤအက်ဥပဒေပါ ကိစ္စများကို ဆောင်ရွက်ရန် လိုအပ်သည်ဟု ထင်မြင်သည့်အတိုင်း၊ အဆောက်အဦ၊ စက်၊ ပြဋ္ဌာန်းထားသည့် မှတ်ပုံ စာအုပ်နှင့်တကွ၊ အလုပ်ရုံနှင့် သက်ဆိုင်သော အခြားစာချုပ်စာတမ်းများကို ကြည့်ရှုစစ်ဆေးနိုင်သည့်ပြင်၊ ထိုနေရာတွင်ပင်ဖြစ်စေ၊ အခြားတနည်းနည်းနှင့်ဖြစ်စေ၊ လိုအပ်သည်ဟု ထင်မြင်သည့် မည်သူ့အစစ်ခံချက်ကိုမဆို၊ ရေးမှတ်ယူနိုင်သည်၊ ထို့ပြင် | ||
| (ဂ) | ဤအက်ဥပဒေပါ ကိစ္စများကို ဆောင်ရွက်ရန် လိုအပ်သည့်အတိုင်း၊ အခြားအာဏာများကိုလည်း သုံးစွဲနိုင်သည်။ | ||
သို့ရာတွင် ရာဇဝတ် ပြစ်ဒဏ် မိမိအား ထိုက်သင့်စေနိုင်သည့်အဖြေကို ပေးရမည်ဟူ၍ သော်၎င်း၊ ရာဇဝတ် ပြစ်ဒဏ်မိမိအား ထိုက်သင့်စေနိုင်သည့် သက်သေခံချက်ကို ထွက်ဆိုရမည်ဟူ၍သော်၎င်း၊ မည်သူ့ကိုမျှ ဤပုဒ်မအရ တောင်းဆိုပိုင်ခွင့် မရှိစေရ။
အလုပ်လုပ်ရန်သင့်လျော်ကြောင်းမှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့်ဆရာဝန်များ။
| ၁၂။ | (၁) ကျန်းမာရေးဝန်ကြီးဌာနက ခန့်အပ်ထားသည့် မှတ်ပုံတင်ဆရာဝန်များနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၌ တာဝန်ထမ်းဆောင်နေသော ဆရာဝန်များကို ဤအက်ဥပဒေကိစ္စအလို့ငှာ အလုပ်လုပ်ရန်သင့်လျော်ကြောင်းထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်များအဖြစ် မှတ်ယူရမည်။ | |||
| (၂) အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်သည်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ၏သဘောတူညီချက်ဖြင့်၊ မှတ်ပုံတင် ဆရာဝန် တဦးတယောက်ကို မိမိသတ်မှတ်သည့် ကာလအပိုင်းအခြားအတွင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သင့်သည်ထင်မြင်သည့်အတိုင်း သတ်မှတ်သည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဤအက်ဥပဒေအရ၊ မိမိ၏ အာဏာများ သုံးစွဲခွင့်ပြုနိုင်သည်။ | ||||
| ထို့ပြင် ဤအက်ဥပဒေတွင် အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ် ထုတ်ပေးသည့် ဆရာဝန်ကို ရည်ညွှန်းသည့် အခါတိုင်း၊ ယင်းကဲ့သို့ အာဏာအပ်နှင်းထားသည့် မှတ်ပုံတင်ဆရာဝန်ကိုလည်း ရည်ညွှန်းဟု မှတ်ယူရမည်။ | ||||
| (၃) လုပ်ငန်းပိုင်ရှင်ကိုသော်၎င်း၊ အလုပ်ရုံတွင်ဖြစ်စေ၊ ထိုအလုပ်ရုံတွင်လုပ်ရသော လုပ်ငန်း၊ သို့တည်းမဟုတ် စီးပွားရေးလုပ်ငန်းတွင်ဖြစ်စေ၊ ထိုအလုပ်ရုံနှင့် သက်ဆိုင်သည့် မှတ်ပုံဝင်မူပိုင်ခွင့်လက်မှတ်၊ သို့တည်းမဟုတ် စက်ကိရိယာတွင်ဖြစ်စေ၊ တိုက်ရိုက်၊ သို့တည်းမဟုတ် သွယ်ဝိုက်၍ အကျိုးသက်ဆိုင်သူ ကိုသော်၎င်း၊ အလုပ်ရုံတွင် အခြားနည်းခိုင်းစေထားသူကိုသော်၎င်း၊ အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ် ထုတ်ပေးသည့် ဆရာဝန် အဖြစ်မခန့်ထားရ၊ သို့တည်းမဟုတ် အလုပ်လုပ်ရန် သင့်လျော်ကြော်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်၏ အာဏာများ သုံးစွဲခွင့်မပြုရ။ ခန့်ထားပြီး ဖြစ်လျှင်လည်း ထိုအလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်၏ အာဏာများကို ဆက်လက်သုံးစွဲခွင့် မပြုရ။ | ||||
| (၄) အလုပ်လုပ်ရန်သင့်လျော်ကြောင်းမှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ် ထုတ်ပေးသည့် ဆရာဝန်သည်၊ အောက်ပါကိစ္စများနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းသည့် တာဝန်ဝတ္တရားများကို ဆောင်ရွက်ရမည်- | ||||
| (က) | ဤအက်ဥပဒေအရ၊ လူငယ်များကို စစ်ဆေးခြင်းနှင့် အလုပ်လုပ်ရန် သင့်လျော်ကြေးမှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ် ထုတ်ပေးခြင်း။ | |||
| (ခ) | အလုပ်ရုံများတွင် ပြဋ္ဌာန်းသည့် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အလုပ်၊ သို့တည်းမဟုတ် လုပ်ငန်းတွင် ဆောင်ရွက်နေသူများကို စစ်ဆေးခြင်း။ | |||
| (ဂ) | အလုပ်ရုံတခုခုတွင် - | |||
| (ကက) | လုပ်ရသည့် လုပ်ငန်းကြောင့်ဖြစ်စေ အလုပ်ခွင် အခြေအနေများကြောင့်ဖြစ်စေ ဖြစ်ပွားသည်ဟု ယုံကြည်ရသော ရောဂါဖြစ်ပေါ်ခဲ့သော် | |||
| (ခခ) | လုပ်ငန်း၊ သို့တည်းမဟုတ် ထိုလုပ်ငန်းတွင် အသုံးပြုသည့် ပစ္စည်းပြောင်းလဲမှုကြောင့်ဖြစ်စေ၊ လုပ်ငန်းအသစ်၊ သို့တည်းမဟုတ် လုပ်ငန်းအတွက် ပစ္စည်းသစ်ကို အသုံးပြုမှုကြောင့်ဖြစ်စေ၊ ထိုလုပ်ငန်းတွင်လုပ်ရသည့် အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်ဘွယ်ရာရှိခဲ့သော်၊ | |||
| (ဂဂ) | လူငယ်များ၏ ကျန်းမာရေးကို ထိခိုက်ဘွယ်ရာရှိသည့် အလုပ်တွင် လူငယ်များကို ခိုင်းစေသော်၊ သို့တည်းမဟုတ်ခိုင်းစေရန် အကြောင်းရှိသော် ပြဋ္ဌာန်းသည့်အတိုင်း ကျန်းမာရေးနှင့် ညီညွှတ်စေရန် ကြပ်မတ် ကြည့်ရှုခြင်း။ | |||
အခန်း(၃)
ကျန်းမာရေး။
သန့်ရှင်းစင်ကြယ်မှု။
| ၁၃။ | (၁) အလုပ်ရုံတိုင်း၊ အလုပ်ရုံဝင်းတိုင်းကို သန့်ရှင်းစင်ကြယ်စွာ ထားရမည့်ပြင်၊ ရေမြောင်းမှ၊ သို့တည်းမဟုတ် ကျင်ကြီးကျင်ငယ် စွန့်ရန်နေရာမှ၊ သို့တည်းမဟုတ် အခြားနံစော်သည့်အရာမှ ထွက်သည့်အနံနှင့်လည်း ကင်းစေရမည်။ ထို့ပြင် အထူးသဖြင့် - | |||
| (က) | ကြမ်းပြင်များနှင့် အလုပ်ခုံများ၊ လှေကားများနှင့် လမ်းများတွင် တင်ရှိနေသော အညစ်အကြေး အမှိုက်သရိုက်စသည်များကို တံမြက်စည်းဖြင့် သော်၎င်း၊ အခြားထိရောက်သော နည်းလမ်းဖြင့်သော်၎င်း၊ နေ့စဉ်လှည်းကျင်း၍ သင့်တော်သောနည်းလမ်းဖြင့် စွန့်ပစ်ရမည်။ | |||
| (ခ) | အလုပ်ခန်းတိုင်း၏ ကြမ်းပြင်ကို ရက်သတ္တတပတ်လျှင် အနည်းဆုံးတကြိမ် ကျဆေးကြောရမည်။ အကယ်၍ အနံ့ပျောက်ဆေး ထည့်၍ဆေးကြောရန် လိုလျှင်ထည့်၍ ဆေးကြောရမည်၊ သို့တည်းမဟုတ် အခြားထိရောက်သော နည်းလမ်းဖြင့် သန့်ရှင်းစင်ကြယ်အောင် ပြုရမည်။ | |||
| (ဂ) | ပြုလုပ်မှုလုပ်ငန်းစဉ် တခုခုကြောင့်၊ ကြမ်းပြင်ပေါ်တွင် ရေအိုင်နေရန် အကြောင်းရှိလျှင်၊ ထိုသို့ ရေမအိုင်နေရန် အတွက် ရေဆင်းလမ်းပြုလုပ်ထားရှိရမည်။ | |||
| (ဃ) | အလုပ်ခန်း၏ အတွင်းနံရံ ခန်းဆီး၊ မျက်နှာကြက်၊ သို့တည်းမဟုတ် အမိုးအောက်အားလုံး၊ လမ်းများ၏ နံရံနှင့် အမိုးအောက်အားလုံး၊ လှေကားအားလုံးကို - | |||
| (ကက) | အဖြူသော်၎င်း၊ အခြားအရောင်သော်၎င်း သုတ်ထားရမည်။ ထို့ပြင် ဆယ့်နှစ်လလျှင် အနည်းဆုံး တကြိမ်ကျ ထပ်မံသုတ်ရမည်၊ သို့တည်းမဟုတ် | |||
| (ခခ) | သင်္ဘောဆေးသော်၎င်း၊ အရောင်တင်ဆီသော်၎င်း သုတ်ထားလျှင်၊ သုံးနှစ်လျှင် အနည်းဆုံးတကြိမ်ကျ ထပ်မံသုတ်ရမည်။ ဤကဲ့သို့ ဆေးသုတ်ထားသော နံရံ၊ ကြမ်းပြင် စသည်များသည်၊ ချောလျက် ရေဆေး၍ မပျက်နိုင်ပါက ဆယ့်နှစ်လလျှင် အနည်းဆုံး တကြိမ်ကျ ရေနွေးနှင့် ဆပ်ပြာဖြင့် ဖြစ်စေ၊ အခြားသင့်တော်သော ရောဂါကင်းစေသည့် ဆေးနှင့်ဖြစ်စေဆေးရမည်၊ သို့တည်းမဟုတ် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သဘောတူညီသည့် အခြားနည်းများဖြင့် သန့်ရှင်းစင်ကြယ်အောင် ပြုရမည်။ | |||
| (င) | အပိုဒ်ခွဲ(ဃ)အရ၊ လိုအပ်သည့်အတိုင်း၊ အဖြူဖြစ်စေ၊ အခြားအရောင်ဖြစ်စေ သုတ်သည့်၊ သို့တည်းမဟုတ် သင်္ဘောဆေးသုတ်သည့်၊ သို့တည်းမဟုတ် အရောင်တင်ဆီသုတ်သည့် နေ့စွဲများကို အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ကသတ်မှတ်ထားသည့် မှတ်ပုံစာအုပ်တွင် ရေးသွင်းရမည်။ | |||
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန သည်၊ အမိန့်ဖြင့် မည်သည့်အလုပ်ရုံကိုမဆို၊ သို့တည်းမဟုတ် မည်သည့်အလုပ်ရုံ အမျိုးအစားကိုမဆို၊ ပုဒ်မခွဲ (၁)ရှိ ပြဋ္ဌာန်းချက်များမှ ကင်းလွတ်ခွင့်ပြု၍၊ အလုပ်ရုံကို သန့်ရှင်းစင်ကြယ်သော အခြေအနေ၌ထားရှိရန် အခြားဆောင်ရွက်မှု နည်းလမ်းများကို သီးခြားဖော်ပြနိုင်သည်။ | |||
စွန့်ပစ်သည့်ပစ္စည်းများနှင့် ယိုစီးသည့်အရာများ သုတ်သင်ရှင်းလင်းခြင်း။
| ၁၄။ | (၁) | အလုပ်ရုံတိုင်းတွင်၊ ပြုလုပ်မှု လုပ်ငန်းစဉ်အရ စွန့်ပစ်သည့်ပစ္စည်းများ၊ ယိုစီးသည့် အရာများနှင့် အခိုးအငွေ့များ၊ အမှုန်အမွှားများ၊ အနံ့အသက်များကို ရှင်းလင်းသန့်စင်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် စီမံဆောင်ရွက်ထားရမည်။ |
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန သည်၊ ပုဒ်မခွဲ (၁)အရ ပြုရမည့် အစီအစဉ်များကို၊ ပြဋ္ဌာန်းသည့် နည်းဥပဒေများကို၊ သို့တည်းမဟုတ်၊ ပုဒ်မခွဲ(၁) အရပြုသည့် အစီအစဉ်အတွက် သက်ဆိုင်ရာဌာနများ၏ သဘောတူညီချက်ရယူရမည်ဟု ပြဋ္ဌာန်းသည့် နည်းဥပဒေများကို ပြုနိုင်သည်။ |
လေဝင်လေထွက်ရရှိအောင်နှင့်အပူအအေးမျှတအောင်ပြုခြင်း။
| ၁၅။ | (၁) | အလုပ်ရုံ၏ အလုပ်ခန်းတိုင်းတွင် လေကောင်းလေသန့် လုံလောက်စွာ ရရှိရန်နှင့် အလုပ်သမားတို့ နေသာချောင်ချိရေးနှင့် ကျန်းမာရေးအတွက် အပူအအေး မျှတရန် သင့်တော် လုံလောက်သော စီမံချက်များ ပြုပေးရမည်။ | |
| (က) | အပူချိန်မတိုးဘဲလျော့နိုင်သမျှလျော့စေရန်၊ နံရံများနှင့် အမိုးများကိုသင့်တော်သော ပစ္စည်းများနှင့် သင့်တော်သောပုံစံများဖြင့် ပြုရမည်။ | ||
| (ခ) | အလုပ်ရုံတွင်လုပ်သည့် အလုပ်အမျိုးအစားသည်၊ အပူရှိန် ပြင်းလွန်းသော၊ သို့တည်းမဟုတ် ပြင်းလွန်းဘွယ် ရှိသော အမျိုးအစားဖြစ်လျှင်၊ အလုပ်သမားများကို အပူရှိန်မှ ကာကွယ်ရန်အလို့ငှါ အလုပ်ခန်းနှင့် အလုပ်ကိုသီးခြားထား ခြင်းဖြင့်သော်၎င်း၊ ပူသောနေရာနှင့် ခွဲခြားထားခြင်းဖြင့်သော်၎င်း၊ အခြားနည်းဖြင့် ထိရောက်စွာ စီမံပေးခြင်းဖြင့်သော်၎င်း အစွမ်းကုန် လုံလောက်စွာစီမံပေးထားရမည်။ | ||
| (၂) | အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည်၊ မည်သည့်အလုပ်ရုံ၊ သို့တည်းမဟုတ် ထိုအလုပ်ရုံ၏ အစိတ်အပိုင်းများ အတွက်မဆို၊ သို့တည်းမဟုတ် မည်သည့်အမျိုးအစားဖြစ်သော အလုပ်ရုံများ၊ သို့တည်းမဟုတ် ထိုအလုပ်ရုံများ၏ အစိတ်အပိုင်းများအတွက်မဆို၊ လေဝင်လေထွက် မည်မျှရှိရမည်ဟူ၍၎င်း၊ အပူအအေး မည်မျှရှိရမည်ဟူ၍ ၎င်း၊ ပြဋ္ဌာန်းနိုင်သည့်ပြင် သီးခြားဖော်ပြသည့်နေရာ၌ အပူချိန်တိုင်းကိရိယာနှင့် အခြားလိုအပ်သည့်ကိရိယာများ ထားရှိရမည်ဟု ညွှန်ကြားနိုင်သည်။ | ||
| (၃) | အလုပ်ရုံတခုခုတွင်ဖြစ်စေ၊ အမျိုးအစား တခုခုဖြစ်သော အလုပ်ရုံများတွင်ဖြစ်စေ၊ အပြင်နံရံများကို၊ သို့တည်းမဟုတ် အမိုးများကို၊ သို့တည်းမဟုတ် ပြူတင်းပေါက်များကို အဖြူသုတ်ခြင်း၊ ရေဖျန်းခြင်း၊ အပူရှိန်မှ ကာကွယ်ခြင်းစသည့် နည်းလမ်းများဖြင့် ဖြစ်စေ၊ လေဝင်လေထွက်ရရှိအောင် အမိုးကိုမြှင့်တင်ပေးခြင်း၊ သို့တည်းမဟုတ် အမိုးနှစ်ထပ်ထားခြင်းဖြင့်ဖြစ်စေ၊ အပူရှိန်ကာကွယ်နိုင်သည့် ပစ္စည်းများနှင့် မိုးခြင်းဖြင့်ဖြစ်စေ၊ ပြင်းထန်သော အပူရှိန်ကိုလျော့စေနိုင်မည်ဟု အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ထင်မြင်လျှင်၊ အလုပ်ရုံတွင် လိုက်နာဆောင်ရွက်ရမည့် အဆိုပါနည်းလမ်းများကို၊ သို့တည်းမဟုတ် အခြားနည်းလမ်းများကို သတ်မှတ်နိုင်သည်။ | ||
အမှုန်များနှင့်အခိုးအငွေ့များ။
| ၁၆။ | (၁) | အလုပ်ရုံတွင်လုပ်နေသော ပြုလုပ်မှုလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ အလုပ်ရုံတွင် ခိုင်းစေခံရသူများကို၊ ဘေးအန္တရာယ်ဖြစ်ဘွယ်ရာ လက္ခဏာရှိသည့် အမှုန်၊ အခိုးအငွေ့၊ သို့တည်းမဟုတ် အခြားအညစ်အကြေးများ ထွက်လျှင် သော်၎င်း၊ အမှုန်၊ သို့တည်းမဟုတ် အခိုးအငွေ့အများအပြား ထွက်လျှင်သော်၎င်း၊ ထိုအခိုးအငွေ့စသည်များကို၊ မရှူမရှိုက်မိရန်နှင့် အခန်းတွင် အခိုးအငွေ့များ စုဝေးမနေနိုင်ရန်၊ အစွမ်းကုန်စီမံဆောင်ရွက်ပေးရမည်။ ထို့ပြင် အခိုးအငွေ့၊ အညစ်အကြေး စသည်များထွက်နိုင်ရန်၊ ထွက်ပေါက်များ ပြုလုပ်ပေးရန် လိုအပ်လျှင်၊ ထိုအခိုးအငွေ့၊ အညစ်အကြေးစသည်များဖြစ်ရာ နေရာနှင့် နီးနိုင်သမျှ နီးကပ်သော နေရာများတွင် ထွက်ပေါက်များ စီမံထားရှိရမည်။ ထို့ပြင် ထိုနေရာကို တက်နိုင်သမျှ ပိတ်ဆို့ထားရမည်။ | |
| (၂) | အလုပ်ရုံတွင် အခိုးထွက် ပေါက်အပြင်ဘက်သို့ ထုတ်မထားလျှင်၊ မရွေ့ဘဲနေသည့် အင်ဂျင်စက်ကို ခုတ်မောင်းခြင်း မပြုရ။ ထို့ပြင်အခန်းတွင် ခိုင်းစေ ခံရသူအလုပ်သမားတို့ ဘေးအန္တရာယ် ဖြစ်စေမည့် အခိုးအငွေ့များ စုဝေးခြင်းကို ကာကွယ်ရန် စီမံထားခြင်းမရှိလျှင်၊ အခြားမည်သည့် အင်ဂျင်စက်ကိုမျှ၊ ထိုအခန်းတွင် ခုတ်မောင်းခြင်း မပြုရ။ | ||
| အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သည်ယေဘုယျအားဖြင့် အလုပ်ရုံအားလုံးတွင် လုပ်ငန်းပိုင်ရှင်များကိုဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုတွင်၊ သို့တည်းမဟုတ် အလုပ်ရုံ တခုခုတွင် လုပ်ငန်းပိုင်ရှင်တို့ကိုဖြစ်စေ၊ ပုဒ်မခွဲ (၁)ပါ လိုအပ်ချက်များနှင့်အညီ၊ မည်သို့ စီမံဆောင်ရွက်ရမည်ဟု ညွှန်ကြားချက်များ အခါအားလျော်စွာ ထုတ်ပေးနိုင်သည်။ ဆိုင်ရာလုပ်ငန်းပိုင်ရှင်သည်၊ သို့တည်းမဟုတ် လုပ်ငန်းပိုင်ရှင်များသည်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ အမိန့်တွင် သီးခြားဖော်ပြထားသည့် အချိန်အကန့်အသတ်အတွင်း ဆိုခဲ့သည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။ | |||
လေကိုစိုထိုင်းစေခြင်း
| ၁၇။ | (၁) | လေကိုပိုမိုစိုထိုင်းအောင် ဖန်တီးရသည့် အလုပ်ရုံအားလုံးတွင် --- | |
| (က) | စိုထိုင်းသော လေအတွက် စံချိန်သတ်မှတ်ရန်၊ | ||
| (ခ) | လေကို ပိုမိစိုထိုင်းအောင် ဖန်တီးရန် အသုံးပြုသည့် နည်းလမ်းများကို သတ်မှတ်ရန်၊ | ||
| (ဂ) | လေ၏စိုထိုင်းခြင်း မည်ရွေ့မည်မျှရှိကြောင်း အမှန်သိရှိရန်နှင့် မှတ်တမ်းတင်ရန်အတွက် သတ်မှတ်ထားသည့် စမ်းစပ်မှုများကို ဆောင်ရွက်ရမည်ဟု ဆင့်ဆိုရန်၊ | ||
| (ဃ) | အလုပ်ခန်းများတွင် လေလုံလောက်စွာ ဝင်နိုင်ရန်နှင့် အလုပ်ခန်းတွင်းရှိလေကို အေးအောင်ပြုရန်အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ပြဋ္ဌာန်းရန်၊ | ||
| အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနက နည်းဥပဒေများပြုနိုင်သည်။ | |||
| (၂) | လေကိုပိုမိုစိုထိုင်းအောင် ဖန်တီးရသည့် အလုပ်ရုံတွင် ထိကိစ္စအလို့ငှါ အသုံးပြုသည့် ရေသည် သောက်ရေ ရယူသည့်နေရာမှ ရေသော်၎င်း၊ အသုံးမပြုမီ သန့်ရှင်းစင်ကြယ်အောင် ပြုထားသည့် ရေသော်၎င်း ဖြစ်ရမည်။ | ||
| (၃) | အလုပ်ရုံတွင်လေကို ပိုမိုစိုထိုင်းအောင် အသုံးပြုသည့်ရေကို ပုဒ်မခွဲ(၂)အရ၊ သန့်ရှင်းစင်ကြယ်အောင်ပြုရန် လိုအပ်သည့်အတိုင်း သန့်ရှင်းစင်ကြယ်အောင် မလုပ်ဟု ထင်မြင်လျှင်၊ စစ်ဆေးရေးအရာရှိသည်၊ လိုက်နာဆောင်ရွက်ရန်သင့်သည်ဟု မိမိထင်မြင်သော စီမံချက်များကို သီးခြားဖော်ပြ၍၊ သီးခြားဖော်ပြရာပါ နေ့မတိုင်မီ ဆောင်ရွက်ရမည်ဟု ဆင့်ဆိုသော အမိန့်စာကို အလုပ်ရုံ မန်နေဂျာထံ ချအပ်နိုင်သည်။ | ||
လူထူထပ်ခြင်း
| ၁၈။ | (၁) | အလုပ်ရုံရှိ အခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားများ၏ ကျန်းမာရေးကို ထိခိုက်နိုင်လောက်အောင် လူထူထပ်ခြင်း မရှိစေ။ |
| (၂) | ပုဒ်မခွဲ (၁)တွင် မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ၊ အခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားအသီးသီးအတွက်၊ ကုဗအကျယ်အဝန်းသည် ကုဗပေ ငါးရာအောက် မနည်းစေရ၊ ကုဗအကျယ်အဝန်းတွက်စစ်ရန် အလိုငှါ ကြမ်းပြင်မှ ဆယ့်လေးပေးအထက် မြင့်သော အကျယ်အဝန်းကို ထည့်သွင်းခြင်းမပြုရ။ | |
| (၃) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ဤပုဒ်မရှိပြဋ္ဌာန်းချက်များနှင့် အညီ အလုပ်ခန်းတွင် ခိုင်းစေမည့် အများဆုံး အလုပ်သမားဦးရေ သီးခြားဖော်ပြသည့် နို့တစ်စာကို၊ ထိုအလုပ်ခန်းအသီးသီးတွင် ကပ်ထားရမည်ဟု ဆင့်ဆိုလျှင်၊ ယင်းသို့ ဆင့်ဆိုသည့်အတိုင်း ကပ်ထားရမည်။ | |
| (၄) | အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က အလုပ်ခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားများ၏ ကျန်းမာရေးအတွက် ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် မလိုဟု မိမိကျေနပ်လျှင်၊ စည်းကမ်းချက်များ သတ်မှတ်ရန် လိုအပ်လျှင် သင့်တော်သည် ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍၊ အလုပ်ခန်းကို အထက်ဆိုခဲ့သည့် ပြဋ္ဌာန်းချက်များမှ အမိန့်စာဖြင့် ကင်းလွတ်ခွင့်ပြုနိုင်သည်။ ထို့ပြင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ဤပုဒ်မရှိ၊ ပုဒ်မခွဲ(၂)တွင် ဖော်ပြထားသည့် စံချိန်အတိုင်း မဟုတ်ဘဲ၊ အကျယ်အဝန်းမည်ရွှေ့မည်မျှရှိရမည်ဟု အလုပ်ရုံ တခုခုအတွက် ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုအတွက် ဖြစ်စေ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။ |
အလင်းရောင်ရရှိစေခြင်း။
| ၁၉။ | (၁) | အလုပ်သမားများ အလုပ်လုပ်နေသော၊ သို့တည်းမဟုတ် ဖြတ်သန်းသွားလာနေသော အလုပ်ရုံ၏ အစိတ်အပိုင်း အသီးသီးတွင် သဘာဝ အလင်းရောင်သို့တည်းမဟုတ် ဖန်တီးထားသည့် အလင်းရောင်ကို သင့်တော်လုံလောက်စွာရရှိနိုင်ရန် စီမံထားရမည်။ | |
| (၂) | အလုပ်ရုံတိုင်းတွင် အလုပ်ခန်းလင်းရန် အလို့ငှါ၊ တပ်ဆင်ထားသည့် မှန်ပြူတင်းနှင့် မှန်ပေါက်အားလုံးကို အတွင်းအပြင် ကြည်လင်အောင် ထားရှိရမည့်ပြင် ပုဒ်မ ၁၅ ရှိ၊ ပုဒ်မခွဲ (၃)အရ၊ ပြုသည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သည်နှင့်အမျှ ပြူတင်းပေါက် အားလုံးကို ပိတ်ကွယ်ခြင်း မရှိစေရန်လည်း ဆောင်ရွက်ရမည်။ | ||
| (၃) | အောက်ပါအချက်များကို အစွမ်းကုန်ကာကွယ်ပေးရန် စီမံချက်ကို ထိရောက်စွာ ပြုရမည်။ | ||
| (က) | အလင်းရောင်ကြောင့်ဖြစ်စေ၊ ပြောင်လက်ချောမွေ့သော မျက်နှာပြင်မှဟပ်သည့် အလင်းရောင်ကြောင့်ဖြစ်စေ၊ မျက်စိကျန်းလောက်အောင် တောက်ပသော အလင်းရောင်း။ | ||
| (ခ) | အလုပ်သမား၏ မျက်စိအားကို စိုက်၍ ကြည့်ရလောက်အောင် မှောင်ခြင်း၊ သို့တည်းမဟုတ် အလုပ်သမားကို မတော်တဆ ထိခိုက်နိုင်လောက်အောင် မှောင်ခြင်း။ | ||
| (၄) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသည်၊ အလုပ်ရုံများအတွက် ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုအတွက်ဖြစ်စေ၊ အလုပ်ရုံအစိတ်အပိုင်းများအတွက် ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်တစ်ခုခုအတွက်ဖြစ်စေ သင့်တော်လုံလောက်သော စံချိန်အလင်းရောင်ကို သတ်မှတ်နိုင်သည်။ | ||
သောက်ရေ
| ၂၀။ | (၁) | အလုပ်ရုံတိုင်းတွင် သင့်တော်၍ အသွားအလာ လွယ်ကူသောနေရာများ၌၊ အလုပ်သမားအားလုံးအတွက် သန့်ရှင်းစင်ကြယ်သော သောက်ရေကို လုံလောက်စွာ ထားရှိရန် ထိရောက်စွာ စီမံဆောင်ရွက်ပေးရမည်။ | |
| (၂) | ရေထားပေးသော နေရာအားလုံးကို ပြီသသောစာလုံးများဖြင့် "သောက်ရေ" ဟု ရေးမှတ်ထားရမည့်အပြင်၊ ထိုနေရာများကို အဝတ်လျှော်ဖွပ်ရာနေရာ၊ အိမ်သာ၊ သို့တည်းမဟုတ် ကျင်ငယ်စွန့်ရန်နေရာမှ ပေနှစ်ဆယ်အတွင်း မထားရှိစေရ။ | ||
| (၃) | သာမန်အားဖြင့် အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင် နွေရာသီ၌ သောက်ရေကို ထိရောက်သော နည်းလမ်းဖြင့် အေးအောင်ပြု၍ ဝေငှရန် စီမံထားရှိရမည်။ | ||
| (၄) | သောက်ရေပေးရာ၌ အလုပ်ရုံအားလုံး၊ သို့တည်းမဟုတ် အလုပ်ရုံအမျိုးအစား တခုခုကို သန့်ရှင်းစင်ကြယ်သော သောက်ရေ ပေးရန်၊ အခြားလိုအပ်သည့် အချက်များကို ၎င်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန က သတ်မှတ်နိုင်သည်။ | ||
အိမ်သာများနှင့်ကျင်ငယ်စွန့်ရန်နေရာများ
| ၂၁။ | (၁) | အလုပ်ရုံတိုင်းတွင် - | |
| (က) | အလုပ်သမားများ အချိန်မရွေး လွယ်ကူစွာ သွားလာနိုင်သည့် နေရာများ၌ အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို သတ်မှတ်သော ပုံစံအတိုင်း လုံလောက်စွာ ထားရှိရမည်။ | ||
| (ခ) | မိန်းမအလုပ်သမားများအတွက် အိမ်သာများနှင့် ကျင်ငယ်စွန့်ရန် နေရာများကို ယောင်္ကျားအလုပ်သမားများအတွက် ထားရှိသော အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများမှ သီးခြားစီမံထားပေးရမည်။ | ||
| (ဂ) | ထိုအိမ်သာများ၏ အဝင်အထွက် "ယောင်္ကျား"၊ သို့တည်းမဟုတ် "မိန်းမ" ဟု သက်ဆိုင်ရာစာတမ်းကိုဖြစ်စေ၊ အမှတ်အသားကိုဖြစ်စေ ထင်ရှားအောင် ကပ်ထားရမည်။ | ||
| (ဃ) | အိမ်သာများနှင့် ကျင်ငယ်စွန့်ရန် နေရာများကို၊ အလင်းရောင်နှင့် လေလုံလောက်စွာရရှိအောင် စီမံထားရှိရမည်။ မည်သည့်အိမ်ယာ၊ သိုတည်းမဟု၊ ကျင်ငယ်စွန့်ရန် နေရာကိုမျှ၊ ကြားနေရာလပ်၊ သို့တည်းမဟုတ် လေဝင်လေထွက်နိုင်သောလမ်း မရှိဘဲ အလုပ်ခန်းနှင့် ဆက်သွယ်၍ မထားရ။ | ||
| (င) | အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို၊ မည်သည့်အချိန်၌မဆို သန့်ရှင်းစင်ကြယ်၍ ကျန်းမာရေးနှင့် ညီညွှတ်သော အခြေအနေတွင် ထားရှိရမည်။ | ||
| (စ) | တံမြက်လှည်းသူ လုံလောက်စွာထားရှိရမည်၊ ထိုတံမြက်လှည်းသူ၏ အဓိကအလုပ်ဝတ္တရားမှာ၊ အိမ်သာများ၊ ကျင်ငယ်စွန့်ရန် နေရာများနှင့် လျှော်ဖွပ်ရန် နေရာများကို သန့်ရှင်းစင်ကြယ်အောင် ပြုရန်ပင်ဖြစ်သည်။ | ||
| (၂) | သာမန်အားဖြင့် အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင် --- | ||
| (က) | သန့်ရှင်းစင်ကြယ်ရေးနှင့် ညီညွှတ်သည်ဟု သတ်မှတ်ထားသော ပုံစံအတိုင်း အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို စီမံထားရှိရမည်။ | ||
| (ခ) | ထိုအိမ်သာများ၊ ကျင်ငယ်စွန့်ရန် နေရာများ စသည့်သန့်ရှင်းစင်ကြယ်ရေးနှင့် ဆိုင်သော အဆောက်အဦ များ၏ ကြမ်းပြင်များနှင့် ထိုကြမ်းပြင်များမှ သုံးပေးအမြင့်ထိ နံရံများကို ကြွေရည်သုတ် ကျောက်ပြား၊ သို့တည်းမဟုတ် ချောမွေ့လျက် ရေစိမ့်မဝင်နိုင်သော အခြားပစ္စည်းများဖြင့် စီမံထားရှိရမည်။ | ||
| (ဂ) | ပုဒ်မခွဲ (၁)၊ အပိုဒ် (င) နှင့်(စ)ပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ၊ ယင်းကဲ့သို့ စီမံပြုလုပ်ပြီးသည့် ကြမ်းပြင်နှင့် နံရံအစိတ်အပိုင်းကို ၎င်း၊ ကျင်ကြီးကျင်ငယ် ခံခွက်များကို၎င်း၊ ရောဂါကင်းစေသည့် ဆေးကိုဖြစ်စေ၊ အနံ့ပျောက်ဆေးကိုဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ အသုံးပြု၍ နေ့စဉ် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောထားရမည်။ | ||
| (၃) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည်၊ အလုပ်ရုံတွင် သာမန်အားဖြင့် ခိုင်းစေထားသည့် ယောင်္ကျား အလုပ်သမားများနှင့် မိန်းမအလုပ်သမားများ၏ အရေအတွက် အချိုးအစားကိုလိုက်၍ အိမ်သာနှင့် ကျင်ငယ်စွန့်ရန် နေရာအရေအတွက်ကို ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည့်အပြင်၊ အလုပ်ရုံများ၏ သန့်ရှင်းစင်ကြယ်ရေးနှင့် စပ်လျဉ်း၍ အလုပ်သမားများ၏ တာဝတ္တရားများမှ စ၍၊ အလုပ်သမား၏ ကျန်းမာရေးအတွက် လိုအပ်သော အခြားသန့်ရှင်း စင်ကြယ်ရေး ကိစ္စများအတွက်လည်း ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။ | ||
တံတွေးထွေးရန်ခွက်နှင့် အမှိုက်ပုံးများ
| ၂၂။ | (၁) | အလုပ်ရုံတိုင်းတွင် သင့်တော်သောနေရာတိုင်း၌ တံတွေးထွေးရန်ခွက်နှင့် အမှိုက်ပုံးများကို လုံလောက်စွာ စီမံထားရှိ ရမည့်ပြင်၊ ကျန်းမာရေးနှင့် လျော်ညီအောင် သန့်ရှင်းစင်ကြယ်စွာ စီမံထားရှိရမည်။ | |
| (၂) | အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည်၊ မည်သည့်အလုပ်ရုံတွင်မဆို တံတွေးထွေးရန်ခွက်နှင့် အမှိုက်ပုံး အမျိုးအစား၊ အရေအတွက်နှင့် ထားရမည့်နေရာကို သတ်မှတ်နိုင်သည့်ပြင်၊ ထိုတံတွေးထွေးရန်နှင့် အမှိုက်ပုံးများကို သန့်ရှင်းစွာနှင့် ကျန်းမာရေးနှင့် ညီညွှတ်စွာထားရှိစေရန် ညွှန်ကြားချက်များထုတ်ပြန်နိုင်သည်။ | ||
| (၃) | အလုပ်ရုံအတွင်းတွင် ထားရှိသည့် တံတွေးထွေးရန်ခွက်နှင့် အမှိုက်ပုံးထဲမှ အပ အခြားနေရာတွင် မည်သူမျှအလုပ်ရုံ အတွင်း၌ တံတွေးမထွေးရ။ ယင်းသို့ တံတွေးမထွေးရန် တားမြစ်ကြောင်း နှင့် ကျူးလွန်လျှင် ထိုက်သင့်စေနိုင်သည့် အပြစ်ဒဏ်ကို ဖော်ပြသည့် ကြော်ငြာစာများကို၊ သင့်တော်သော နေရာများတွင် ထင်ရှားစွာ ထားရှိရမည်။ | ||
| (၄) | မည်သူမဆို ပုဒ်မခွဲ (၃)ပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်လျက်တံတွေး ထွေးလျင်ကျပ်တစ်ထောင် မပိုသော ငွေဒဏ်စီရင်ခြင်းခံရမည်။ | ||
အခန်း၄။
ဘေးရန်ကင်းရှင်းမှု။
စက်ကိရိယာများကို ကာရံထားခြင်း
| ၂၃။ | (၁) | အလုပ်ရုံတိုင်းတွင် အောက်ပါ စက်ကိရိယာများကို၊ ထိုစက်ကိရိယာများ လည်နေစဉ်၊ သို့တည်းမဟုတ် ထိုစက်ကိရိယာများကို အသုံးပြုနေစဉ်၊ အခိုင်အခံ့ဆောက်လုပ်ထားသည့် အကာအရံများဖြင့် လုံခြုံစွာကာရန်ထားရမည့်ပြင်၊ ထိုအကာအရံများကို အစဉ်အမြဲ ပြုပြင်၍ နေရာတကျ ထားရှိရမည်။ | ||
| (က) | အားပေးစက်များ --- | |||
| (ကက) | အားပေးစက်၏ လှုပ်ရှားနေသော အစိတ်အပိုင်းနှင့် အားပေးစက်နှင့် တိုက်ရိုက်ဆက်သွယ်ထားသော အားပေးစက်ဘီး (ထိုအားပေးစက်သည်၊ သို့တည်းမဟုတ် အားပေးစက်ဘီးသည်၊ စက်ခန်းအတွင်း၌ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ)။ | |||
| (ခခ) | ရေအားဘီး(water wheel)နှင့် ရေရဟပ် (water-turbine)၏ ရှေစွန်းနှင့် နောက်မြီးစွန်းများ။ | |||
| (ဂဂ) | လျှပ်စစ်ဂျင်နရေတာ (electrci generator)၏ အစိတ်အပိုင်း၊ မော်တော်စက်၏ အစိတ်အပိုင်း၊ အားပြောင်းလဲစက်(rotary converter)၏ အစိတ်အပိုင်း အသီးသီး (အကယ်၍ ထိုအစိတ်အပိုင်းသည် တည်နေပုံကြောင့်သော်၎င်း၊ တည်ထားပုံကြောင့်သော် ၎င်း၊ ကာရထားခြင်း မရှိသော်လည်း၊ ကာရံထားခြင်းရှိဘိသကဲ့သို့ အလုပ်ရုံတွင် ခိုင်းစေခံရသူ၊ သို့တည်းမဟုတ် လုပ်နေသူတိုင်းအား၊ ဘေးရန်ကင်းရှင်းစေလျင် ကာရံထားရှိစေရန် မလို)။ | |||
| (ခ) | အားပို့စက်ကိရိယာများ --- | |||
| အားပို့စက်ကိရိယာ၏ အစိတ်အပိုင်းအသီးသီး (အကယ်၍ ထိုအစိတ်အပိုင်းအသီးသီးသည် တည်နေပုံကြောင့်သော်၎င်း၊ တည်ထားပုံကြောင့် သော်၎င်း၊ ကာရံထားခြင်း မရှိသော်လည်း၊ ကာရံထားခြင်း ရှိဘိသကဲ့သို့ အလုပ်ရုံတွင် ခိုင်းစေခံရသူ၊ သို့တည်းမဟုတ် လုပ်နေသူတိုင်းအား၊ ဘေးရန်ကင်းရှင်းစေလျင် ကာရံထားရှိရန်မလို)။ | ||||
| (ဂ) | အခြားစက်ကိရိယာများ --- | |||
| (ကက) | အခြားစက်ကိရိယာများ၏ ဘေးအန္တရာယ် ဖြစ်စေတက်သော အစိတ်အပိုင်းအသီးသီး (အကယ်၍ ထိုအစိတ်အပိုင်းသည် တည်နေပုံကြောင့်သော်၎င်း၊ တည်ထားပုံကြောင့်သော်၎င်း၊ ကာရံထားခြင်းမရှိသော်လည်း၊ ကာရံထားခြင်း ရှိဘိသကဲ့သို့ အလုပ်ရုံတွင် ခိုင်းစေခံရသူ၊ သို့တည်းမဟုတ် လုပ်နေသူတိုင်း အားဘေးရန်ကင်းရှင်းစေလျင် ကာရံထားရှိရန်မလို)။ | |||
| (ခခ) | တွင်ခုံ၏ ခေါင်းပိုင်းမှ အစွန်းထွက်နေသာ ပစ္စည်းအစိတ်အပိုင်း။ | |||
သို့ရာတွင် အထက်ဆိုခဲ့သည့် ပုဒ်မခွဲ(၁)၏ အပိုဒ်(ခ)နှင့် (ဂ)ပါ ကိစ္စများအလို့ငှါ၊ အကယ်၍ စက်ကိရိယာ အစိတ်အပိုင်းတခုသည် တည်နေပုံကြောင့်သော်၎င်း၊ တည်ထားပုံကြောင့် သော်၎င်း၊ ကာရံထားခြင်းမရှိသော်လည်း၊ ကာရံထားခြင်း ရှိဘိသကဲ့သို့ အဆောက်အဦတွင်ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ ခိုင်းစေခံရသူ၊ သိုတည်းမဟုတ် လုပ်နေသူတိုင်းအား ဘေးရန်ကင်းရှင်းစေသည်၊ မကင်းရှင်းစေသည် ဆုံးဖြတ်ရာ၌၊ ထိုစက်ကိရိယာ အစိတ်အပိုင်း လည်နေစဉ်သာ စစ်ဆေးရန်လိုသည့် စက်ကိရိယာစစ်ဆေးမှုကို ပြုနေသူကိုဖြစ်စေ၊ စက်ကိရိယာအစိတ်အပိုင်း လည်နေစဉ်သာ စစ်ဆေးရာ၌ လိုအပ်သည်ထင်မြင်သော သားရေပတ်ကြိုး တပ်ဆင်းခြင်း၊ စက်ဆီထည့်ခြင်း၊ သို့တည်းမဟုတ် အခြားစက်ကိရိယာ နေရာတကျ ရှိအောင် ပြင်ဆင်မှု ပြုနေသူကိုဖြစ်စေ ထည့်သွင်းစဉ်းစားခြင်း မပြုရ။
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ စက်ကိရိယာတခုခုအတွက်၊ သို့တည်းမဟုတ် စက်ကိရိယာ၏ အစိတ်အပိုင်း တခုခုအတွက်၊ မိမိလိုအပ်သည် ထင်မြင်လျင်၊ နောက်ထပ် ကာကွယ်ရေး စီမံချက်များကို နည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်၊ သို့တည်းမဟုတ် စက်ကိရိယာ တခုခုကိုဖြစ်စေ၊ စက်ကိရိယာ၏ အစိတ်အပိုင်း တခုခုကိုဖြစ်စေ၊ အလုပ်သမားတို့ ဘေးရန်ကင်းရှင်းရန်အတွက်၊ လိုအပ်သည်ဟု မိမိထင်မြင်သော စည်းကမ်းချက်ထား၍၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ နည်းဥပဒေများဖြင့် ကင်းလွှတ်ခွင့်ပြုနိုင်သည်။ |
လည်နေသော စက်ကိရိယာ၌၊ သို့တည်းမဟုတ် ထိုစက်ကိရိယာ အနီး၌ အလုပ်လုပ်ခြင်း။
| ၂၄။ | (၁) | အလုပ်ရုံတွင် ပုဒ်မ ၂၃ ၌ ရည်ညွှန်းထားသည့် စက်ကိရိယာ၏ အစိတ်အပိုင်းကို ထိုစက်ကိရိယာလည်နေစဉ် စစ်ဆေးရန် လိုအပ်လျှင်သော်၎င်း၊ ယင်းသို့ စစ်ဆေးပြီး စက်ကိရိယာလည်နေစဉ် သားရေပတ်ကြိုးတပ်ခြင်း၊ သို့တည်းမဟုတ် ချခြင်း၊ စက်ဆီထည့်ခြင်း၊ သို့တည်းမဟုတ် စက်ကိရိယာ နေရာတကျရှိအောင် ပြင်ဆင်မှုပြုခြင်း စသည့်အလုပ်များကို လုပ်ရန်လိုအပ်လျှင် သော်၎င်း၊ ယင်းသို့ စစ်ဆေးခြင်းကို၊ သို့တည်းမဟုတ် သားရေပတ်ကြိုးတပ်ခြင်း စသည့်အလုပ်များကို၊ ထိုအလုပ်များအတွက် အထူးသင်ကြားထားသော ယောင်္ကျားလူကြီး အလုပ်သမားများသာ၊ ကိုယ်ကြပ်အဝတ်အစားများ ဝတ်ဆင်လျက် ဆောင်ရွက်ရမည်။ ထိုသူတို့၏ အမည်သည် ဤကိစ္စအလို့ငှါ ပြဋ္ဌာန်းသည့် မှတ်ပုံစာအုပ်တွင် ရေးသွင်းပြီး ဖြစ်ရမည်။ ထို့ပြင် ယင်းသို့လုပ်နေစဉ် --- | |
| (က) | ထိုအလုပ်သမားသည်၊ ဗြက်အားဖြင့် ခြောက်လမအောက်ငယ်၍ တသားတည်းဖြစ်အောင် ဆက်ထားသော သားရေပတ်ကြိးများမှ လွဲ၍ အခြားသား ရေပတ်ကြိုးများကို လည်နေသော ပူလီပေါ်တင်ခြင်း၊ သို့တည်းမဟုတ် ချခြင်းအလို့ငှါ၊ ကိုင်တွယ်ခြင်း မပြုစေရ။ | ||
| (ခ) | စက်ကိရိယာများကို ကာရံထားရမည့် အခြားတာဝန်များအပြင်၊ အထိန်းဝက်အူ၊ လည်သည့်ဝင်ရိုးတံ၏ သော့ချက်၊ ဝင်ရိုး၊ ဘီး၊ သို့တည်းမဟုတ် ပင်နယံ၊ သံဆူးတက်အားလုံး၊ ဝက်အူရစ်တံ အားလုံးနှင့် အသွားတပ်ထားသည့်၊ သို့တည်းမဟုတ် ပွတ်၍လည်သည့် အခြားကိရိယာအားလုံးကို ကာရံထားခြင်းမရှိလျှင် အလုပ်ကို လုပ်နေသူအား ထိခိုက်ဘွယ် အကြောင်းရှိမည် ဖြစ်၍၊ ၎င်းစက်ကိရိယာများကို လုံခြုံစွာကာရံထားရမည်။ | ||
| (၂) | မည်သည့်မိန်းမကိုမျှ၊ သို့တည်းမဟုတ် မည်သည့်ကလေးကိုမျှ စက်ကိရိယာ အစိတ်အပိုင်း လည်နေစဉ်၊ ထိုအစိတ်အပိုင်းကို တိုက်ချွတ်ရန်၊ စက်ဆီထည့်ရန်၊ သို့တည်းမဟုတ် နေရာတကျရှိအောင် ပြင်ဆင်ရန်သော်၎င်း၊ လည်နေသည့် စက်ကိရိယာ၏ လည်နေသော အစိတ်အပိုင်း စပ်ကြားတွင်၊ သို့တည်းမဟုတ် ပုံသေတပ်ထားသည့်အစိတ်အပိုင်းနှင့် လည်နေသော အစိတ်အပိုင်း စပ်ကြားတွင် အလုပ်လုပ်ရန်သော်၎င်း ခွင့်မပြုရ။ | ||
| (၃) | သီးခြားဖော်ပြထားသည့် အလုပ်ရုံတွင်ဖြစ်စေ၊ သို့တည်းမဟုတ် သီးခြားဖော်ပြထားသည့် အမျိုးအစားဖြစ်သော အလုပ်ရုံများတွင် ဖြစ်စေ၊ သီးခြားဖော်ပြထားသည့် စက်ကိရိယာ အစိတ်အပိုင်းများ လည်နေစဉ်၊ ထိုအစိတ်အပိုင်းများကို မည်သူမျှ တိုက်ချွတ်ခြင်း၊ စက်ဆီထည့်ခြင်း၊ သို့တည်းမဟုတ် နေရာတကျရှိ အောင်ပြင်ဆင်ခြင်းမပြုရဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် တားမြစ်နိုင်သည်။ | ||
ဘေးအန္တရာယ် ဖြစ်စေတက်သော စက်ကိရိယာများ၌ လူငယ်များကို ခိုင်းစေခြင်း
| ၂၅။ | (၁) | စက်နှင့်စပ်ဆိုင်သော ဘေးအန္တရာယ်များနှင့် လိုက်နာဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်မှုများကို အစုံအလင် သိရှိနားလည်ပြီး ဖြစ်သည့်ပြင် --- | |
| (က) | စက်၌ လုပ်ရမည့်အလုပ်ကို လုံလောက်စွာ သင်ကြားတက်မြောက်ပြီး ဖြစ်သည့် လူငယ်၊ သို့တည်းမဟုတ် | ||
| (ခ) | စက်နှင့်စပ်လျဉ်း၍ ကောင်းစွာတက်ကျွမ်းနားလည်ပြီး အလုပ်ရည်ဝသူတဦး၏ ကြီးကြပ်စီမံခြင်းကို ခံရသည့် လူငယ်မှ တပါး၊ အခြားမည်သည့် လူငယ်မျှ၊ ဤပုဒ်မနှင့် သက်ဆိုင်သည့် စက်၌ အလုပ်မလုပ်ရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။ | ||
| (၂) | အထက်ဆိုခဲ့သည့် လိုအပ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက၊ လူငယ်များလုပ်ရန် မသင့်တော်လောက်အောင် ဘေးအန္တရာယ်ဖြစ်စေနိုင်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထင်မြင်သဘောရရှိ၍ သတ်မှတ်သည့် စက်များနှင့် ပုဒ်မခွဲ(၁)သည် သက်ဆိုင်စေရမည်။ | ||
ရှေ့တိုးနောက်ငင်သွားသော စက်များ။
၂၇။ မည်သည့် အလုပ်ရုံတွင်မဆို၊ အကယ်၍ စက်၏ရှေ့တိုးနောက်ငင် သွားသော အစိတ်အပိုင်းသွားရာလမ်းသို့ အလုပ်ကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့် ဖြစ်စေ လူများဖြတ်သန်းသွားတက်သည် ဖြစ်ပါမူ၊ ထိုအစိတ်အပိုင်းသည် ၎င်း၊ ထိုအစိတ်အပိုင်းပေါ်တွင် သယ်ယူသော ပစ္စည်းသည်၎င်း၊ စက်ကိုယ်ထည် မဟုတ်သည့် အတည်တကျ ဆောက်လုပ်ထားသော အရာတခုခုနှင့် တဆယ့်ရှစ်လက်မအောက်လျော့၍ နီးသော နေရာသို့ မရောက်စေရ။
သို့ရာတွင် ဤအက်ဥပဒေကို အတည်မပြုမီ တပ်ဆင် ထားသော စက်သည်၊ ဤပုဒ်မပါလိုအပ်ချက်များနှင့် မညီညွှတ်လျှင်၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် စက်ကို မိမိသတ်မှတ်သည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ ဆက်လက် အသုံးပြုစေနိုင်သည်။
စက်ကိရိယာသစ်ကို အိမ်ဖွဲ့၍ထားရှိခြင်း
| ၂၈။ | (၁) | ဤအက်ဥပဒေအာဏာတည်သည့်နေ့ နောက်မှ အလုပ်ရုံတွင် တပ်ဆင်သည့်အားဖြင့် မောင်းသော စက်အားလုံးတွင် --- | |
| (က) | အထိန်းဝက်အူလည်သည့် ဝင်ရုံးတံပေါ်ရှိ ဇာဝီ၊ သို့တည်းမဟုတ် သော့ချက်၊ ဝင်ရိုးငယ်(spindle)ဘီး၊ သို့တည်းမဟုတ် ပင်နယံ (pinion) အသီးသီးကို ဘေးအန္တရာယ်ကင်းရှင်းလောက်အောင် မြှုပ်နှံ၍ သော်၎င်း၊ အိမ်ဖွဲ့၍ သော်၎င်း၊ အခြားနည်းဖြင့် ထိရောက်စွာ ကာကွယ်၍ သော်၎င်း ထားရှိရမည်၊ ထို့ပြင် | ||
| (ခ) | စက်လည်နေသည့်အခါ နေရာတကျ ဖြစ်အောင် မကြာမကြာ ပြုပြင်ပေးရန် မလိုသည့် သံဆူးတပ်အားလုံး၊ ဝက်အူရစ်တံအားလုံးနှင့် အသွားတပ်ထားသည့်၊ သို့တည်းမဟုတ် ပွတ်တိုက်ပြီး လည်သည့် ကိရိယာအားလုံးကို လုံခြုံအောင် အိမ်ဖွဲ့ ကာရံထားရမည်။ သို့ရာတွင် ၎င်းတို့သည် လုံခြုံစွာ အိမ်ဖွဲ့ကာရံထားဘိသကဲ့သို့ ဘေးရန်ကင်းရှင်းမည့် အခြေအနေ၌ ရှိမည်ဆိုလျှင်၊ ၎င်းတို့ကို ကာရံထားရန်မလို။ | ||
| (၂) | အားဖြင့်မောင်းသောပုဒ်မ(၁)ပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်သည့် စက်ကိုမည်သူမဆို အလုပ်ရုံတွင် အသုံးပြုရန် ရောင်းချလျှင်၊ သို့တည်းမဟုတ် ငှားရမ်းလျှင်၊ သို့တည်းမဟုတ် ရောင်းချသူ၏ ကိုယ်စားလှယ် အဖြစ် ဖြင့်သော်၎င်း၊ ငှားရမ်းသူ၏ကိုယ်စားလှယ်အဖြစ်ဖြင့်သော်၎င်း၊ ရောင်းချလျှင်၊ သို့တည်းမဟုတ် ငှားရမ်းလျှင်၊ ထိုသူသည် သုံးလ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းအောက် မနည်းသောငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ စီရင်ခြင်းခံရမည်။ | ||
| (၃) | ဤပုဒ်မရှိပြဋ္ဌာန်းချက်များသည် စက်တခုခုနှင့်ဖြစ်စေ၊ စက်အမျိုးအစား တခုခုနှင့် ဖြစ်စေ၊ သက်ဆိုင်စေရမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန သည် နည်းဥပဒေဖြင့် ပြဋ္ဌာန်းနိုင်သည်။ ထိုနည်းဥပဒေများတွင် ထိုစက်ကို ဖြစ်စေ၊ ထိုစက်အမျိုးအစားကိုဖြစ်စေ ကာကွယ်ရမည့် စီမံချက်အမျိုးအစားများကို သီးခြားဖော်ပြနိုင်သည်။ | ||
ဝါဖက်စက်အနီးအနားတွင် မိန်မးများနှင့် ကလေးများအားခိုင်းစေခြင်းကို တားမြစ်ခြင်း။
၂၉။ ဝါဖက်စက်လည်နေသော အလုပ်ရုံ အစိတ်အပိုင်းတခုခုတွင် မည်သည့် မိန်းမကိုမျှ၊ သို့တည်းမဟုတ် မည်သည့်ကလေးကိုမျှ မခိုင်းစေရ။
သို့ရာတွင် ဝါဖက်စက်၏ ဝါထည့်ရာဘက်သည် အခန်းတွင်ရှိ၍ ထိုအခန်းနှင့် ဝါထုတ်ရာဘက်ကို အမိုးထိအောင် ကာရံ၍ ထားလျှင်ဖြစ်စေ၊ ဝါဖက်စက်တခုခုနှင့် စပ်လျဉ်း၍၊ စစ်ဆေးရေးအရာရှိက သီးခြားသတ်မှတ်သည့် အမြင့် ထိကာရံ၍ ထားလျှင်ဖြစ်စေ၊ ဝါထည့်ရာဘက် အခန်းတွင် မိန်းမများနှင့် ကလေးများကို ခိုင်းစေနိုင်သည်။
မြှောက်စက်(hoist)နှင့် ပင့်စက်များ(lift)
| ၃၀။ | (၁) မြှောက်စက်(hoist)၊ သို့တည်းမဟုတ် ပင့်စက်(lift) အသီးသီးကို ကောင်းမွန်သောစက်ကိရိယာဖြင့် တပ်ဆင်၍ တောင့်တင်းခိုင်ခံသောပစ္စည်းဖြင့် ကောင်းမွန်စွာ ဆောက်လုပ်ထားရမည့်ပြင် နေရာတကျလည်း ပြုပြင်ထားရှိရမည်။ | ||
| (၂) မြှောက်စက် (hoist)၊ သို့တည်းမဟုတ် ပင့်စက် (Lift)အသီးသီးကို၊ ခြောက်လလျှင် အနည်းဆုံးတကြိမ်ကျ စစ်ဆေးပိုင်ခွင့်ရှိသူက စေ့ငသေချာစွာ စစ်ဆေးရမည်။ ဤကဲ့သို့ စစ်ဆေးတိုင်း၊ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းထားသော အကြောင်းအရများ ရေးမှတ်ထားသော မှတ်ပုံစာအုပ် ထားရှိရမည်။ | |||
| (၃) မြှောက်စက်လမ်း (hoistway)၊ သို့တည်းမဟုတ် ပင့်စက်လမ်း(liftway)အသီးသီးကို တံခါးပေါက်များ တပ်ဆင်ထားသည့် အကာအရံဖြင့် ခိုင်လုံစွာ ကာရံထားရမည်။ ထိုမြှောက်စက် (hoist)သို့တည်းမဟုတ် ပင့်စက် (lift)ကို၎င်း၊ အကာအရအသီးသီးကို၎င်း၊ ထိုမြှောက်စက် (hoist)၊ သို့တည်းမဟုတ် ပင့်စက်(lift)အစိတ်အပိုင်းနှင့် ပုံသေဆောက်လုပ်ထားသော၊ သို့တည်းမဟုတ် လှုပ်ရှားနေသော အစိတ်အပိုင်းစပ်ကြားတွင် လူဖြစ်စေ၊ ဝတ္တုပစ္စည်းဖြစ်စေ မညှပ်မိအောင်ဆောင်လုပ်ထားရမည်။ | |||
| (၄) ဘေးရန်ကင်းရှင်းစွာ အများဆုံး သယ်ယူနိုင်သည့် ဝန်ချိန်ကို၊ မြှောက်စက် (hoist)၊ သို့တည်းမဟုတ် ပင့်စက်(lift)အသီးသီးတွင် ထင်ရှားအောင် ရေးသားထားရမည်။ ထိုဝန်ချိန်ထက်လေးသော မည်သည့်ဝန်ကိုမျှ သယ်ယူခြင်းမပြုရ။ | |||
| (၅) လူသယ်ယူရန်အတွက် အသုံးပြုသော မြှောက်စက်(hoist)နှင့် ပင့်စက် (lift)ချိုင့်အိမ်၏ ဝင်ထွက်နိုင်သည့်ဘက်တွင် တံခါးတပ်ထားရမည်။ | |||
| (၆) ချိုင့်အိမ်ရာနေရာသို့ မရောက်မီ တံခါးမပွင့်နိုင်အောင်၊ ထို့ပြင် တံခါးမပိတ်သေးဘဲ ချိုင့်အိမ် ရွှေ့မသွားနိုင်အောင်၊ ပုဒ်မခွဲ (၃) နှင့် (၅) များတွင် ရည်ညွှန်းထားသည့် တံခါးအသီးသီးတွင် ထိရောက်စွာ တားဆီးနိုင်သည့် ခလုတ်၊ သို့တည်းမဟုတ် အခြားစီမံချက်များ တပ်ဆင်းထားရမည်။ | |||
| (၇) အောက်ပါလိုအပ်သည့် အချက်များသည်လည်း၊ အလုပ်ရုံတွင် လူသယ်ယူရန် အတွက် ဤအက်ဥပဒေ အာဏာတည်ပြီးသည့် နောက်မှ ဆောက်လုပ်သော၊ သို့တည်းမဟုတ် ပြန်လည် ဆောက်လုပ်သော မြှောက်စက် (hoist)၊ သို့တည်းမဟုတ် ပင့်စက်(Lift)နှင့် သက်ဆိုင်စေရမည်။ | |||
| (က) | မြှောက်စက်၏ (hoist)၊ သို့တည်းမဟုတ် ပင့်စက်၏ (lift)ချိုင့်အိမ်ကိုကြိုးဖြင့် ဆိုင်းထားလျှင်၊ ချိုင့်အိမ်နှင့် မဲ့တင်းလေးကို သီးခြား ဆက်သွယ်သည့် ကြိုးအနည်းဆုံး နှစ်ချောင်းရှိရမည်။ ဤသို့ တပ်ဆင်ထားသော ကြိးအသီးသီးသည်၊ ကြိုး၏ တန်ဆာပလာများနှင့် တကွ ချိုင့်အိမ် တခုလုံး၏ အလေးချိန်နှင့် အများဆုံးသယ်ယူနိုင်သည့် ဝန်ချိန်ကို မြှောက်ပင့်နိုင်ရမည်။ | ||
| (ခ) | ကြိုးများ၊သို့တည်းမဟုတ် အခြားတန်ဆာပလာများ ပြတ်လျှင်ဖြစ်စေ၊ ပျက်လျှင်ဖြစ်စေ၊ ချိုင့်အိမ်နှင့်တကွ၊ ထိုချိုင့်အိမ်အတွင်းရှိ အများဆုံးသယ်ယူနိုင်သည့် ဝန်ချိန်ကိုပါ ဆွဲထိန်းထားနိုင်စေမည့် ထိရောက်သော စီမံချက်များ စီမံထားရှိရမည်။ | ||
| (ဂ) | ချိုင့်အိမ် လွန်မသွားနိုင်အောင် အလိုအလျောက်ရပ်စေနိုင်သည့် စီမံချက် တခုခု စီမံထားရှိရမည်။ | ||
| (၈) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် မြှောက်စက်(hoist)သို့တည်းမဟုတ်၊ ပင့်စက်(lift)အမျိုးအစားတခုခုနှင့် စပ်လျဉ်း၍ ဤပုဒ်မပါ လိုအပ်ချက်တခုခုကို လိုက်နာစေရန် မသင့်လျော်ဟု မိမိထင်မြင်လျှင် ထိုလိုအပ်ချက်သည် ထိုမြှောက်စက် (hoist)သို့တည်းမဟုတ်၊ ပင့်စက် (Lift)အမျိုးအစားနှင့် သက်ဆိုင်ခြင်း မရှိစေရဟု အမိန့်စာဖြင့် ဆင့်ဆိုနိုင်သည်။ | |||
ကရိန်းစက်(crane)နှင့် အခြားအလားတူ ပင့်မြှောက်စက်များ။
| ၃၁။ | (၁) | အလုပ်ရုံတွင် [မြှောက်စက်(hoist)၊ ပင့်စက်(Lisft) မဟုတ်သည့်] ကရိန်းစက် (crane)နှင့် အခြားအလားတူ စက်အားလုံးနှင့် စပ်လျဉ်း၍ အောက်ပါပြဋ္ဌာန်းချက်များ အတိုင်း လိုက်နာဆောင်ရွက်ရမည်။ | ||
| (က) | ပုံသေတပ်ထားသည့်၊ သို့တည်းမဟုတ် ရွှေ့ပြောင်းနိုင်သည့် ခုတ်မောင်းကိရိယာ(working gear)ကြိုးများ ဆွဲထိန်းသည့် ကိရိယာ (anchoring and fixing appliances)အမျိုးမျိုးပါဝင်သည့် ပင့်စက်အစိတ်အပိုင်းကို- | |||
| (ကက) | တောင့်တင်းခိုင်ခံ့သော ပစ္စည်းဖြင့် ကောင်းမွန်စွာ ဆောက်လုပ်ထားရမည်။ | |||
| (ခခ) | နေရာတကျလည်း ပြုပြင်ထားရှိရမည်။ ထို့ပြင် စစ်ဆေးပိုင်ခွင့်ရှိသူက ဆယ့်နှစ်လလျှင် အနည်းဆုံး တကြိမ်ကျ စေ့ငသေချာစွာ စစ်ဆေးရမည်။ ထိုသို့ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းထားသော အကြောင်းအရာများ ရေးမှတ်ထားသည့် မှတ်ပုံ စာအုပ်ထားရှိရမည်။ | |||
| (ခ) | ဘေးရန်ကင်းရှင်းစွာ သယ်ယူနိုင်သည့် ဝန်ချိန်ထက်ပို၍ သယ်ယူရန် ထိုစက်ကိရိယာများကို အသုံးမပြုရ။ ထိုစက်ကိရိယာပေါ်တွင် သယ်ယူနိုင်သည့် ဝန်ချိန်ကို ထင်ရှင်းစွာ ရေးသားထားရမည်။ | |||
| (ဂ) | ကရိန်းစက် (crane) သွားလာရာ ဘီးလမ်းပေါ်၌ ဖြစ်စေ၊ ဘီးလမ်း အနီး၌ဖြစ်စေ၊ ခိုင်းစေခံရသူကိုသော်၎င်း၊ အလုပ်လုပ်နေသူကိုသော်၎င်း မည်သည့်နေရာတွင်မဆို၊ ကရိန်းစက်(crane)နှင့် ထိခိုက်ဘွယ်ရာ အကြောင်းရှိလျှင်၊ ထိုနေရာမှ ပေနှစ်ဆယ်အတွင်းသို့ ကရိန်းစက် (crane) မရောက်နိုင်ရန် ထိရောက်စွာ စီမံထားရမည်။ | |||
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန သည်၊ အလုပ်ရုံတွင်ပင့်မြှောက်စက် တခုခုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ ပင့်မြှောက်စက် အမျိုးအစား တခုခုနှင့် စပ်လျဉ်း၍ဖြစ်စေ --- | |||
| (က) | ဤပုဒ်မရှိ လိုအပ်ချက်များကို ဖြည့်စွက်ရန်၊ နောက်ထပ် လိုအပ်ချက်များကို ပြဋ္ဌာန်းသည့်၊ | |||
| (ခ) | ဤပုဒ်မပါ လိုအပ်ချက်အားလုံး၊ သို့တည်းမဟုတ် လိုအပ်ချက် တခုခုအတိုင်း လိုက်နာဆောင်ရွက်ရန် မလိုဟုသော်၎င်း၊ မဖြစ်နိုင်ဟု သော်၎င်း ထင်မြင် သဘောရရှိလျှင်၊ ယင်းသို့ လိုက်နာဆောင်ရွက်ရခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် နည်းဥပဒေများကို ပြုနိုင်သည်။ | |||
လည်သောစက်ကိရိယာ
| ၃၂။ | (၁) | ကျောက်ဖြင့်ကြိတ်ခြင်း၊ သို့တည်းမဟုတ် ပွတ်တိုက်ခြင်းစသော လုပ်ငန်းကိုလုပ်သည့် အလုပ်ရုံတိုင်းတွင် အသုံးပြုသည့် ကြိတ်စက်ဘီး၏၊ သို့တည်းမဟုတ် ပွတ်စက်ဘီး၏ ဘေးရန်ကင်းရှင်းစွာ အမြန်ဆုံး လည်နိုင်သော အရှိန် (peripheral speed) ကို၎င်း{ထိုစက်ဘီး၏ ဝင်ရိုး၏အရှိန်ကို၎င်း}ဘေးရန်ကင်းရှင်းစွာ အမြန်ဆုံးလည်နိုင်သော အရှိန်ထက်ပို၍ မလည်စေရန် လိုအပ်သည့် ပူလီ၏ အချင်းကို၎င်း ဖော်ပြသည့်နို့တစ်စာကို အသုံးပြုနေသော စက်အသီးသီး၌ အမြဲကပ်ထားရမည်၊ သို့တည်းမဟုတ် စက်အသီးသီးနား၌ အမြဲထားရှိရမည်။ |
| (၂) | ပုဒ်မခွဲ(၁)အရ ကပ်ထားသည့် နို့တစ်စာများတွင် ဖော်ပြထားသော အရှိန်ထက်ပို၍ ကျောက်စက်ကို မလည်စေရ။ | |
| (၃) | အလုပ်ရုံတိုင်းတွင် စက်အားဖြင့်လည်သည့် ခွက် (vessel)၊ ချိုင့်(cage) ခြင်းတောင်း(basket) အားပေးစက်ဘီး၊ ပူလီ၊ အပြားဝိုင်း(disc)၊ သို့တည်းမဟုတ် အလားတူ ကိရိယာအသီးသီး၏ အရှိန်သည်၊ ဘေးရန်ကင်းရှင်းစွာ လည်နိုင်သော အရှိန်ထက်ပို၍ မလည်ရအောင် တားဆီးနိုင်သည့် စီမံချက်များ စီမံထားရှိရမည်။ |
တိုးအားစက်(Pressure Plant)
| ၃၃။ | (၁) | အလုပ်ရုံတွင် ပြုလုပ်မှုလုပ်ငန်းစဉ်အတွက် အသုံးပြုသည့်စက်ကိရိယာ၏ အစိတ်အပိုင်း၊ သို့တည်းမဟုတ် စက်၏အစိတ်အပိုင်းသည်၊ သဘာဝ လေတိုးအားထက်သာလွန်သော တိုးအားကို အသုံးပြုလျှင်၊ ထိုအစိတ်အပိုင်း အသုံးပြုနေသော တိုးအားကို ဘေးရန်ကင်းရှင်းစွာ အသုံးပြုနိုင်သည့် တိုင်းအားထက် မပိုရအောင် ထိရောက်စွာ စီမံထားရမည်။ |
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန သည်၊ ပုဒ်မခွဲ (၁)တွင် ရည်ညွှန်းထားသည့်စက်၊ သို့တည်းမဟုတ် စက်ကိရိယာ တခုခုကို စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်း ထားသော နည်းဥပဒေများကို ၎င်း၊ အလုပ်ရုံ၊ သို့တည်းမဟုတ် အလုပ်ရုံအမျိုးအစား တခုခုတွင် ထိုစက်များ၊ သို့တည်းမဟုတ် စက်ကိရိယာနှင့် စပ်လျဉ်း၍ ဘေးရန်ကင်းရှင်းအောင် ပြုရန်လိုအပ်သည်ဟု မိမိထင်မြင်သည့် အခြားစီမံချက်များကို ပြဋ္ဌာန်းသော နည်းဥပဒေများကို ၎င်းပြုနိုင်သည်။ |
ကြမ်းပြင်၊ သွားလမ်း၊ လှေကား၊ သွားလာစေနိုင်မည့်လမ်း။
| ၃၄။ | အလုပ်ရုံတိုင်းတွင်- | |
| (က) | ကြမ်းပြင်၊ လှေကားထစ်၊ လှေကားနှင့် သွားလမ်းအားလုံးကို ကောင်းမွန်စွာ ဆောက်လုပ်၍ နေရာတကျ ပြုပြင်ထားရမည်။ ထို့ပြင် ဘေးရန်ကင်းရှင်းအောင် ပြုရန်လိုအပ်လျှင်လည်း၊ ခိုင်ခံ့သောလက်ရမ်းများကို စီမံထားပေးရမည်။ | |
| (ခ) | တဦးတယောက်သောသူ အချိန်မရွေးအလုပ်လုပ်ရမည့် နေရာသို့၊ ဘေးရန်ကင်းရှင်းစွာ သွားလာစေနိုင်မည့် လမ်းများကို အကြောင်းအားလျော်စွာ အစွမ်းကုန် စီမံထားရှိရမည်။ | |
တွင်းနှင့်ကြမ်းပေါက် စသည်များ။
| ၃၅။ | (၁) | အလုပ်ရုံတိုင်းတွင် ပုံသေတပ်ဆင်းထားသော ခွက် (vessel) လှောင်တွင်း (sump)၊ လှောင်ကန်(Tank)၊ တွင်း (Pit)၊ ကြမ်းပေါက်၊ သို့တည်းမဟုတ် တွင်းပေါက် အသီးသီး၏ စောက်အနက်အနေအထား၊ တည်ထားပုံ၊ သို့တည်းမဟုတ် ထည့်သွင်းထားသည့် အရာများကို ထောက်ချင့်ခြင်းအားဖြင့် ဘေးအန္တရာယ်ဖြစ်ဖွယ်ရာ အကြောင်း ရှိလျှင်၊ ထိုခွက်၊ ကန်၊ တွင်း၊ အပေါက်စသည်များကို လုံခြုံစွာဖုံးအုပ်ထားရမည်၊ သို့တည်းမဟုတ် ခိုင်ခံစွာ ကာရံထားရမည်။ |
| (၂) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည်၊ အမိန့်စာဖြင့် မိမိသင့်တော်သည် ထင်မြင်သည့် စီမံချက်များ ထား၍ အလုပ်ရုံတခုခုကိုဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုကိုဖြစ်စေ၊ ခွက်၊ ကန်၊ တွင်း၊ အပေါက်စသည်များနှင့် စပ်လျဉ်း၍၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။ |
အလွန်အမင်းလေးလံသောဝန်ချိန်။
| ၃၆။ | (၁) | အလုပ်ရုံတွင် မည်သည့်မိန်းမ၊ လူရွယ်၊ သို့တည်းမဟုတ် ကလေးကိုမျှ လေးလံလွန်းသဖြင့် ထိခိုက်နာကျင်စေမည့် လက္ခဏာရှိသော ဝန်ချိန်ကို ပင့်ရန်၊ သယ်ယူရန်၊ သို့တည်းမဟုတ် ရွေ့ပြောင်းရန် မခိုင်းစေရ။ |
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံများတွင် ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုတွင် ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ် တခုခုတွင် ဖြစ်စေ သာမန်အားဖြင့် လုပ်သူတို့ ပင့်ရမည့်၊ သယ်ယူရမည့်၊ သို့တည်းမဟုတ် ရွှေ့ပြောင်းရမည့် အများဆုံးဝန်ချိန်ကို ပြဋ္ဌာန်းသည့် နည်းဥပဒေများ ပြုနိုင်သည်။ | |
| (၃) | အမျိုးသမီး အလုပ်သမားများအား မိန်းမသဘာဝ ဓမ္မတာလာစဉ် အချိန်မျိုးတွင် လုပ်ငန်းခွင်၌ ကျန်းမာရေးအရ လုပ်ကိုင်နိုင်စွမ်းမရှိကြောင်း မှတ်ပုံတင်ဆရာဝန်၏ ဆေးထောက်ခံချက်နှင့်တကွ တင်ပြလာပါက လုပ်ငန်းပိုင်ရှင်က သတ်မှတ်ချက်များနှင့် အညီ စီစဉ်ဆောင်ရွက်ပေးရမည်။ | |
| (၄) | ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားအား ညအချိန်တွင် စေခိုင်းခြင်းမပြုရ။ ထို့ပြင် မူလလုပ်ခလစာနှင့် ခံစားခွင့်များကို မထိခိုက်စေဘဲ ပေါ့ပါးသော တာဝန်များကိုသာ စေခိုင်းရမည်။ |
မျက်စိကိုကာကွယ်ခြင်း။
| ၃၇။ | (က) | ပြုလုပ်မှုလုပ်ငန်းစဉ်အရ လုပ်ရာမှထွက်သော အမှုန်များကြောင့်၊ သို့တည်းမဟုတ် အပိုင်းအစများကြောင့် မျက်စိကို ထိခိုက်ဘွယ်ရာရှိသော ပြုလုပ်မှုလုပ်ငန်းစဉ်ဖြစ်သည်ဟူ၍ သော်၎င်း၊ |
| (ခ) | အလင်းရောင် အလွန်အမင်းထိုးသဖြင့် မျက်စိဘေးအန္တရာယ် ဖြစ်ဘွယ်ရာရှိသည့် ပြုလုပ်မှု လုပ်ငန်းစဉ် ဖြစ်သည်ဟူ၍သော်၎င်း ပြဋ္ဌာန်းသည့် အလုပ်ရုံတွင် လုပ်သောပြုလုပ်မှုလုပ်ငန်းစဉ်တခုခုနှင့် စပ်လျဉ်း၍၊ ယင်းသို့ လုပ်ရာ၌ဖြစ်စေ၊ လုပ်သည့်နေရာ၏ အနီး၌ဖြစ်စေ၊ ခိုင်းစေခံရသူတို့ကို ကာကွယ်ပေးရန်၊ အလို့ငှါအလင်းရောင်ကို ထိရောက်စွာ တားဆီးနိုင်သည့် အကာအရံများ၊ သို့တည်းမဟုတ် သင့်တော်သော အလင်းကာမျက်မှန်များကို စီမံထားပေးရန် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမိန့်နှင့်ညွှန်ကြားချက်မျာ ထုတ်ပြန်နိုင်သည်။ | |
| ၃၇-က။ | လုပ်ငန်းပိုင်ရှင်သည် အလုပ်ရုံတွင် ပြုလုပ်မှုလုပ်ငန်းစဉ်အရ ပြုလုပ်ရာမှ ထွက်ရှိသော ဆူညံသံပမာဏကြောင့် အလုပ်သမားများ၏ အကြားအာရုံနှင့် ကျန်းမာရေးကို ထိခိုက်မှုမဖြစ်စေရန်နှင့် မတော်တဆထိခိုက်မှုမဖြစ်စေရန် သတ်မှတ်ချက်များနှင့် အညီ စီမံထားရမည်။ |
ဘေးအန္တရာယ်ဖြစ်စေတက်သည့် အခိုးအငွေ့နှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ချက်။
| ၃၈။ | (၁) | အလုပ်ရုံတွင် လူများမူးမေ့သွားလောက်အောင် ဘေးအန္တရာယ်ဖြစ်စေတက်သည့် အခိုးအငွေ့များ ရှိတက်သော အခန်း၊ လှောင်စည် (Vat)၊ တွင်း၊ ပြွန်၊ လေလမ်း(Flue)၊ သို့တည်းမဟုတ် အခြားပိတ်လှောင်ထားသည့် နေရာတွင် လူတယောက်ထွက်နိုင်အောင် ကျယ်သော ကယ်ပေါက်တခု၊ သို့တည်းမဟုတ် အခြားထွက်ပေါက်တခု စီမံထားပေးခြင်း မရှိလျှင်၊ ထိုအတွင်းသို့ မည်သူမျှမဝင်ရ၊ သို့တည်းမဟုတ် မည်သူ့ကိုမျှ ဝင်ခွင့်မပြုရ။ | |
| (၂) | အလုပ်ရုံတွင် ပုဒ်မခွဲ(၁)တွင် ရည်ညွန်းထားသသည့် ပိတ်လှောင်သော နေရာအတွင်း၌ နှစ်ဆယ့်လေးဗို့(Volt) ထက်ပိုသော လက်ဆွဲ လျှပ်စစ် ဓာတ်မီးကို အသုံးမပြုစေရ။ ထို့ပြင် ထိုနေရာ အတွင်း၌ရှိသော ဘေးအန္တရာယ်ဖြစ်စေတက်သည့် အခိုးအငွေ့များသည်၊ မီးတောက် လောင်စေနိုင်သည့် ဓါတ်သဘာဝဖြစ်လျှင်၊၊ မီးမကူးနိုင်အောင် ပြုထားသည့်၊ ဓါတ်မီးမှ၊ သို့တည်းမဟုတ် မီးအိမ်မှလွဲ၍ အခြားဓါတ်မီးကို၊ သို့တည်းမဟုတ် မီးအိမ်ကို အသုံးမပြုစေရ။ | ||
| (၃) | ပုဒ်မခွဲ(၁)တွင် ရည်ညွှန်းထားသည့် ပိတ်လှောင်သော နေရာ၌ ရှိနေတက်သည့် အခိုးအငွေ့များကို ဖယ်ရှားရန်နှင့် အခိုးအငွေ့များ မဝင်စေရန် အစွမ်းကုန် စီမံထားခြင်း၊ ထို့ပြင် အောက်ဖော်ပြရာပါ အတိုင်း ဆောင်ရွက်ထားခြင်းမရှိလျှင်၊ မည်သူမျှ ထိုပိတ်လှောင်သည့် နေရာသို့မဝင်ရ၊ သို့တည်းမဟုတ် မည်သူ့ကိုမျှ ဝင်ခွင့်မပြုရ - | ||
| (က) | စမ်းသပ်ပိုင်ခွင့်ရှိသူက မိမိကိုယ်တိုင် ထိုနေရာကို စမ်းသပ်ပြီးနောက် ဘေးအန္တရာယ်ဖြစ်စေတက်သည့် အခိုးအငွေ့များကင်းရှင်းကြောင်း ထိုနေရာသို့ လူများဝင်ရန် သင့်တော်ပြီဖြစ်ကြောင်း မှတ်ပုံတင် ဆရာဝန်ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း၊ သို့တည်းမဟုတ် | ||
| (ခ) | ထိုနေရာသို့ ဝင်ရောက်သောသူသည်၊ သင့်တော်သော အသက်ရှူတန်ဆာပလာကို တပ်ဆင်ထား၍ ခါးပတ်ပတ်သည့်ပြင်၊ ထိုခါးပတ်တွင် ကြိုးတချောင်းခိုင်မြဲစွာ ချည်ထားပြီးနောက် လွတ်နေသော ကြိုးစကို ပြင်ပ၌ရှိနေသော လူတစ်ယောက်က ကိုင်ထားခြင်း။ | ||
| (၄) | အလုပ်ရုံတိုင်းတွင် သင့်တော်သော အသက်ရှူတန်ဆာပလာ၊ သင့်တော်သော ပြန်လည်သတိရအောင်ပြုနိုင်သည့် တန်ဆာပလာ၊ သင့်တော်သောခါးပတ် နှင့် ကြိုးများကို တဦးတယောက်သောသူ ဝင်ရောက်သည့် ပိတ်လှောင်သောနေရာ၏ အနီးအနား၌ ချက်ချင်းအသုံးပြုနိုင်ရန် အသင့်ထားရှိရမည်။ ထိုတန်ဆာပလာအားလုံးကို စစ်ဆေးပိုင်ခွင့်ရှိသူက ကာလအပိုင်းအခြားအားဖြင့် မှန်မှန်စစ်ဆေး၍ အသုံးပြုရန် သင့်တော်ကြောင်း တာဝန်ခံ ရမည်။ ထို့ပြင် အလုပ်ရုံတိုင်းတွင် ခိုင်းစေခံသူများအနက်၊ လုံလောက်သော ဦးရေကို၊ ထိုတန်ဆာပလာများ အသုံးပြုနည်းနှင့် အသက်ပြန်လည်ရှုရှိုက်စေနိုင်သည့် နည်းလမ်းများကို သင်ကြားလေ့ကျင့်ပေးရမည်။ | ||
| (၅) | မည်သည့်အလုပ်ရုံတွင်မဆို လူများဘေးရန်ကင်းရှင်စွာဝင်နိုင်ရန် အလို့ငှါ ဘွိုင်လာ၊ ဘွိုင်လာမီးလမ်း၊ ဘွိုင်လာမီးဖို၊ ပေါင်းအိုး (Still)အခန်း၊ လှောင်ကန်၊ လှောင်စည်၊ ပြွန်၊ သို့တည်းမဟုတ် အခြားပိတ်လှောင်သော နေရာကို လေသွင်းခြင်းဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ လုံလောက်စွာ အေးအောင်မပြုရသေးမီ၊ ထိုနေရာ အသီးသီးသို့ အလုပ်လုပ်ရန် ဖြစ်စေ၊ စမ်းသပ်စစ်ဆေးရန်ဖြစ်စေ မည်သူကိုမျှ ဝင်ခွင့်မပြုရ။ | ||
| (၆) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်သည် ပုဒ်မခွဲ(၁)တွင် ရည်ညွှန်းထားသည့် ကယ်ပေါက်များအတွက် အနည်းဆုံးအကျယ်အဝန်း သတ်မှတ်ချက်ကို အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်နိင်သည့် အပြင် မိမိသင့်တော်သည်ဟု ထင်မြင်သော စည်းကမ်းချက်များထား၍ အလုပ်ရုံတစ်ခုခုကိုဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တစ်ခုခုကိုဖြစ်စေ ဤပုဒ်မပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ရခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။ | ||
ပေါက်ကွဲစေတက်သည့်၊ သို့တည်းမဟုတ် မီးတောက်လောင်စေတက်သည့် အမှုန် အခိုး အငွေ့စသည်များ။
| ၃၉။ | (၁) | အလုပ်ရုံတွင် ပြုလုပ်မှုလုပ်ငန်းစဉ် တခုခုကြောင့် ဖြစ်သည့်အမှုန်၊ အခိုး၊ သို့တည်းမဟုတ် အငွေ့သည်၊ မီးကူးလျှင် ပေါက်ကွဲနိုင်သည့်၊ အမျိုးအစားဖြစ်၍ ပေါက်ကွဲလောက်အောင်များပြားလျှင်၊ ဤကဲ့သို့ ပေါက်ကွဲခြင်းကို အစွမ်းကုန် တားဆီးရန် အောက်ဖော်ပြရာပါအတိုင်း စီမံထားရမည်။ | |
| (က) | ပြုလုပ်မှုလုပ်ငန်းစဉ်တွင် အသုံးပြုသည့်စက်ကို၊ သို့တည်းမဟုတ် စက်ကိရိယာကို ထိရောက်စွာ ကာရံထားခြင်း။ | ||
| (ခ) | အမှုန်၊ အခိုး၊ သို့တည်းမဟုတ် အငွေ့ကို များပြားအောင် မစုရန်ပြုခြင်း၊ သို့တည်းမဟုတ် ထိုသို့စုမိလျှင် ထိုစုခြင်းကို ဖယ်ရှားခြင်း။ | ||
| (ဂ) | မီးကူးစေနိုင်သည့် အရာအားလုံးကို ကင်းလွတ်စွာ ထားခြင်း၊ သို့တည်းမဟုတ် လုံခြုံစွာကာရံထားခြင်း။ | ||
| (၂) | မည်သည့်အလုပ်ရုံတွင်မဆို ပုဒ်မခွဲ (၁)တွင် ရည်ညွှန်းထားသည့် ပြုလုပ်မှုလုပ်ငန်းစဉ်၌ အသုံးပြုသော စက်ကို၊ သို့တည်းမဟုတ် စက်ကိရိယာကို ဆိုခဲ့သည့်အတိုင်းပေါက်ကွဲသည့် အရှိန်ကို ခံနိုင်အောင် တည်ဆောက်ထားခြင်းမရှိလျှင်၊ စက်၌၊ သို့တည်းမဟုတ် စက်ကိရိယာ၌ အပိတ်အဆို့များ (Chokes)၊ အတားအဆီးများ (Baffles)၊ လွှတ်ပေါက်များ (Vents)၊ သို့တည်းမဟုတ် အခြားအလားတူ ထိရောက်စွာ တားဆီးနိုင်သည့် ကိရိယာများ စီမံထားပေးခြင်းဖြင့် ပေါက်ကွဲခြင်းကို မပြန့်အောင်နှင့် ကိရိယာများ စီမံဆောင်ရွက်ပေးရမည်။ | ||
| (၃) | မည်သည့် အလုပ်ရုံတွင်မဆို စက်၏၊ သို့တည်းမဟုတ် စက်ကိရိယာ၏ အစိတ်အပိုင်းပေါက်ကွဲစေတက်သော၊ သို့တည်းမဟုတ် မီးတောက်လောက်စေတက်သော အခိုးသည်၎င်း၊ အငွေသည် ၎င်း သဘာဝလေအားထက် ကြီးသော တိုးအားရှိလျှင် ထိုအစိတ်အပိုင်းကို အောက်ပါပြဋ္ဌာန်းချက်များနှင့် မညီညွှတ်လျှင်မဖွင့်ရ။ | ||
| (က) | စက်၏၊ သို့တည်းမဟုတ် စက်ကိရိယာ၏ အစိတ်အပိုင်းနှင့် ဆက်သွယ်လျက်ရှိသော ပြွန်ဆက်ကို တင်းကြပ်ခြင်းမပြုမီ၊ သို့တည်းမဟုတ် ထိုအစိတ်အပိုင်းရှိ အပေါက်၏ တင်းကြပ်စွာ ပိတ်ထားသည့်အဖုံးကို မလျှော့မီ ထိုအစိတ်အပိုင်းထဲသို့၊ သို့တည်းမဟုတ် ထိုပြွန်ထဲသို့ အခိုး၊ သို့တည်းမဟုတ် အငွေ့မဝင်အောင် အပိတ်အဆို့ဖြင့် ဖြစ်စေ၊ အခြားတနည်းနည်းဖြင့် ဖြစ်စေ ထိရောက်စွာ ပိတ်ဆို့ထားရမည်။ | ||
| (ခ) | အထက်ဆိုခဲ့သည့်အတိုင်း တင်းကြပ်စွာ ပိတ်ဆို့ထားသည့် ပြွန်ဆက်၊ ပိတ်ဆို့ထားသည့် အပိတ်အဆို့ကို မဖြတ်မီ ပြွန်တွင်၊ သို့တည်းမဟုတ် စက်၏အစိတ်အပိုင်းတွင် ရှိသော အခိုး၊သို့တည်းမဟုတ် အငွေ့၏ တိုးအားကို သဘာဝလေတိုးအားနှင့်ညီအောင် လျှော့ရန် အစွမ်းကုန် စီမံဆောင်ရွက်ရမည်။ | ||
| (ဂ) | အထက်ဆိုခဲ့သည့်အတိုင်း တင်းကြပ်ထားသည့် ပြွန်ဆက်၊ ပိတ်ဆို့ထားသည့် အပိတ်အဆို့ကို လျှော့ပြီးလျှင်၊ သို့တည်းမဟုတ် ဖြုတ်ပြီးလျှင်၊ထိုအပိတ်အဆို့၊ သို့တည်းမဟုတ် ပြွန်ဆက်ကို ပြန်လည်တင်းကြပ်ခြင်း၊ သို့တည်းမဟုတ် ခိုင်ခန့်စွာ ပြန်လည်တပ်ဆင်ခြင်း မပြုမီ ပေါက်ကွဲစေတက်သော၊ သို့တည်းမဟုတ် မီးတောက်လောင်စေတက်သော အခိုးကို၊ သို့တည်းမဟုတ် အငွေ့ကို ထိုပြွန်တွင်းသို့ဖြစ်စေ၊ စက်၊ သို့တည်းမဟုတ် စက်ကိရိယာ အစိတ်အပိုင်းအတွင်းသို့ဖြစ်စေ၊ မဝင်စေရန် ထိရောက်စွာ စီမံထားရှိရမည်။ | ||
| (၄) | မည်သည့်အလုပ်ရုံတွင်မဆို ပေါက်ကွဲစေတက်သော၊ သို့တည်းမဟုတ် မီးတောက်လောင်စေတက်သော အရာရှိသော၊ သို့တည်းမဟုတ် ရှိခဲ့ပြီးဖြစ်သောစက်၊ လှောင်ကန်၊ သို့တည်းမဟုတ် ခွက်မှ ထိုအရာနှင့် ထိုအရာမှ ဖြစ်သော အခိုးအငွေ့များကို ပယ်ရှားရန်၊ သို့တည်းမဟုတ် ထိုအရာနှင့် အခိုးအငွေ့များကို မပေါက်ကွဲအောင်၊ သို့တည်းမဟုတ် မီးမတောက်လောက်အောင် ပြုရန် လုံလောက်စွာ စီမံဆောင်ရွက်ထားခြင်း မရှိလျှင်၊ ထို့ပြင် စမ်းသပ်ပိုင်ခွင့်ရှိသူက မိမိကိုယ်တိုင် ထိုစက်၊ လှောင်ကန်၊ သို့တည်းမဟုတ် ခွက်ကိုစမ်းသပ်ပြီးနောက်၊ ထိုအရာတို့သည် ပေါက်ကွဲစေတက်သည့်၊ သို့တည်းမဟုတ် မီးတောက်လောင်စေတက်သည့် အငွေ့ မရှိကြောင်း စာဖြင့်ရေး၍၊ အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင် ဆရာဝန်ထောက်ခံချက်လက်မှတ် မထုတ်ပေးလျှင်၊ ထိုစက်ကို၊ သို့တည်းမဟုတ် လှောင်ကန်ကို၊ သို့တည်းမဟုတ် ခွက်ကို သံဂဟေဆော်ခြင်း (Welding)၊ ကြေးဂဟေဆော်ခြင်း (Brazing) သို့တည်းမဟုတ် ခဲဂေဟေဆော်ခြင်း (Soldering)၊ သို့တည်းမဟုတ် မီးအားဖြင့် ဖြတ်တောက်ခြင်း မပြုရ၊ ဤကဲ့သို့ ဂဟေ ဆော်ခြင်း၊ ဖြတ်တောက်ခြင်း ပြုပြီးသည့်နောက်စက်၊ လှောင်ကန်၊ သို့တည်းမဟုတ် ခွက်စသည်များသည်၊ ဆိုခဲ့သည့်အရာကို မီးမကူးနိုင်လောက်အောင် မအေးသေးမီ၊ ထိုစက်၊ လှောင်ကန်၊ သို့တည်းမဟုတ် ခွက်ထဲသို့ ထိုအရာမရောက်စေရ။ | ||
| (၅) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ မိမိသင့်တော်သည်ထင်မြင်သည့် စည်းကမ်းချက်များ ထား၍ အလုပ်ရုံတခုခုကိုဖြစ်စေ၊ အလုပ်ရုံအမျိုးအစားတခုခုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ဤပုဒ်မပါပြဋ္ဌာန်းချက်အားလုံး၊ သို့တည်းမဟုတ် ပြဋ္ဌာန်းချက် တခုခုအတိုင်းလိုက်နာဆောက်ရွက်ရခြင်းမှ နည်းဥပဒေများဖြင့် ကင်းလွတ်ခွင့်ပြုနိုင်သည်။ | ||
မီးလောင်လျှင်၊ ဆောင်ရွက်ရမည့် စီမံချက်များ။
| ၄၀။ | (၁) | အလုပ်ရုံတိုင်းတွင် အကယ်၍ မီးလောင်လျှင် လွတ်မြောက်ရန် နည်းလမ်းများကို ပြဋ္ဌာန်းသည့်အတိုင်း စီမံထားရှိရမည်။ ဤကဲ့သို့ စီမံထားခြင်း မရှိဟု စစ်ဆေးရေးအရာရှိက ထင်မြင်လျှင်၊ စစ်ဆေးရေးအရာရှိသည် အလုပ်ရုံ မန်နေဂျာထံသို့ အမိန့်စာချအပ်၍ ထိုအမိန့်စာတွင် အလုပ်ရုံကို ဤပုဒ်မနှင့် ၎င်း၊ ဤပုဒ်မအရ ပြုသည့်နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်၎င်း၊ ညီညွှတ်စွာ ဆောင်ရွက်သင့်သည်ဟု မိမိထင်မြင်သော စီမံချက်များဖော်ပြ၍ အမိန့်စာတွင် ဖော်ပြသည့် နေ့ရက်မတိုင်မီ ထိုစီမံချက်များ ဖော်ပြ၍ ဆောင်ရွက်ရမည်ဟု ဆင့်ဆိုနိုင်သည်။ | |
| (၂) | အလုပ်ရုံတိုင်းတွင် အခန်းတခုခုမှ ထွက်နိုင်သည့် တံခါးများကို အခန်းတွင်း၌ လူတဦးတယောက်ရှိနေစဉ် အတွင်းမှ ရုတ်တရက် အလွယ်တကူ မဖွင့်နိုင် အောင်သော့ခတ်ထားခြင်း၊ သို့တည်းမဟုတ် ပိတ်ထားခြင်းမပြုရ။ ထိုတံခါးများသည် အံထိုးတံခါးမျိုး မဟုတ်လျှင် အပြင်ဖွင့်တံခါးများ ဖြစ်ရမည်။ | ||
| (၃) | အလုပ်ရုံတိုင်းတွင် သာမန်အသုံးပြုသည့် ထွက်ပေါက်များမှ လွဲ၍မီးလောင်လျှင် ထွက်နိုင်သည့် ပြူတင်းပေါက်၊ တံခါး၊ သို့တည်းမဟုတ် အခြားထွက်ပေါက် အသီးသီးတွင် အလုပ်သမားအများနည်းလည်သည့် စာဖြင့်ထင်ရှားစွာ ရေးထားသော အနီရောင်စာလုံးများနှင့် ဖြစ်စေ၊ အခြား ကောင်းစွာသိသာနိုင်သည့် အမှတ်အသားနှင့်ဖြစ်စေ ထင်ရှားစွာ မှတ်သားထားရမည်။ | ||
| (၄) | မီးလောင်လျှင်၊ အလုပ်ရုံတွင် ခိုင်းစေခံရသူတိုင်း ကောင်းစွ ကြားသိနိုင်အောင် အချက်ပေးကိရိယာများကို အလုပ်ရုံတိုင်းတွင် တပ်ဆင်ထားရမည်။ | ||
| (၅) | မီးလောက်လျှင် ထွက်ပေါက်များသို့ အလွယ်တကူ သွားနိုင်သည့် လမ်းကို အလုပ်ရုံအခန်း အသီးသီးရှိ အလုပ်သမားအားလုံး အသုံးပြနိုင်ရန် ရှင်းလင်းထားရှိရမည်။ | ||
| (၆) | (က) | အောက်ဆုံးထပ်၏ မည်သည့်နေရာတွင်မဆို၊ အလုပ်သမား နှစ်ဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံအသီးသီး၌ ဖြစ်စေ။ | |
| (ခ) | ပေါက်ကွဲစေတက်သည့်၊ သို့တည်းမဟုတ် မီးအလွန်တောက်လောင် စေတက်သည့် ပစ္စည်းသိုလှောင်ထားသော၊ သို့တည်းမဟုတ် အသုံးပြုသော အလုပ်ရုံအသီးသီးတွင် ဖြစ်စေ၊ | ||
| မီးလောင်လျှင် အသုံးပြုနိုင်သည့် ထွက်ပေါက်များကို အလုပ်သမားအားလုံ သိနေစေရန်၎င်း၊ မီးလောင်လျှင် ထိုသူတို့ မီးဘေးမှ လွတ်မြောက်အောင် လိုက်နာရမည့် နည်းလမ်းကို ကောင်းစွာသင်ကြားပေးရန်၎င်း ထိရောက်စွာ စီမံဆောင်ရွက်ရမည်။ | |||
| (၇) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သည်၊ အလုပ်ရုံ တခုခုနှင့်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုနှင့် ဖြစ်စေ၊ စပ်လျဉ်း၍ မီးလောင်လျှင်အသုံးပြုရန် စီမံ ထားရှိရမည့် ထွက်ပေါက်များနှင့်တကွ မီးသတ်ကိရိယာအမျိုးအစားနှင့် အရေအတွက်ကို ညွှန်ကြားချက်များထုန်ပြန်နိုင်သည်။ | ||
ချို့ယွင်းသော အစိတ်အပိုင်းများကို သီးခြားဖော်ပြရန်ဖြစ်စေ၊ ခိုင်မခိုင် စမ်းသပ်ခြင်းပြုရန် ဖြစ်စေဆင့်ဆိုနိုင်သည့် အာဏာ။
| ၄၁။ အလုပ်ရုံရှိအဆောက်အဦ သို့တည်းမဟုတ် အဆောက်အဦ၏ အစိတ်အပိုင်းသော်၎င်း၊ အလုပ်ရုံရှိ လမ်း၊ စက်ကိရိယာ၊ သို့တည်းမဟုတ် စက်၏အစိတ်အပိုင်းသည်သော် ၎င်း၊ လူ့အသက်ကို ဘေးအန္တရာယ်ဖြစ်စေမည့်၊ သို့တည်းမဟုတ် လူတို့ဘေးရန် ကင်းရှင်းမှုကို ထိခိုက်စေမည့် အခြေအနေတွင် ရှိသည်ဟု စစ်ဆေးရေးအရာရှိက ထင်မြင်လျှင်၊ သတ်မှတ်သည့် နေရက်မတိုင်မီ အောက်ဖော်ပြပါ အတိုင်း ဆောင်ရွက်ရမည်ဟု အလုပ်ရုံမန်နေဂျာထံ အမိန့်စာချအပ်နိုင်သည်။ | ||
| (က) | ယင်းသို့သော အဆောက်အဦ၊ လမ်း၊ စက်ကိရိယာ၊ သို့တည်းမဟုတ် စက်ကိုဘေးရန်ကင်းရှင်းစွာ အသုံးပြုနိုင် မပြုနိုင် ဆုံးဖြတ်ရန်အတွက် လိုအပ်သည့် ပုံစံများ၊ အသေးစိတ်ဖော်ပြချက်များနှင့် အခြားအကြောင်းအရာများကို ပေးအပ်ရန် သို့တည်းမဟုတ် | |
| (ခ) | အမိန့်တွင် ဖော်ပြသည့် စမ်းသပ်မှုများကိုဖော်ပြသည့် နည်းလမ်းအတိုင်း ပြု၍၊ ထိုစမ်းသပ်မှုများမှ သိရှိရသည့် အကြောင်းအရာများကို စစ်ဆေးရေးအရာရှိ ထံအကြောင်းကြားရန်။ | |
အဆောက်အဦများနှင့် စက်ကိရိယာများ ဘေးရန်ကင်းရှင်းမှု။
| ၄၂။ | (၁) | အလုပ်ရုံရှိ အဆောက်အဦ သို့တည်းမဟုတ် အဆောက်အဦ၏ အစိတ်အပိုင်းသော်၎င်း၊ အလုပ်ရုံရှိလမ်း၊ စက်ကိရိယာ၊ သို့တည်းမဟုတ် စက်၏ အစိတ်အပိုင်းသည်သော်၎င်း၊ လူ့အသက်ကို ဘေးအန္တရာယ် ဖြစ်စေမည့် သို့တည်းမဟုတ် လူတို့ဘေးရန် ကင်းရှင်းမှုကို ထိခိုက်စေမည့် အခြေအနေတွင် ရှိသည်ဟု စစ်ဆေးရေးအရာရှိက ထင်မြင်လျှင်၊ စစ်ဆေးရေးအရာရှိသည်၊ အလုပ်ရုံမန်နေဂျာထံ အမိန့်စာချမှတ်၍၊ ထိုအမိန့်စာတွင် ဖော်ပြသည့်နေ့ရက်မတိုင်မီ ထိုစီမံချက်များကို ဆောင်ရွက်ရမည်ဟု ဆင့်ဆိုနိုင်သည်။ |
| (၂) | အလုပ်ရုံရှိ အဆောက်အဦ၊ သို့တည်းမဟုတ် အဆောက်အဦ၏ အစိတ်အပိုင်းကိုဖြစ်စေ၊ အလုပ်ရုံရှိလမ်း၊ စက်ကိရိယာ၊ သို့တည်းမဟုတ် စက်၏ အစိတ်အပိုင်းကို ဖြစ်စေအသုံးပြုခြင်းသည် လူ့အသက်ကို ဘေးအန္တရာယ်ဖြစ်စေမည့် ဆဲဆဲ၊ သို့တည်းမဟုတ် လူ့တို့ဘေးရန်ကင်းရှင်းမှုကို ထိခိုက်စေမည့်ဆဲဆဲ ဖြစ်သည်ဟု စစ်ဆေးရေးအရာရှိက ထင်မြင်လျှင်၊ ထိုအဆောက်အဦစသည်များ၊ အစိတ်အပိုင်းများကို နေရာတကျ ပြင်ဆင်ခြင်း၊ သို့တည်းမဟုတ် ပြောင်းလဲပြုပြင်ခြင်း မပြုရသေးမီ အသုံးမပြုရန် တားမြစ်သည့် အမိန့်စာကို စစ်ဆေးရေးအရာရှိက အလုပ်ရုံ မန်နေဂျာထံ ချအပ်နိုင်သည်။ |
ဤအခန်းကို နောက်ထပ်ဖြည့်စွက်ရန် နိုင်ငံတော်သမ္မတက နည်းဥပဒေများ ပြုနိုင်သည့်အာဏာ။
| ၄၃။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ဤအခန်းတွင် ဖော်ပြထားသော ကိစ္စများနှင့်ဆိုင်သည့် ကာကွယ်ချက်များအပြင် အောက်ပါအချက်များနှင့် စပ်လျဉ်း၍ နောက်ထပ် ကာကွယ်ချက်များကို နည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။ | ||
| (က) | သီးခြားဖြစ်သည့် စက်များ ဘေးရန်ကင်းရှင်းအောင် နောက်ထပ် ကာရံခြင်း။ | |
| (ခ) | စက်လည်နေသည့်အခါ ဘေးအန္တရာယ်ဖြစ်စေတက်သည့် စက်၏ အစိတ်အပိုင်းကို မပေါ်စေရန် ကာကွယ်သည့်၊ သို့တည်းမဟုတ် ဘေးအန္တရာယ်ဖြစ်လျှင်၊ စက်ကိုရပ်စေသည့် ကိရိယာများကို စီမံထားရှိခြင်း။ | |
| (ဂ) | ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် စက်အစိတ်အပိုင်းနှင့် အလုပ်သမားကို မပေါ်စေရန် ကာကွယ်သည့်၊ သို့တည်းမဟုတ် ဘေးအန္တရာယ်ဖြစ်လျှင်၊ စက်ကို ရပ်စေသည့် ကိရိယာများကို စီမံထားရှိခြင်း | |
| (ဃ) | စက်ပေါ်တင်၍ လုပ်ရသဖြင့်၊ စက်လည်နေစဉ် ဘေးအန္တရာယ်ဖြစ်စေ တက်သောအရာများကို ကာရံထားခြင်း၊ ထို့ပြင် | |
| (င) | ဤအခန်းပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက် စေရန်အလို့ငှာ သင့်တော်သည့် အခြားကိစ္စ။ | |
| ၄၃ | -က။ | အလုပ်ရုံများတွင် လုပ်ငန်းခွင် မတော်တဆထိခိုက်မှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှုများကို လျော့နည်း ပပျောက်စေရန် အလို့ငှာ လုပ်ငန်း ပိုင်ရှင်သည် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး တာဝန်ခံ၊ ကြီးကြပ်သူများနှင့် အလုပ်သမားများအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းများကို လိုအပ်သလို တက်ရောက်စေရမည်။ |
အခန်း၅။
သက်သာချောင်ချိရေး။
ဖွပ်လျှော်ဆေးကြောရန် လွယ်ကူမှု အခွင့်အလမ်း။
| ၄၄။ | (၁) | အလုပ်ရုံတိုင်းတွင် --- | |
| (က) | အလုပ်သမားများဖွပ်လျော် ဆေးကြောနိုင်ရန် သင့်တော်လုံလောက်သော လွယ်ကူမှု အခွင့်အလမ်းများကို စီမံထားရှိရမည်။ | ||
| (ခ) | ထိုလွယ်ကူမှု အခွင့်အလမ်းကို ယောင်္ကျားအလုပ်သမားများနှင့် မိန်းမအလုပ်သမားများအတွက် သီးခြား၍ လုံလောက်စွာ ကာရံထားရှိရမည်။ | ||
| (ဂ) | ထိုလွယ်ကူမှု အခွင့်အလမ်းကို အလွယ်တကူသွားလာဝင်ထွက်နိုင်အောင် စီမံ၍ သန့်ရှင်းစင်ကြယ်စွာ ထားရှိရမည်။ | ||
| (၂) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သည်၊ အလုပ်ရုံ တခုခုအတွက်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုအတွက် ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ် တခုခုအတွက်ဖြစ်စေ ဖွပ်လျှော်ဆေးကြောရန် သင့်တော်လုံလောက်သော လွယ်ကူမှုအခွင့်အလမ်းများကို မည်သည့် ပုံစံအတိုင်းထားရှိရမည်ဟု ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။ | ||
အဝတ်များထားရန်နှင့် လှန်းရန် အခွင့်အလမ်းများ။
၄၅။ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည်၊ အလုပ်ရုံတခုခုအတွက်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုတွင် ဖြစ်စေ၊ အလုပ်အချိန်အတွင်း မဝတ်သော အဝတ်များထားရန်နှင့် စိုစွတ်သော အဝတ်များလှန်းရန် သင့်တော်သော အခွင့်အလမ်းများ စီမံထားရန် ညွှန်ကြားချက်များထုတ်ပြန်နိုင်သည်။
အလွယ်တကူထိုင်ရန် အခွင့်အလမ်းများ
| ၄၆။ | (၁) | အလုပ်ရုံတိုင်းတွင် မတ်တပ်အလုပ်လုပ်ကြသော အလုပ်သမားအားလုံးသည် မိမိတို့အလုပ်လုပ်နေစဉ်အခါ နားခွင့်ကြုံက နားနိုင်ရန် အလို့ငှါ၊ ထိုင်ရန် အခွင့်အလမ်းများကို သင့်တော်အောင် စီမံထားပေးရမည်။ |
| (၂) | အလုပ်ရုံတွင် သီးခြားဖြစ်သော ပြုလုပ်မှု လုပ်ငန်းစဉ်၌ဖြစ်စေ၊ သီးခြားဖြစ်သောခန်း၌ ဖြစ်စေ အလုပ်လုပ်သော အလုပ်သမားများသည်၊ ထိုင်လျှက်ပင် အလုပ်လုပ်နိုင်သည်ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ထင်မြင်သဘောရရှိလျှင်၊ ထိုသီးခြားဖြစ်သော ပြုလုပ်မှု လုပ်ငန်းစဉ်၌၊ သို့တည်းမဟုတ် သီးခြားဖြစ်သော အခန်း၌ အလုပ်လုပ်သော အလုပ်သမားအားလုံးအတွက် အလွယ်တကူထိုင်ရန် အခွင့်အလမ်းများကို သတ်မှတ်သည့် နေ့ရက်မတိုင်မီ တက်နိုင်သရွေ့ စီမံထားပေးရမည်ဟု လုပ်ငန်းပိုင်ရှင်အား အမိန့်စာဖြင့် ဆင့်ဆိုနိုင်သည်။ | |
| (၃) | ပုဒ်မခွဲ(၁)ပါ ပြဋ္ဌာန်းချက်များသည်၊ သီးခြားဖော်ပြထားသည့် အလုပ်ရုံနှင့် ဖြစ်စေ၊ အလုပ်ရုံအမျိုးအစားနှင့်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်နှင့်ဖြစ်စေ မသက်ဆိုင်ရဟူ၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်သည်။ |
သူနာပြုကိရိယာများ။
| ၄၇။ | (၁) | အလုပ်ရုံတိုင်းတွင် ပြဋ္ဌာန်းထားသည့် ပစ္စည်းများ ထည့်ထားသော သူနာပြုဆေးသေတ္တာ၊ သို့တည်းမဟုတ် ဆေးဘီရိုတလုံးကို အလုပ်ချိန်အတွင်း အလွယ်တကူ အသုံးပြုနိုင်ရန် စစ်ဆေးရေးအရာရှိက ညွှန်ကြားသည့် သင့်လျော်သောနေရာတွင် အလုပ်ရုံမန်နေဂျာက အသင့်စီမံထားရှိရမည်။ အလုပ်သမား တရာ့ငါးဆယ်ထက်ပို၍ခိုင်းစေလျှင်၊ နောက်ထပ်အလုပ်သမား တရာအတွက်၊ သို့တည်းမဟုတ် ထိုထက်နည်းသော နောက်ထပ်အလုပ်သမားများအတွက်၊ နောက်ထပ် ဆေးသေတ္တာ၊ သို့တည်းမဟုတ် ဆေးဘီရိုတလုံး ထားရှိရမည်။ |
| (၂) | ပြဋ္ဌာန်းထားသည့် ပစ္စည်းများမှ လွဲ၍၊ အခြားမည်သည့် အရာကိုမျှ ပုဒ်မခွဲ (၁)တွင် ရည်ညွှန်းထားသည့် သူနာပြုဆေးသေတ္တာ၊ သို့တည်းမဟုတ် ဆေးဘီရိုတွင် မထားရ၊ ထို့ပြင် ထိုသူနာပြုဆေးသေတ္တာနှင့် ဆေးဘီရိုများကို၊ သူနာပြုအတက်တက်မြောက်ပြီးသော တာဝန်ခံ တယောက်၏ လက်အောက်တွင် ထားရှိရမည်။ ထိုသူသည် အလုပ်ချိန်တွင် အမြဲရှိရမည်။ | |
| (၃) | အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင် ပြဋ္ဌာန်းထားသည့် ပစ္စည်းများနှင့်တကွ ပြဋ္ဌာန်းသည့် အကျယ်အဝန်းရှိသော သူနာပြုခန်း သို့တည်းမဟုတ် ဆေးပေးရုံတခု ထားရှိရမည်။ ထိုဆေးခန်းကို ပြဋ္ဌာန်းထားသည့် ဆရာဝန်နှင့် သူနာပြဆရာများက ကြီးကြပ်စီမံရမည်။ |
အလုပ်သမားများအတွက် ဆိုင်များ
| ၄၈။ | (၁) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည်၊ သာမန်အားဖြင့် အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော သီးခြား သတ်မှတ်ထားသည့် အလုပ်ရုံ၊ သို့တည်းမဟုတ် အလုပ်ရုံအမျိုးအစား တခုခုတွင် အလုပ်သမားများ ဝယ်ယူသုံးစွဲနိုင်ရန် အလို့ငှါ လုပ်ငန်းပိုင်ရှင်က လုံလောက်သော ဆိုင်တဆိုင်ထားရှိပေးရမည်ဟု ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။ |
| (၂) | * * * * * * * * * * * * * * * * * * * * * * * * * * |
နားနေခန်းများနှင့် စားသောက်ခန်းများ
| ၄၉။ | (၁) | သာမန်အားဖြင့် အလုပ်သမားတရာထပ်ပို၍ ခိုင်းစေသော အလုပ်ရုံးတိုင်းတွင်၊ အလုပ်သမားများအသုံးပြုရန် သင့်တော်လုံလောက်သော နားနေခန်းများနှင့် အလုပ်သမားများ မိမိတို့ယူဆောင်လာသော အစာကို စားနိင်ရန် သောက်ရေနှင့်တကွ သင့်တော်လုံလောက်သော စားသောက်ခန်း စီမံထားရှိရမည်။ | |
| သို့ရာတွင် ပုဒ်မ ၄၈ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွင့်ထားသည့်ဆိုင်သည်ဤပုဒ်မခွဲအရ လိုအပ်သည့် စီမံချက်၏ တစိတ်တဒေသ ဖြစ်သည်ဟု ယူဆရမည်။ ထို့ပြင် စားသောက်ခန်း ရှိလျှင် အလုပ်ခန်း၌ မည်သည့်အလုပ်သမားမျှ အစားမစားရ။ | |||
| (၂) | ပုဒ်မခွဲ(၁)အရ စီမံထားရှိရမည့် နားနေခန်းများ သို့တည်းမဟုတ် စားသောက်ခန်းများကို အလင်းရောင်နှင့် လေလုံလောက်စွာ ရရှိအောင်လည်း စီမံထားရှိရမည်။ ထို့ပြင် ထိုအလုပ်နားရုံစသည်များကို တက်နိုင်သမျှ အေး၍ သန့်ရှင်းစင်ကြယ်အောင် ထားရမည်။ | ||
| (၃) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သည် --- | ||
| (က) | ဤပုဒ်မအရထားရှိရမည့် နားနေခန်းများနှင့် စားသောက်ခန်းများကို ဆောက်လုပ်ရမည့်ပုံစံ, နေရာထိုင်ခင်း ထားရှိရမည့်စံနစ်၊ ထိုအလုပ်နားရုံစသည်များတွင် ထားရှိရမည့်ပရိဘောဂနှင့် အခြားပစ္စည်းများကို ညွှန်ကြားချက်များ ထုတ်ပြန်နိင်သည်။ | ||
| (ခ) | ပြန်တမ်းတွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ အလုပ်ရုံတစ်ခုခုကိုသော်၎င်း၊ အလုပ်ရုံအမျိုးအစား တခုခုကိုသော်၎င်း၊ ဤပုဒ်မရှိ လိုအပ်ချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။ | ||
ကလေးထိန်းခန်းများ
| ၅၀။ | (၁) | မိခင်အလုပ်သမား ၁၀၀ ဦးနှင့်အထက်ရှိသော အလုပ်ရုံတွင် လုပ်ငန်းပိုင်ရှင်သည် ထိုမိခင်အလုပ်သမားများ၏ ငါးနှစ်အောက်ကလေးများအတွက် ကလေးထိန်းဌာနကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အကူအညီရယူဆောင်ရွက်ရမည်။ မိခင်အလုပ်သမား ၁၀၀ ဦးမပြည့်သည့် အလုပ်ရုံတွင် ယင်းတို့၏ ငါးနှစ်အောက်ကလေးများအတွက် လုပ်ငန်းပိုင်ရှင်က ကလေးထိန်းခန်းကို သင့်တော်သလို စီမံထားရှိရမည်။ |
| (၂) | * * * * * * * * * * * * * * * * * * * * * * * * * * | |
| (၃) | * * * * * * * * * * * * * * * * * * * * * * * * * * |
ဤအခန်းကို ဖြည့်စွက်ရန် နည်းဥပဒေများ ပြုနိုင်သည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အာဏာ။
| ၅၁။ | (၁) | အလုပ်လုပ်ရသည် အခြေအနေများကြောင့်ဖြစ်စေ၊ ပြုလုပ်မှု လုပ်ငန်းစဉ် အမျိုးအစားကြောင့်ဖြစ်စေ အလုပ်သမားတို့၏၊ သို့တည်းမဟုတ် အလုပ်သမားအမျိုးအစား တခုခု၏သက်သာ ချောင်ချိရေးအတွက် ဤအခန်းနှင့် သက်ဆိုင်သည့်ကိစ္စများ အနက် ကိစ္စတခုခုနှင့် စပ်လျဉ်း၍ နောက်ထပ်ပြဋ္ဌာန်းရန် လိုအပ်သည်ဟု ထင်မြင်လျှင်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်သမားများ၏၊ သို့တည်းမဟုတ် အလုပ်သမားအမျိုးအစားတခုခု၏ သက်သာချောင်ချိရေးအတွက် လျော်ကန် သင့်မြတ်သော စီမံဆောင်ရွက်မှုများ ပြဋ္ဌာန်းသည့် နည်းဥပဒေများ ပြုနိုင်သည်။ ထိုပြဋ္ဌာန်းချက်များသည်၊ ဤအခန်းရှိ အထက်ပါ ပုဒ်မများအနက်၊ ပုဒ်မတခုခုကို ဖြည့်စွက်သော ပြဋ္ဌာန်းချက်၊ သို့တည်းမဟုတ် ထိုပုဒ်မအစား အသစ်ထည့်သွင်းသော ပြဋ္ဌာန်းချက်၊ သို့တည်းမဟုတ် ထိုပုဒ်မကို တိုးချဲ့သော ပြဋ္ဌာန်းချက်၊ သို့တည်းမဟုတ် ထိုပုဒ်မကိုပြောင်းလဲသော ပြဋ္ဌာန်းချက်ဖြစ်နိုင်သည်။ ထို့အပြင် အလုပ်သမားများ၏၊ သို့တည်းမဟုတ် အလုပ်သမားအမျိုးအစားတခုခု၏ သက်သာချောင်ချိရေးအတွက်၊ အခြားအလားတူကိစ္စများနှင့် စပ်လျဉ်း၍လည်း နည်းဥပဒေများ ပြဋ္ဌာန်းနိုင်သည်။ | |
| (က) | ထိုနည်းဥပဒေများကို အလုပ်ရုံတခုခုအတွက်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစားတခုခုအတွက်ဖြစ်စေ ပြုလုပ်နိုင်သည်။ | ||
| (ခ) | ထိုနည်းဥပဒေများကို သီးခြားဖြစ်သော လိုအပ်ချက်များနှင့် စပ်လျဉ်း၍ သီးခြားသတ်မှတ်ထားသော အမျိုးအစားရှိသော သက်ဆိုင်ရာအလုပ်သမားများက လျှောက်ထားသည့် အလျောက် ပြုနိင်သည်။ ထို့ပြင် အလုပ်သမားတို့၏ ထင်မြင်ယူဆချက်များကို သိရှိအောင် ပြုရမည့် နည်းလမ်းကိုလည်း ထိုနည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။ | ||
| (ဂ) | အလုပ်ရုံတခုခုတွင်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုတွင်ဖြစ်စေ အလုပ်သမားတို့၏ သက်သာချောင်ချိရေး စီမံချက်များကို ကြီးကြပ်ဆောင်ရွက်ရာ၌ အလုပ်သမားများ၏ ကိုယ်စားလှယ်များကို ပါဝင်စေရမည်ဟု ထိုနည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။ | ||
| (၂) | ထိုနည်းဥပဒေများဖြင့် လုပ်ငန်းပိုင်ရှင်များ အတွက်၊ တာဝန်ဝတ္တရားများကို၎င်း၊ သက်သာချောင်ချိရေး စီမံချက်များ၏ အကျိုးခံစားမှုနှင့် စပ်လျဉ်း၍ အလုပ်သမားတို့၏ တာဝန်ဝတ္တရားများကို၎င်း သတ်မှတ်နိုင်သည်။ | ||
အခန်း၆။
အထူးသက်ဆိုင်စေခြင်း။
ဘေးအန္တရာယ် ဖြစ်စေတက်သည့် အလုပ်များ
| ၅၂။ ။ အလုပ်ရုံတွင် လုပ်ရသည့် အလုပ်သည်၊ အလုပ်သမားတို့၏ ကိုယ်အင်္ဂါကို ထိခိုက်နာကျင်စေမည့်၊ သို့တည်းမဟုတ် အလုပ်သမားများကို အဆိပ်မိစေမည့်၊ သို့တည်းမဟုတ် ရောဂါဖြစ်စေမည့် လက္ခဏာရှိသည့် အလုပ်ဖြစ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထင်မြင်သဘောရရှိလျှင်၊ အလုပ်လုပ်နေသည့် အလုပ်ရုံတခုခုနှင့်သော်၎င်း၊ အလုပ်ရုံအမျိုးအစားတခုခုနှင့်သော်၎င်း၊ သက်ဆိုင်သည့် နည်းဥပဒေများကို ပြုနိုင်သည်။ ထိုနည်းဥပဒေများဖြင့် - | ||
| (က) | အလုပ်ကိုသီးခြားသတ်မှတ်၍ ဘေးအန္တရာယ်ဖြစ်စေတက်သော အလုပ်ဖြစ်သည်ဟု ပြဋ္ဌာန်းနိုင်သည်။ | |
| (ခ) | ထိုအလုပ်တွင် မိန်းမများအား၊ သို့တည်းမဟုတ် လူရွယ်များအား၊ သို့တည်းမဟုတ် ကလေးများအား ခိုင်းစေခြင်းကို တားမြစ်နိုင်သည်၊ သို့တည်းမဟုတ် ကန့်သတ်နိုင်သည်။ | |
| (ဂ) | ထိုအလုပ်တွင် ခိုင်းစေခံရသော အလုပ်သမားများကိုသော်၎င်း၊ ထိုအလုပ်တွင် လုပ်ရန် လျှောက်ထားသူများကိုသော်၎င်း၊ ကာလအပိုင်းအခြားနှင့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု ပြုရန်အတွက် ပြဋ္ဌာန်းနိုင်သည့်ပြင်၊ ထိုအလုပ်တွင် လုပ်ရန်သင့်တော်ကြောင်း ဆေးလက်မှတ် မရသူများကို မခိုင်းစေရဟုလည်း တားမြစ်နိုင်သည်။ | |
| (ဃ) | ထိုအလုပ်တွင် ခိုင်းစေခံရသူ အားလုံးကိုဖြစ်စေ၊ ထိုအလုပ်လုပ်ရာ နေရာများ အနီး၌ခိုင်းစေခံရသူအားလုံးကိုဖြစ်စေ ကာကွယ်စောင့်ရှောက်ပေးရန် ပြဋ္ဌာန်းနိုင်သည်။ | |
| (င) | အလုပ်နှင့် စပ်လျဉ်း၍ သီးခြားဖော်ပြပါ ပစ္စည်းများ၊ သို့တည်းမဟုတ် ပြုလုပ်မှုလုပ်ငန်းစဉ်များ အသုံးပြုခြင်းကိုတားမြစ်နိုင်သည်၊ ကန့်သတ်နိုင်သည်၊ သို့တည်းမဟုတ် ကြီးကြပ်အုပ်ချုပ်နိုင်သည်။ | |
မတော်တဆထိခိုက်မှုများကို နို့တစ်စာပေးပို့ခြင်း
၅၃။ အလုပ်ရုံတွင် မတော်တဆထိခိုက်၍ သေဆုံးလျှင်သော်၎င်း၊ ကိုယ်အင်္ဂါထိခိုက်နေကျင်ပြီးနောက် လေးဆယ့်ရှစ်နာရီမျှ၊ သို့တည်းမဟုတ် လေးဆယ့်ရှစ်နာရီထက်ပို၍ အလုပ်ရုံတွင် အလုပ်မလုပ်နိုင်လျှင်သော်၎င်း၊ ဤကိစ္စအလို့ငှါ ပြဋ္ဌာန်းသတ်မှတ်ထားသည့် အမျိုးအစားဖြစ်သော မတော်တဆ ထိခိုက်မှုဖြစ်လျှင်သော်၎င်း အလုပ်ရုံမန်နေဂျာသည်၊ ဆိုခဲ့သည့်အတိုင်း မတော်တဆ ထိခိုက်သည့် အကြောင်းကို ပြဋ္ဌာန်းသည့်ပုံစံဖြင့် နို့တစ်စာရေးသား၍ ပြဋ္ဌာန်းသည့် အချိန်အတွင်း ပြဋ္ဌာန်းသည့် အာဏာပိုင်တို့ထံ ပေးပို့ရမည်။
ရောဂါများဖြစ်ပွားကြောင်းကို နို့တစ်စာပေးပို့ခြင်း။
| ၅၄။ | (၁) | အလုပ်ရုံတွင် အလုပ်လုပ်သော အလုပ်သမား တဦးဦးကို အလုပ်သမားလျော်ကြေးအက်ဥပဒေ၏ ဇယား ၃ တွင်သီးခြားဖော်ပြထားသည့် ရောဂါတမျိုးမျိုးစွဲကပ်လျှင်၊ ထိုသို့စွဲကပ်ကြောင်းကို၊ အလုပ်ရုံမန်နေဂျာက အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံသို့၎င်း၊ အလုပ်ရုံတည်ရှိရာခရိုင်အတွက် တာဝန်ခံထံသို့၎င်း၊ အလုပ်ရုံတည်ရှိရာ ခရိုင်အတွက် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်ထံသို့ ၎င်း ပြဋ္ဌာန်းသည့်ပုံစံဖြင့် ပြဋ္ဌာန်းသည့် အကြောင်းအရာများ ဖော်ပြလျက်၊ ပြဋ္ဌာန်းသည့် အချိန်အတွင်း နို့တစ်စာပေးပို့ရမည်။ | |
| (၂) | မှတ်ပုံတင်ဆရာဝန် တဦးဦးသည်၊ အလုပ်သမား လျော်ကြေးအက်ဥပဒေ၏ ဇယား ၃ တွင် သီးခြားဖော်ပြထားသည့် ရောဂါတမျိုးမျိုး စွဲကပ်နေသည့်၊ သို့တည်းမဟုတ် စွဲကပ်နေသည်ဟု မိမိ ယုံကြည်သည့် အလုပ်ရုံ၌ အလုပ်လုပ်သူကို၊ သို့တည်းမဟုတ် အလုပ်လုပ်ခဲ့သူကို ဆေးကုသနေလျှင် ထိုဆရာဝန်သည်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ရုံးသို့ အောက်ပါအချက်များ ဖော်ပြသည့် အစီရင်ခံစာပေးပို့ရမည်။ | ||
| (က) | သူနာ၏အမည်နှင့် နေရပ်အပြည့်အစုံ။ | ||
| (ခ) | မိမိသဘောအရ သူနာစွဲကပ်နေသည့် ရောဂါ၏အမည်။ | ||
| (ဂ) | သူနာအလုပ်လုပ်နေသည့်၊ သို့တည်းမဟုတ် အလုပ်လုပ်ခဲ့သည့် အလုပ်ရုံ၏ အမည်နှင့် နေရပ်အပြည့်အစုံ။ | ||
| (၃) | ထိုဆရာဝန်မှာ ဤပုဒ်မအရ ပေးပို့သော အစီရင်ခံစာနှင့် စပ်လျဉ်း၍၊ ပြဋ္ဌာန်းသည့်အခ ကို ရနိုင်ခွင့်ရှိသည်။ | ||
| (၄) | မှတ်ပုံတင်ဆရာဝန် တဦးတယောက်သည်၊ ပုဒ်မခွဲ (၂)ပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင်၊ ထိုဆရာဝန်သည် ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်စီရင်ခြင်း ခံရမည်။ | ||
မတော်တဆထိခိုက်မှုများနှင့် ရောဂါဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးရန် ဆင့်ဆိုနိုင်သည့် အာဏာ။
| ၅၅။ | (၁) | အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံတွင် ထိခိုက်သည့်၊ သို့တည်းမဟုတ် ထိခိုက်သည်ဟု ထင်ရသည့် အလုပ်သမား လျော်ကြေးအက်ဥပဒေ၏ ဇယား၃ တွင် သီးခြားဖော်ပြထားသော ရောဂါအကြောင်းကိုဖြစ်စေ စုံစမ်းစစ်ဆေးရန် အရည်အချင်းရှိသူကို ခန့်ထားရန် လိုအပ်သည်ဟု ထင်မြင်လျှင် ခန့်ထားနိုင်သည့်အပြင်၊ ထိုသို့စုံစမ်းစစ်ဆေးရာ၌ အကဲဖြတ်ပုဂ္ဂိုလ် အဖြစ်ဆောင်ရွက်ရန် ဥပဒေနားလည်သူ၊ သို့တည်းမဟုတ် ဤကိစ္စ၌ အထူးနားလည်သူ တဦးဖြစ်စေ၊ တဦးထက်ပို၍ ဖြစ်စေခန့်ထားနိုင်သည်။ |
| (၂) | ဤပုဒ်မအရ စုံစမ်းစစ်ဆေးရန် ခန့်ထားခံရသူသည်၊ သက်သေများတက်ရောက်စေရန်နှင့် စာချုပ်စာတမ်းများ၊ အရေးကြီးသည့် ပစ္စည်းများ တင်ပြစေရန် အတင်းအကြပ်ပြုရန် ကိစ္စများအတွက် တရားမကျင့်ထုံး ဥပဒေအရ တရားမရုံး၏ အာဏာများကို ရရှိရမည့်ပြင်၊ ဤအက်ဥပဒေအရ စစ်ဆေးရေးအရာရှိ၏ အာဏာများကိုလည်း စုံစမ်းစစ်ဆေးရာ၌ လိုအပ်သည့် အတိုင်းသုံးစွဲနိုင်သည်။ ထို့ပြင် စုံစမ်းစစ်ဆေးသူက အကြောင်းအရာ တခုခုကို ထုတ်ဖော်တင်ပြရမည်ဟု ဆင့်ဆိုခံရသူမှာ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၆ အရ၊ ထိုအကြောင်းအရာကို ထုတ်ဖော်တင်ပြရန် တရားဥပဒေအရ၊ တာဝန်ရှိသည်ဟု မှတ်ယူရမည်။ | |
| (၃) | ဤပုဒ်မအရ စုံစမ်းစစ်ဆေးသူသည် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ထံသို့ အစီရင်ခံစာ တင်သွင်းရမည်။ ထို့အစီရင်ခံစာတွင် မတော်တဆ ထိခိုက်မှု၏၊ သို့တည်းမဟုတ် ရောဂါဖြစ်ပွားမှု၏ အကြောင်းအရင်းနှင့် ဖြစ်ပျက်ပုံ အကြောင်းအရာများကို ဖော်ပြရမည့်ပြင်၊ စုံစမ်းစစ်ဆေးသူက ဖြစ်စေ၊ အကဲဖြတ်ပုဂ္ဂိုလ် တဦးဦးက ဖြစ်စေ သင့်လျော်သည် ထင်မြင်သည့် အတိုင်းရေးမှတ်သည့် မှတ်ချက်လည်း ပါရှိနိုင်သည်။ | |
| (၄) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ဤပုဒ်မအရ တင်သွင်းသော အစီရင်ခံစာကို ဖြစ်စေ၊ ထိုအစီရင် ခံစာမှ ကောက်နုတ်ချက်များကို ဖြစ်စေ ပုံနှိပ်ထုတ်ဝေသင့်သည်ဟု ထင်မြင်လျှင် ပုံနှိပ်ထုတ်ဝေနိုင်သည်။ | |
| (၅) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ဤပုဒ်မအရပြုသည့် စုံစမ်းစစ်ဆေးမှု၌ လိုက်နာဆောင်ရွက်ရန် စည်းမျဉ်းကို သတ်မှတ်သည့် နည်းဥပဒေများ ပြုနိုင်သည်။ |
နမူနာယူရန် အာဏာ။
| ၅၆။ | (၁) | အလုပ်ရုံတွင် အသုံးပြုသည့်၊ သို့တည်းမဟုတ် အသုံးပြုရန် ကြံရွယ်သည့် မည်သည့်ပစ္စည်းမဆို --- | |
| (က) | ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်များကို သော်၎င်း၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို သော်၎င်း ဆန့်ကျင်သည့် ပစ္စည်းဖြစ်သည်ဟု စစ်ဆေးရေးအရာရှိက ယုံကြည်လျှင်ဖြစ်စေ၊ | ||
| (ခ) | ထိုပစ္စည်းသည် အလုပ်ရုံရှိ အလုပ်သမားများ၏ ကိုယ်အင်္ဂါကို ထိခိုက်နာကျင်ရန်၊ သို့တည်းမဟုတ် ကျန်းမာရေးကို ထိခိုက်ရန် လက္ခဏာရှိသည်ဟု စစ်ဆေးရေးအရာရှိက ထင်မြင်သဘောရရှိလျှင်ဖြစ်စေ၊ စစ်ဆေးရေးအရာရှိသည်၊ လုပ်ငန်းပိုင်ရှင်ကိုသော်၎င်း၊ အလုပ်ရုံမန်နေဂျာကိုသော်၎င်း အခါအားလျော်စွာ အလုပ်ရုံကို ကြီးကြပ်အုပ်ချုပ်နေသူကို သော်၎င်း၊ အကြောင်းကြားပြီးသည့်နောက် အလုပ်ရုံ၏ သာမန် အလုပ်ချိန်အတွင်း မည်သည့် အချိန်တွင်မဆို၊ ထိုဆိုခဲ့သည့် ပစ္စည်း၏ နမူနာကို အောက်တွင် ပြဋ္ဌာန်းသည့် နည်းလမ်းအတိုင်း လုံလောက်စွာ ယူနိုင်သည်။ | ||
| (၂) | စစ်ဆေးရေးအရာရှိသည်၊ ပုဒ်မခွဲ (၁)အရ နမူနာကို ယူသည့်အခါ ထိုပုဒ်မခွဲအရ အကြောင်းကြားခံရသူက လာရောက်ရန် တမင်သက်သက် ပျက်ကွက်သည့် အခါမှတပါး၊ ထိုသူ၏ ရှေ့တွင် နမူနာကို သုံးစိတ်စိတ်၍ လုံခြုံစွာပိတ်ပြီးလျှင် သင့်လျော်စွာ တံဆိပ်ခတ်နှိပ်ထားရမည်။ ထို့နောက်ထိုသူအား၊ သူ၏ တံဆိပ်ဖြင့် ခပ်နှိပ်မှတ်သားခြင်းကိုလည်း ခွင့်ပြုရမည်။ | ||
| (၃) | ဤပုဒ်မအရ ယူသော နမူနာကို ခွဲစိတ်ရန်၊ ပိတ်ရန်နှင့် မှတ်သားရန် ကိရိယာများထားရှိရမည်ဟု စစ်ဆေးရေးအရာရှိ ကဆိုခဲ့သည့် အကြောင်းကြား ခံရသူအားဆင့်ဆိုလျှင်၊ ထိုသူသည် ထိုကိရိယာများကို ထားရှိရမည်။ | ||
| (၄) | စစ်ဆေးရေးအရာရှိသည် - | ||
| (က) | နမူနာအစိတ်တစိတ်ကို ပုဒ်မခွဲ(၁)အရ အကြောင်းကြားခံရသူအား ချက်ခြင်းပေးရမည်။ | ||
| (ခ) | အစိတ်တစိတ်ကို အစိုးရ ဓာတုဗေဒအရာရှိထံ ဓါတ်ခွဲရန်၊ ဓါတ်ခွဲခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံရန် ချက်ခြင်းပေးပို့ရမည်။ | ||
| (ဂ) | ကျန်အစိတ်တစိတ်ကို၊ ပစ္စည်းနှင့် စပ်လျဉ်း၍ တရားစွဲဆိုလျှင် တရားစွဲဆိုသည့် တရားရုံးတွင် တင်ပြရန်အတွက် ယူထားရမည်။ | ||
| (၅) | ဤပုဒ်မအရ ဓါတ်ခွဲရန်နှင့် အစီရင်ခံရန် ပေးပို့သော ပစ္စည်းနှင့် စပ်လျဉ်း၍ အစိုးရဓါတုဗေဒအရာရှိ လက်မှတ်ထိုးထားသော အစီရင်ခံစာဟု ဆိုလိုသော စာတမ်းအမှတ်အသားကို၊ ဝတ္တုပစ္စည်းနှင့် စပ်လျဉ်း၍ စွဲဆိုသည့် အမှုအခင်း တခုခုတွင် ထိုစာတမ်း အမှတ်အသား၌ ဖော်ပြထားသည့် ကိစ္စများအတွက် သက်သေခံချက်အဖြစ်ဖြင့် အသုံးပြုနိုင်သည်။ သို့ရာတွင် တရားလိုတရားခံ နှစ်ဦးစလုံးကပင် ဓါတ်ခွဲသူအား သက်သေအဖြစ် ခေါ်ယူရန် လျှောက်ထားနိုင်သည်။ | ||
| (၆) | ဤအက်ဥပဒေအရ ပြစ်မှုအတွက် တရားစွဲဆိုရန်အလို့ငှါ၊ လိုအပ်သည်မှ တပါး တဦးဦးသောသူက ဤပုဒ်မအရ ဓါတ်ခွဲကြည့်၍ သိရသောအရာကို ပုံနှိပ်ထုတ်ဝေခြင်း၊ သို့တည်းမဟုတ် တဦးဦးသော သူအား ထုတ်ဖော်ပြောဆိုခြင်းသည်၊ တရားဥပဒေနှင့် ဆန့်ကျင်သည်ဟု ယူဆရမည်။ ထို့ပြင် မည်သူမဆို ဤပုဒ်မခွဲကို ဆန့်ကျင်၍ ပြုလျှင် ထိုသူသည် သုံးလထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းအောက်မနည်းသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်း ခံရမည်။ | ||
အဆောက်အဦတည်ဆောက်ခြင်းနှင့် အခြားအင်ဂျင်နီယာအလုပ်များ
| ၅၇။ | (၁) | ဤအက်ဥပဒေရှိ ပုဒ်မအားလုံးသည်၊ သို့တည်းမဟုတ် ပုဒ်မအချို့သည်၊ ကုန်သွယ်ရေးအတွက်ဖြစ်စေ၊ စီးပွားရေးအတွက်ဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းအတွက်ဖြစ်စေ၊ အဆောက်အဦ တည်ဆောက်ခြင်းအလုပ်နှင့် အခြားအင်ဂျင်နီယာ အလုပ်များနှင့်၎င်း၊ ထိုအလုပ်များအတွက် အသုံးပြုသည့် (မီးရထားလမ်း၏၊ သို့တည်းမဟုတ် ဓါတ်ရထားလမ်း၏ အစိတ်အပိုင်းမဟုတ်သော) မီးရထားလမ်း၊ သို့တည်းမဟုတ် မီးရထားလမ်းလွှဲတို့နှင့် ၎င်းသက်ဆိုင်စေရမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက နည်းဥပဒေများ ပြဋ္ဌာန်းနိုင်သည်။ ထို့ပြင်အဆောက်အဦ တည်ဆောက်ခြင်း တည်ဆောက်ခြင်းအလုပ်နှင့် အခြားအင်ဂျင်နီယာ အလုပ်များသည်၊ ဘေးအန္တရာယ်ဖြစ်စေတက်သည့် အလုပ်မျိုးဖြစ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ပြဋ္ဌာန်းနိုင်သည့်ပြင်၊ ထိုအလုပ်များတွင် ခိုင်းစေခံရသူတို့နှင့် သက်ဆိုင်သော နည်းဥပဒေများကိုလည်း ပြုနိုင်သည်။ |
| (၂) | "အဆောက်အဦ တည်ဆောက်ခြင်းအလုပ်" ဆိုသည်မှာ အဆောက်အဦကို တည်ဆောက်ခြင်း၊ ပြောင်းလဲခြင်း၊ သို့တည်းမဟုတ် ပြုပြင်ခြင်း၊ အဆောက်အဦဖြိုဖျက်ခြင်းမှ စ၍ အဆောက်အဦ တည်ဆောက်ရန် ပြင်ဆင်ခြင်းနှင့် အုတ်မြစ်ချခြင်းကိုဆိုလိုသည်။ | |
| (၃) | "အင်ဂျင်နီယာအလုပ်များ" ဆိုသည်မှာ၊ မီးရထားလမ်း၊ မီးရထားလမ်းလွှဲ၊ ပင်လယ်ကူးသင်္ဘောကျင်း၊ ပင်လယ်ကူးသင်္ဘောဆိပ်၊ လေယာဉ်ပျံကွင်း၊ ပြည်တွင်းရေကြောင်းလမ်း၊ လိုဏ်ခေါင်းလမ်း၊ တံတားအမျိုးမျိုး၊ ရေပေးကန်၊ ရေလှောင်ကန်၊ ပြွန်လမ်း၊ ရေသွယ်မြောင်း၊ အညစ်အကြေး ရေမြောင်း၊ လမ်းအမျိုးမျိုးနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြဋ္ဌာန်းသည့် အခြားအလားတူအဆောက်အဦများကို တည်ဆောင်ခြင်း၊ ပြောင်းလဲခြင်း၊ ပြုပြင်ခြင်း၊ သို့တည်းမဟုတ် ဖြိုဖျက်ခြင်းကို ဆိုလိုသည်။ | |
| (၄) | ထိုအလုပ်သမားများသည်၊ သို့တည်းမဟုတ် လုပ်ရာနေရာများ သည်၊ အလုပ်ရုံများ ဖြစ်ဘိသကဲ့သို့၎င်း၊ ထိုအလုပ်၏ လုပ်ငန်းပိုင်ရှင်သည်၊ အလုပ်ရုံ၏ လုပ်ငန်းပိုင်ရှင်ဖြစ်ဘိသကဲ့သို့ ၎င်း ထိုအလုပ်တွင် ခိုင်းစေခံရသူသည်၊ ဤအက်ဥပဒေတွင် အဓိပ္ပါယ်ဖော်ပြာထားသည့်အတိုင်း အလုပ်သမားဖြစ်ဘိသကဲ့သို့ ၎င်း၊ ဤအက်ဥပဒေအလို့ငှါ ဤအက်ဥပဒေ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။ |
ပင်လယ်ကူးသင်္ဘောကျင်း ပင်လယ်ကူးသင်္ဘောတံတား၊ ပင်လယ်ကူး သင်္ဘောဆိပ်ခံတံတား၊ ကုန်လှောင်ရုံနှင့် သင်္ဘောများ။
| ၅၈။ | (၁) | ဤပုဒ်မခွဲတွင် အောက်၌ဖော်ပြထားသည့် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည်၊ ပင်လယ်ကူးသင်္ဘောကျင်း၊ ပင်လယ်ကူးသင်္ဘောတံတား၊ သို့တည်းမဟုတ် ပင်လယ်ကူးသင်္ဘောဆိပ်ခံ တံတားတွင်သော်၎င်း၊ အတွက်သော်၎င်း စက်အားကိုအသုံးပြုလျှင်၊ ထိုသင်္ဘောကျင်း၊ သင်္ဘောတံတား၊ သို့တည်းမဟုတ် ဆိပ်ခံတံထားနှင့်တကွ ၎င်းတို့အသီးသီးနှင့် စပ်လျဉ်း၍ အသုံးပြုသည့် ကုန်လှောင်ရုံနှင့် သက်ဆိုင်စေရမည်။ ထို့ပြင် လူနှစ်ဆယ်အောက်မနည်း အလုပ်လုပ်နေသော ကုန်သိုလှောင်ရုံ၊ သို့တည်းမဟုတ် ကုန်သိုလှောင်ရာဌာနတခုခုသည်၊ အလုပ်ရုံဖြစ်ဘိသကဲ့သို့၎င်း၊ ထိုကုန်လှောင်ရုံကို၊ သို့တည်းမဟုတ် ကုန်သိုလှောင်ရာဌာနကို အသုံးပြုနေသူသည်၊ သို့တည်းမဟုတ် လက်ရှိထားသူသည်၊ လုပ်ငန်းပိုင်ရှင်ဖြစ်ဘိသကဲ့သို့၎င်း၊ ထိုသင်္ဘောကျင်း၊ သင်္ဘောတံတား၊ ဆိပ်ခံတံတား၊ ကုန်လှောင်ရုံ၊ သို့တည်းမဟုတ် ကုန်လှောင်ရာဌာနတွင် ခိုင်းစေခံရသူသည်၊ ဤအက်ဥပဒေတွင် အဓိပ္ပါယ်ဖော်ပြထားသည့်အတိုင်းအလုပ်သမားဖြစ်ဘိသကဲ့သို့ ၎င်း၊ ထိုကုန်လှောင်ရုံ၊ သို့တည်းမဟုတ် ကုန်သိုလှောင်ရာဌာနနှင့်လည်းသက်ဆိုင်စေရမည်။ | |
| (က) | စစ်ဆေးရေးအရာရှိ၏ အာဏာများ၊ အလုပ်ဝတ္တရာများနှင့် စပ်လျဉ်းသည့်အခန်း ၂ ရှိပြဋ္ဌာန်းချက်များ။ | ||
| (ခ) | အခန်း ၄ရှိ ပုဒ်မ ၄၁နှင့် ၄၂များပါ ပြဋ္ဌာန်းချက်များ။ | ||
| (ဂ) | သက်သာချောင်ချိရေး စီမံချက်များနှင့် စပ်လျဉ်းသည့် အခန်း ၅ ရှိ ပုဒ်မ ၅၈ ပါ ပြဋ္ဌာန်းချက်များ။ | ||
| (ဃ) | ဘေးအန္တရာယ်ဖြစ်စေတက်သည့် အလုပ်များနှင့် စပ်လျဉ်းသည့် အခန်း ၆ ရှိပုဒ်မ ၅၂ ပါ ပြဋ္ဌာန်းချက်များ။ | ||
| (င) | အခန်း ၆ ရှိ ပုဒ်မ ၅၃၊ ၅၄ နှင့် ၅၅ များပါ ပြဋ္ဌာန်းချက်များ။ | ||
| (စ) | အလုပ်ချိန်များနှင့် စပ်လျဉ်းသည့် အခန်း ၇။ | ||
| (ဆ) | ပြစ်ဒဏ်များ လိုက်နာဆောင်ရွက်ရန် နည်းလမ်းနှင့် စပ်လျဉ်းသည့် အခန်း ၉။ | ||
| (ဇ) | နို့တစ်စာများနှင့် စပ်လျဉ်းသည့် အခန်း ၁၀ ရှိ ပုဒ်မ ၉၉ပါ ပြဋ္ဌာန်းချက်များ၊ ထို့ပြင် | ||
| (ဈ) | နည်းဥပဒေများနှင့် စပ်လျဉ်းသည့် အခန်း ၁၀ ရှိ ပုဒ်မ ၁၀၁ ပါ ပြဋ္ဌာန်းချက်များ။ | ||
သို့ရာတွင် ဤပုဒ်မခွဲ အပိုဒ် (က)ပါ ပြဋ္ဌာန်းချက်များသည်၊ သင်္ဘောပိုင်ရှင်၏ ပစ္စည်းဖြစ်သည့် သင်္ဘောပေါ်ရှိ စက်ကိရိယာဖြင့် ဖြစ်စေ၊ သို့တည်းမဟုတ် စက်နှင့်ဖြစ်စေ မသက်ဆိုင်စေရ။
| (၂) | ပင်လယ်ကူးသင်္ဘောကျင်း၊ ပင်လယ်ကူးသင်္ဘောတံတား၊ သို့တည်းမဟုတ် ပင်လယ်ကူး သင်္ဘောဆိပ်တွင် ရှိနေသော ပင်လယ်ကူး သင်္ဘောပေါ်သို့ ကုန်တင်ခြင်း၊ ထိုသင်္ဘောပေါ်မှ ကုန်ချခြင်း၊ သို့တည်းမဟုတ် သင်္ဘော၌ မီးထည့်စရာထင်း၊ မီးသွေး၊ ဆီစသည်များကို သင်္ဘောပေါ်သို့ တင်ခြင်း အလုပ်သည်၊ အလုပ်ရုံတွင် လုပ်သော အလုပ်ဖြစ်ဘိသကဲ့သို့၎င်း၊ ထိုအလုပ်တွင် အသုံးပြုသော စက်ကိရိယာသည်၊ သို့တည်းမဟုတ် စက်သည် အလုပ်ရုံတွင်ရှိသော စက်ကိရိယာ၊ သို့တည်းမဟုတ် စက်ဖြစ်ဘိသကဲ့သို့၎င်း၊ ထိုအလုပ်တွင် ခိုင်းစေခံရသူသည်၊ ဤအက်ဥပဒေတွင် အဓိပ္ပါယ်ဖော်ပြထားသည့် အတိုင်းအလုပ်သမားဖြစ်ဘိသကဲ့သို့ ၎င်း၊ ပုဒ်မခြွ (၁)တွင် ဖော်ပြထားသည့် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည်၊ ဆိုခဲ့သည့်အလုပ်နှင့်၎င်း၊ ထိုအလုပ်တွင် အသုံးပြုသော စက်ကိရိယာ၊ သို့တည်းမဟုတ် စက်အားလုံးနှင့် ၎င်း သက်ဆိုင်စေရမည်။ |
အခန်း၇။
လူကြီးများအလုပ်လုပ်ချိန် နာရီများ
ရက်သတ္တပတ် အလုပ်ချိန်နာရီများ။
၅၉။ အလုပ်ရုံတွင် မည်သည့်လူကြီး အလုပ်သမားကိုမျှ ရက်သတ္တပတ်တပတ်လျှင်၊ လေးဆယ့်လေးနာရီထက်ပို၍ မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။
သို့ရာတွင် အလုပ်ရုံ၌ အလုပ်လုပ်နည်းနှင့် စပ်လျဉ်းသည့် အကြောင်းထူးများကြောင့်၊ တရက်ပတ်လုံး အဆက်မပြတ် လုပ်ရမည့်အလုပ်တွင် လုပ်သည့်လူကြီးအလုပ်သမားသည်၊ ရက်သတ္တပတ်တွင် လေးဆယ့်ရှစ်နာရီမျှ အလုပ်လုပ်နိင်သည်။
ရက်သတ္တပတ်အလုပ်ပိတ်ရက်များ။
| ၆၀။ | (၁) | မည်သည့် လူကြိးအလုပ်သမားကိုမျှ အောက်ပါအချက်များနှင့် မညီညွှတ်လျှင်၊ တနင်္ဂနွေနေ့၌ အလုပ်ရုံတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ - | ||
| (က) | ထိုအလုပ်သမားသည်၊ တနင်္ဂနွေနေ့မတိုင်မီ သုံးရက်အနက်၊ တရက်ရက်တွင် အလုပ်ပိတ်ရက် တရက်လုံးရပြီး ဖြစ်စေရမည်။ သို့တည်းမဟုတ် ထို တနင်္ဂနွေနေ့နောက် သုံးရက်အနက် တရက်ရက်တွင် အလုပ်ပိတ်ရက် တရက်လုံးရမည်ဖြစ်စေရမည်၊ ထို့ပြင် | |||
| (ခ) | အလုပ်ရုံ မန်နေဂျာသည် ထိုတနင်္ဂနွေနေ့၊ သို့တည်းမဟုတ် အပိုဒ် (က)အရ ထိုနေ့အဘို့ အစားသွင်းသည့်နေ့၊ ထိုနေ့များအနက် အလျင်ကျသည့်နေ့ မတိုင်မီ --- | |||
| (ကက) | ရက်သတ္တပတ် အလုပ်ပိတ်ရက်များ၌ လုပ်ငန်းလိုအပ်ချက်အရ အလုပ်လုပ်စေရန် လိုအပ်ပါက အလုပ်သမား၏ သဘောတူညီချက်ဖြင့် လုပ်ငန်းပိုင်ရှင် သို့မဟုတ် မန်နေဂျာသည် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သို့မဟုတ် ယင်းဦးစီးဌာနက လွှဲအပ်ထားသည့် စစ်ဆေးရေးအရာရှိထံသို့ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ အနည်းဆုံး သုံးရက်ကြိုတင်၍ တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ လုပ်ကိုင်စေရမည်။ ထို့ပြင် | |||
| (ခခ) | အနည်းဆုံး နှစ်ဆယ့်လေးနာရီ ကြိုတင်၍ ယင်းသို့ ကြံရွယ်ကြောင်း နို့တစ်စာကို အလုပ်ရုံတွင် မြင်သာအောင် ကပ်ထားပြီး ဖြစ်ရမည့်ပြင်၊ ထို့နေ့များအနက် နောက်ကျသည့်နေ့ ကုန်ဆုံးသည်အထိ ကပ်ထားရမည်။ | |||
| သို့ရာတွင် အလုပ်သမားတဦးဦးအား၊ အလုပ်ပိတ်ရက် တရက်လုံးမရစေဘဲ၊ အဆက်မပြတ်ဆယ်ရက်ထက်ပို၍ အလုပ်လုပ်ရခြင်းကို ဖြစ်စေမည်၊ မည်သည့်ရက် အစားသွင်းခြင်းကိုမျှ မပြုရ။ | ||||
| (၂) | ပုဒ်မခွဲ (၁)အရ ပေးသည့်နို့တစ်စာများကို တနင်္ဂနွေနေ့၊ သို့တည်းမဟုတ် ပယ်ဖျက်မည်ဖြစ်သည့် အလုပ်ပိတ်ရက်၊ ထိုနေ့များအနက် အလျင်ကျသည့်နေ့ မတိုင်မီ ရက်တရက်ထက်နောက်မကျဘဲ၊ စစ်ဆေးရေးအရာရှိ၏ ရုံးသို့ ပေးအပ်သည့် နိုတစ်စာဖြင့်၎င်း၊ ပုဒ်မ ၆၇ အရ ကပ်ထားသည့် အချိန် နို့တစ်စာ၏ အနီးတွင် (မြင်သာအောင် ကပ်ထားသည့် နိုတစ်စာဖြင့် ၎င်း) ပယ်ဖျက်နိုင်သည်။ | |||
| (၃) | ပုဒ်မခွဲ (၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အလုပ်သမားသည်၊ တနင်္ဂနွေနေ့၌ အလုပ်လုပ်၍ ထိုနေ့မတိုင်မီ သုံးရက်အနက် တရက်ရက်တွင် အလုပ်ပိတ်ရက် ရပြီး ဖြစ်သည့်အချက်တွင် ထိုတနင်္ဂနွေနေ့ကို ထိုအလုပ်သမား ရက်သတ္တပတ် အလုပ်လုပ်သည့် အချိန်တွက်ချက်ရန် အလို့ငှါ၊ လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ထည့်သွင်းရမည်။ | |||
အစားပေးသည့် အလုပ်ပိတ်ရက်များ။
| ၆၁။ | (၁) | ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ၊ အလုပ်ရုံကို၊ သို့တည်းမဟုတ် အလုပ်ရုံတွင် အလုပ်လုပ်သူများကို၊ ပုဒ်မ ၆၀ ရှိ ပြဋ္ဌာန်းချက်များမှ ကင်းလွတ်ခွင့်ပြုသည့် အမိန့်ချ မှတ်ခြင်းကြောင့် ဖြစ်စေ နည်းဥပဒေ ပြုခြင်းကြောင့်ဖြစ်စေ၊ ထိုပုဒ်မရှိ ပုဒ်မခွဲ (၁)ဖြင့် ပြဋ္ဌာန်းထားသည့် ရက်သတ္တပတ် အလုပ်ပိတ်ရက်များ အနက်၊ တရက်ရက်ကို အလုပ်သမားအား ခံစားခွင့်မပေးလျှင်၊ ထိုသူအား၊ အလုပ်ပိတ်ရက်များ ရသင့်သည့် ပြက္ခဒိန်လ အတွင်းတွင်ဖြစ်စေ၊ နောင်လာမည့် ပြက္ခဒိန်လနှစ်လအတွင်းတွင် ဖြစ်စေ၊ မိမိ ဆုံးရှုံးသော အလုပ်ပိတ်ရက် အရေအတွက်နှင့် ညီမျှသော အစားပေးသည့် အလုပ်ပိတ်ရက်များကို ခွင့်ပြုရမည်။ |
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည်၊ ပုဒ်မခွဲ (၁)တွင် ပြဋ္ဌာန်းထားသည့် အလုပ်ပိတ်ရက်များကို မည်သို့ ခွင့်ပြုရမည်ဟု ပြဋ္ဌာန်းနိုင်သည်။ |
နေ့စဉ်အလုပ်ချိန်နာရီများ။
၆၂။ ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းများနှင့် မဆန့်ကျင်စေဘဲ၊ မည်သည့်လူကြီး အလုပ်သမားကိုမျှ အလုပ်ရုံ၌ မည်သည့်ရက်တွင်မဆို အလုပ်ချိန်နာရီပေါင်း ရှစ်နာရီထက်ပို၍ အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။
အားလပ်ချိန်များ။
၆၃။ အလုပ်ရုံရှိ လူကြီးအလုပ်သမားများ၏ ရက်အသီးသီးတွင် အလုပ်လုပ်သည့် ကာလအပိုင်းအခြားများကို သတ်မှတ်ရာ၌ မည်သည့်ကာလ အပိုင်းအခြားမျှ ငါးနာရီထက်မပိုစေရ။ ထို့ပြင် မည်သည့်အလုပ်သမားကိုမျှ အနည်းဆုံး နာရီဝက်နားစေရန် အားလပ်ချိန် မရသေးမီ ငါးနာရီထက်ပို၍ တဆက်တည်းအလုပ် မလုပ်စေရ။
**ရှင်းလင်းချက်။**အနည်းဆုံးနာရီဝက် အားလပ်ချိန်ဖြင့် ခြားမနေသော အလုပ်ကာလအပိုင်းအခြားကို တဆက်တည်းလုပ်ရသော အလုပ်ကာလ အပိုင်းအခြားဟူ၍ ယူဆရမည်။
နေ့စဉ်အလုပ်ချိန်အစအဆုံး ကန့်သတ်ချက်။
၆၄။ အလုပ်ရုံတွင်၊ လူကြီးအလုပ်သမား အလုပ်လုပ်သည့် ကာလအပိုင်းအခြားများနှင့် ပုဒ်မ ၆၃ အရ ထိုသူရရှိသည့် အားလပ်ချိန်များသည် နာရီပေါင်း ဆယ်နာရီ ထက်ပို၍ မကြာရအောင် စီမံထားရမည်၊ သို့ရာတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယေဘုယျအားဖြင့် ဖြစ်စေ၊ သီးခြားဖြစ်သော အလုပ်ရုံတွင် ဖြစ်စေ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြဋ္ဌန်းသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ထိုနာရီပေါင်း ထက်ပို၍ စီမံထားနိုင်သည်။
ညဉ့်လှည့်များ။
၆၅။ အလုပ်သမားသည် ညဉ့်သန်းခေါင် အချိန်ထက် ကျော်လွန်၍ လုပ်သည့်အလှည့်၌ အလုပ်လုပ်လျှင်၊ ထိုသူအတွက် နောက်လာမည့် နေ့မှာ ယင်းသို့သော အလှည့်ကုန်သည့်အခါကစ၍ နှစ်ဆယ့်လေးနာရီ ကာလအပိုင်းအခြား ဖြစ်သည်ဟု မှတ်ယူရမည့်အပြင်၊ ညဉ့်သန်းခေါင် အချိန်ကျပြီးနောက်၊ ထိုသူအလုပ်လုပ်သည့် အချိန်နာရီများကို လွန်ခဲ့သည့် ရက်ထဲသို့ ထည့်၍ တွက်ရမည်။
သို့ရာတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန သည် သီးခြားဖော်ပြထားသည့် အလုပ်ရုံဖြစ်လျှင်၊ နောင်လာမည့် ရက်မှာ ယင်းသို့သော အလှည့်အစပြုသည့် အခါကစ၍ ရေတွက်သော နှစ်ဆယ့်လေးနာရီ ကာလ အပိုင်းအခြား ဖြစ်သည်ဟု မှတ်ယူရမည်ဟူ၍ ၎င်း၊ ညဉ့်သန်းခေါင် မတိုင်မီ အလုပ်လုပ်သည့် အချိန် နာရီများကို နောက်လာမည့် ရက်ထဲသို့ ထည့်၍ တွက်ရမည်ဟူ၍၎င်း၊ အမိန့်စာဖြင့် ဆင့်ဆိုနိုင်သည်။
ထပ်နေသော အလှည့်များကို တားမြစ်ခြင်း။
| ၆၆။ | (၁) | အလုပ်ရုံတွင် တမျိုးတည်းသော အလုပ်၌ တချိန်တည်း အလှည့်ကျလူစုတစုတက်ပို၍ လပ်ရန် စီစဉ်ထားသော အလှည့်ကျ လုပ်သည့်စံနစ်ဖြင့် အလုပ်မလုပ်ရ။ |
| (၂) | အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံ တခုခုကို ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုကိုဖြစ်စေ ပြဋ္ဌာန်းသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပုဒ်မခွဲ (၁)နှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေသည့် နည်းဥပဒေများကို ပြုနိုင်သည်။ |
လူကြီးများ အလုပ်လုပ်ရန် ကာလအပိုင်းအခြားများ ဆိုင်ရာနို့တစ်စာ။
| ၆၇။ | (၁) | လူကြီးများအလုပ်လုပ်ရန် ကာလအပိုင်းအခြားများဆိုင်ရာ နို့တစ်စာကို၊ သို့တည်းမဟုတ် နို့တစ်စာများကို နေ့စဉ် မည်သည့် ကာလအပိုင်းအခြားတွင် လူကြီးအလုပ်သမားများအား အလုပ်လုပ်စေမည့် အကြောင်းနေ့တိုင်း အတွက် ရှင်းလင်းစွာဖော်ပြလျက်၊ ပုဒ်မ ၉၉ရှိ ပုဒ်မခွဲ(၂) ပါပြဋ္ဌန်းချက်များနှင့် အညီအလုပ်ရုံ အသီးသီးတွင် မြင်သာအောင် ကပ်ထားရမည့်ပြင်၊ မှန်ကန်စွာလည်းထားရှိရမည်။ |
| (၂) | ပုဒ်မခွဲ (၁)အရ လိုအပ်သည့်နို့တစ်စာ၊ သို့တည်းမဟုတ် နို့တစ်စာများတွင်ဖော်ပြထားသည့် ကာလ အပိုင်းအခြားများကို ဤပုဒ်မရှိ အောက်ဖော်ပြပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကြိုတင် သတ်မှတ်ရမည့်ပြင်၊ ထိုကာလအပိုင်းအခြားများအတွက် အလုပ်လုပ်နေသည့် အလုပ်သမားများမှာ ပုဒ်မ ၅၉၊ ၆၀၊ ၆၂၊ ၆၃ နှင့် ၆၄ ရှိ ပြဋ္ဌာန်းချက်များအနက်၊ ပြဋ္ဌာန်းချက်တခုခုကို ဆန့်ကျင်၍ အလုပ်လုပ်ရာ မရောက်အောင်လည်း သတ်မှတ်ထားရမည်။ | |
| (၃) | အလုပ်ရုံရှိ လူကြီးအလုပ်သမား အားလုံးကို တချိန်တည်းဖြစ်သော ကာလအပိုင်းအခြားများအတွင်း အလုပ်လုပ်စေလျှင်၊ အလုပ်ရုံမန်နေဂျာသည် ထိုကာလအပိုင်းအခြားများကို ယေဘုယျအားဖြင့်၊ ထိုအလုပ်သမားများအတွက် သတ်မှတ်ရမည်။ | |
| (၄) | အလုပ်ရုံရှိ လူကြီးအလုပ်သမားအားလုံးကို တချိန်တည်းဖြစ်သော ကာလအပိုင်းအခြားများအတွင်း အလုပ်လုပ်စေသည် မဟုတ်လျှင်၊ အလုပ်ရုံ မန်နေဂျာသည်၊ ထိုအလုပ်သမားတို့ကို သူတို့၏ အလုပ်အမျိုးအစားအလိုက်၊ လူစုများ ခွဲခြားထားရမည်။ | |
| (၅) | အလှည့်ကျ လုပ်ရသည့် စံနစ်အရ အလုပ်လုပ်ရန် မလိုသည့် လူစုအသီးသီး အတွက်အလုပ်ရုံမန်နေဂျာသည်၊ ထိုလူစုအား၊ မည်သည့်ကာလ အပိုင်းအခြားအတွင်း အလုပ်လုပ်စေမည်ကို သတ်မှတ်ရမည်။ | |
| (၆) | လူစုတစုကို အလှည့်ကျ လုပ်သည့်နည်းစံနစ်အရ အလုပ်လုပ်စေသည့်ပြင်၊ အလှည့်ကျ လူစုများကိုလည်း ကြိုတင်သတ်မှတ်ထားသည့် ကာလအပိုင်း အခြားအားဖြင့်၊ အလှည့်ပြောင်းလဲ၍၊ အလုပ်လုပ်စေသည် မဟုတ်လျှင်၊ အလုပ်ရုံ မန်နေဂျာသည်၊ ထိုလူစုမှ အလှည့်ကျ လူစုအသီးသီးအား မည်သည့် ကာလအပိုင်းအခြားများအတွင်း အလုပ်လုပ်စေမည်ကို သတ်မှတ်ရမည်။ | |
| (၇) | လူစုတစုကို အလှည့်ကျလုပ်သည့် နည်းစံနစ်အရအလုပ်လုပ်စေမည် ဖြစ်သည့်ပြင်၊ အလှည့်ကျ လူစုများကိုလည်း ကြိုတင်သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအားဖြင့် အလှည့်ပြောင်းလဲ၍ အလုပ်လုပ်စေရမည်ဖြစ်လျှင်၊ အလုပ်ရုံမန်နေဂျာသည်၊ ထိုလူစုမှ အလှည့်ကျလူတစုအား မည်သည့်ကာလအပိုင်းအခြားများအတွင်း၊ အလုပ်လုပ်စေမည့် အကြောင်းနှင့် ဆိုင်ရာရက်အတွင်း ဆိုင်ရာအချိန်အခါ၌ အလုပ်လုပ်မည့် ကြိုတင်အလှည့်ကျ လူစုကို မည်သည့် ရက်အတွက်မဆို ကြိုတင်သိရှိစေနိုင်မည့် စီမံချက်တရပ်ကို စီစဉ်ရေးဆွဲရမည်။ | |
| (၈) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည်၊ ပုဒ်မခွဲ (၁)အရ၊ လိုအပ်သည့်နို့တစ်စာကိုမည်သည့်ပုံစံများဖြင့် မည်သို့ထားရှိရမည် ထုတ်ပြန်နိုင်သည်။ | |
| (၉) | ပုဒ်မခွဲ(၁)တွင် ရည်ညွှန်းထားသည့် နို့တစ်စာ၏ မိတ္တူနှစ်စောင်ကို အလုပ်ရုံတိုင်း၏ အလုပ်ရုံမန်နေဂျာသည်၊ စစ်ဆေးရေးအရာရှိထံသို့ ဤအက်ဥပဒေ အာဏာတည်သည့် နေ့မှ ရက်ပေါင်းသုံးဆယ်အတွင်း ပေးပို့ရမည်။ ဤအက်ဥပဒေ အာဏာတည်သည့်နေ့နောက်မှ အလုပ်စတင်လုပ်သော အလုပ်ရုံဖြစ်လျင် အဆိုပါ နို့တစ်စာ၏ မိတ္တူများကို ထိုအလုပ်ရုံတွင် အလုပ်စတင်လုပ်သည့် နေ့မတိုင်မီ ပေးပို့ရမည်။ | |
| (၁၀) | အလုပ်ရုံ၌၊ ပုဒ်မခွဲ(၁)တွင် ရည်ညွှန်းထားသည့် နိုတစ်စာတွင် ပြောင်းလဲရန်လိုအပ်စေမည့်၊ အလုပ်လုပ်သော နည်းစံနစ်ပြောင်းလဲရန် စီမံသည့် အကြောင်းနို့တစ်စာ၏ မိတ္တူနှစ်စောင်ကို၊ ပြောင်းလဲခြင်းမပြုမီ အလုပ်ရုံမန်နေဂျာက စစ်ဆေးရေးအရာရှိ ထံသို့ပေးပို့ရမည်၊ ထို့ပြင် ယင်းသို့ ပြောင်းလဲခြင်းကို စစ်ဆေးရေးအရာရှိ၏ အခွင့်အမိန့်ကို ကြိုတင်မရဘဲ၊ နောက်ဆုံးပြောင်းလဲခြင်း ပြုခဲ့သည့်နေ့မှ ရက်သတ္တတပတ် မကျော်လွန်မီ မပြုရ။ |
လူကြီး အလုပ်သမား မှတ်ပုံတင်စာအုပ်။
| ၆၈။ | (၁) | အလုပ်ရုံ မန်နေဂျာ အသီးသီးသည် --- | |
| (က) | အလုပ်ရုံတွင် အလုပ်လုပ်သည့် လူကြီးအလုပ်သမား အသီးသီး၏အမည်။ | ||
| (ခ) | ထိုသူလုပ်သည့် အလုပ်အမျိုးအစား။ | ||
| (ဂ) | ထိုသူပါဝင်သည့် လူစုရှိလျှင်၊ ထိုလူစု။ | ||
| (ဃ) | ထိုသူပါဝင်သည့် လူစုသည်၊ အလှည့်ကျအလုပ်လုပ်လျှင်၊ ထိုသူအား၊ မည်သည့် အလှည့်ကျလူစုသို့ သတ်မှတ်ချထားကြောင်း။ | ||
| (င) | ပြဋ္ဌာန်းသည့် အခြားအကြောင်းအရာများကို ဖော်ပြသည့်လူကြီး အလုပ်သမားမှတ်ပုံစာအုပ်ကို ထားရှိရမည်။ ထိုစာအုပ်ကို အလုပ်ချိန်အတွင်း၊ သို့တည်းမဟုတ် အလုပ်ရုံတွင် အလုပ်တခုခု လုပ်နေစဉ်အတွင်း စစ်ဆေးရေးအရာရှိ ကအချိန်မရွေး ကြည့်ရှုနိုင်အောင် ထားရှိရမည်။ | ||
| သို့ရာတွင် အလုပ်ဆိုင်ရာလုပ်ရိုး လုပ်စဉ်အလုပ်၏ အစိတ်အပိုင်းအဖြစ်ထားရှိသည့် အလုပ်သမားစာရင်းသည်၊ သို့တည်းမဟုတ် မှတ်ပုံစာအုပ်သည် အလုပ်ရုံတွင် လုပ်သည့် အလုပ်သမား တဦးဦး၊ သို့တည်းမဟုတ် အလုပ်သမားအားလုံးနှင့် ပက်သက်၍၊ ဤပုဒ်မအရ လိုအပ်သည့်အကြောင်းအရာများကိုပြည့်စုံစွာဖော်ပြသည်ဟု စစ်ဆေးရေးအရာရှိ ကထင်မြင်လျှင်၊ ထိုအလုပ်သမားစာရင်းကို၊ သို့တည်းမဟုတ် မှတ်ပုံစာအုပ်ကို အဆိုပါအကြောင်းအရာများပါရှိသည်နှင့်အမျှ ထိုအလုပ်ရုံ၌ လိုအပ်သည့် လူကြီးအလုပ်သမား မှတ်ပုံစာအုပ်ဖြစ်ဘိသကဲ့သို့ မှတ်ယူရမည့်အပြင် ထိုအတိုင်းပင် ဆက်လက်ထားရှိရမည်ဟု အမိန့်စာဖြင့် ဆင့်ဆိုနိုင်သည်။ | |||
| (၂) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည်၊ လူကြီးအလုပ်သမားမှတ်ပုံစာအုပ်ပုံစံ၊ ထိုမှတ်ပုံတင်စာအုပ်ကို ထားရှိရမည့် နည်းလမ်း၊ ထို့ပြင် ထိုမှတ်ပုံစာအုပ်ကို မပျက်မစီးအောင်သိမ်းထားရမည့် ကာလအပိုင်းအခြားကို သတ်မှတ်နိုင်သည်။ | ||
အလုပ်လုပ်သည့် အချိန်သည် ပုဒ်မ ၆၇ အရ ကပ်ထားရမည့် နို့တစ်စာနှင့် ၎င်း၊ ပုဒ်မ ၆၈အရ ထားရှိရမည့် မှတ်ပုံစာအုပ်နှင့်၎င်း ညီညွှတ်စေခြင်း။
၆၉။ မည်သည့်လူကြီးအလုပ်သမားကိုမျှ၊ အလုပ်ရုံတွင် ပုဒ်မ ၆၇ အရ မြင်သာအောင် ကပ်ထားသည့် လူကြိးများ အလုပ်လုပ်ရန် ကာလအပိုင်းအခြားဆိုင်ရာ နို့တစ်စာနှင့်အညီ လွဲ၍၊ ထို့ပြင်ပုဒ်မ ၆၈ အရ ထားရှိသည့် လူကြီးအလုပ်သမား မှတ်ပုံစာအုပ်တွင် ထိုသူ၏ အမည်နှင့် ယှဉ်လျက်ကြိုတင်ရေးသွင်းထားသည့် ရေးသွင်းချက်များနှင့် အညီမှ လွဲ၍၊ အလုပ်ရုံတွင် အခြားနည်းဖြင့် ခိုင်းစေခြင်းမပြုရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။
ကင်းလွတ်ခွင့်ပြုသည့် နည်းဥပဒေများပြုပိုင်ခွင့်အာဏာ။
| ၇၀။ | (၁) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်ရုံတွင် ကြီးကြပ်ရှုကြည့်သည့်အလုပ်၊ သို့တည်းမဟုတ်၊ စီမံအုပ်ချုပ်သည့် အလုပ်လုပ်သူတို့ကိုသော်၎င်း၊ လျှို့ဝှက်အပ်သည့် အလုပ်တွင် ခိုင်းစေထားသူတို့ကို သော်၎င်း၊ အဓိပ္ပါယ်ဖော်ပြသည့် နည်းဥပဒေများပြုနိုင်သည့်ပြင်၊ ဤအခန်းရှိ ပြဋ္ဌာန်းချက်များသည်၊ ယင်းသို့သော် အဓိပ္ပါယ်ဖော်ပြထားသူတဦးဦးနှင့်မျှ မသက်ဆိုင်စေရ။ | |
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်ရုံများရှိ လူကြီးအလုပ်သမားများအတွက် နည်းဥပဒေ များပြုနိုင်သည်။ ထိုနည်းဥပဒေများသည် ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြဋ္ဌာန်းထားသည်အထိ --- | ||
| (က) | အရေတကြီးပြင်ရန် အလုပ်တွင် လုပ်သည့် အလုပ်သမားများကို၊ ပုဒ်မ ၅၉၊ ၆၀၊ ၆၁၊ ၆၂၊ ၆၃ နှင့် ၆၄ ရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။ | ||
| (ခ) | အလုပ်ရုံဆိုင်ရာ အရပ်ရပ် လုပ်ကိုင် ဆောင်ရွက်မှုအတွက် ကန့်သတ်ထားသည့် အလုပ်ချိန်မှလွန်လျက် လုပ်ရန်လိုအပ်သည့် ကြိုတင်စီမံလုပ်ရသော အလုပ်မျိုးနှင့် ပြည်စုံစေရန် လုပ်ရသော အလုပ်မျိုးတွင် လုပ်သည့်အလုပ်သမားများကို၊ ပုဒ်မ ၅၉၊ ၆၂၊ ၆၃ နှင့် ၆၄ ရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။ | ||
| (ဂ) | ကြိုးကြားကြိုးကြားမျှသာ လုပ်ရန် လိုခြင်းကြောင့်၊ အလုပ်သမားများ အလုပ်ဝတ္တရား ဆောင်ရွက်နေစဉ်၊ ထိုသူတို့အလုပ်မလုပ်ဘဲ နေရသည့် ကြားအချိန်နာရီများမှာ သာမန်အားဖြင့် ပုဒ်မ ၆၃ အရ၊ လိုအပ်သည့် အားလပ်ချိန်များထက် ပိုလျှင်၊ ထိုအလုပ်မျိုးတွင် လုပ်သည့်အလုပ်သမားများကို၊ ပုဒ်မ ၅၉၊ ၆၂၊ ၆၃နှင့် ၆၄ ရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။ | ||
| (ဃ) | အလုပ်လုပ်နည်းနှင့် စပ်လျဉ်းသည့် အကြောင်းထူးများကြောင့် တရက်ပတ်လုံး အဆက်မပြတ်လုပ်ရမည့် အလုပ်တခုခုတွင် လုပ်သည့် အလုပ်သမားများကို၊ ပုဒ်မ ၅၉၊ ၆၀၊ ၆၂၊ ၆၃ နှင့် ၆၄ရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။ | ||
| (င) | နေ့စဉ်ပြုရမည့်၊ သို့တည်းမဟုတ် နေ့စဉ် ထုတ်ပေးရမည့် မရှိမဖြစ်သော ပစ္စည်းများကိုပြုသည့် သို့တည်းမဟုတ် ထုတ်ပေးသည့် အလုပ်သမားများကို၊ ပုဒ်မ ၆၈ရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။ | ||
| (စ) | ရာသီဥတု တခုခုအတွင်းမှတပါး၊ အခြားရာသီဥတုများတွင် မလုပ်နိုင်သော ပြုလုပ်မှုလုပ်ငန်းစဉ်များတွင် လုပ်သည့် အလုပ်သမားများကို ပုဒ်မ ၆၀ရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။ | ||
| (ဆ) | ဥတုမမှန်ကန်မှုကို အကြောင်းပြု၍ ရံဖန်ရံခါသာ လုပ်ရသော ပြုလုပ်မှုလုပ်ငန်းစဉ်များတွင် လုပ်သည့် အလုပ်သမားများကို, ပုဒ်မ ၆၀ နှင့် ၆၃ များရှိ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်စေနိုင်သည်။ | ||
| (၃) | ကင်းလွတ်ခွင့် တခုခုပြဋ္ဌာန်းသည့် ပုဒ်မခွဲ (၂) အရ၊ ပြုသော နည်းဥပဒေများသည်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သင့်လျော်သည် ထင်မြင်သည့်အတိုင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြဋ္ဌန်းသည့် စည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပုဒ်မ ၆၇ ရှိ ပြဋ္ဌာန်းချက်များမှ ကင်းလွတ်ခွင့်ပြုရန် ပြဋ္ဌာန်းနိုင်သည်။ | ||
| (၄) | ဤပုဒ်မအရ နည်းဥပဒေများ ပြုရာတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ အလုပ်သမား အမျိုးအစား အားလုံးအတွက်၊ ရက်သတ္တပတ်တွင် အများဆုံးအလုပ်လုပ်သည့် အချိန်နှင့် စပ်လျဉ်း၍ ကန့်သတ်ချက်များပြဋ္ဌာန်းရမည်၊၊ ပုဒ်မခွဲ (၂)၊ အပိုဒ် (က) အရ ခွင့်ပြုသည့်ကင်းလွတ်ချက်မှ တပါး၊ အခြားကင်းလွတ်ချက်များသည်၊ ထိုကန့်သတ်ချက်များနှင့် မဆန့်ကျင်ရ။ | ||
| (၅) | ဤပုဒ်မအရ၊ ပြုလုပ်သည့် နည်းဥပဒေများမှာ သုံးနှစ်ထက်ပို၍ အာဏာမတည်စေရ။ | ||
| (၆) | အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန သည်၊ ဤအခန်းရှိပြဋ္ဌာန်းချက်များကို အကျိုးသက်ရောက်စေရန် အလို့ငှါ၊ သင့်သည်ထင်မြင်သည့် အတိုင်း အခြားကိစ္စ တခုခုအတွက် ပြဋ္ဌာန်းရန် နည်းဥပဒေများ ပြုနိုင်သည်။ | ||
ကင်းလွတ်ခြင်းပြုသည့် အမိန့်များပြုပိုင်ခွင့် အာဏာ။
| ၇၁။ | (၁) | လုပ်သည့် အလုပ်အမျိုးအစားကြောင့်သော်၎င်း၊ အခြား အကြောင်းအချက်များကြောင့်သော်၎င်း၊ အလုပ်ရုံတခုခုတွင် ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တခုခုတွင်ဖြစ်စေ၊ လုပ်သည့် အလုပ်သမားများ အလုပ်လုပ်သည့် အချိန်ကာလ အပိုင်းအခြား များကိုကြိုတင်၍ သတ်မှတ်ရန် မသင့်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန က ထင်မြင်လျှင်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် မိမိသင့်လျော်သည် ထင်မြင်သမျှ၊ သင့်လျော်သည် ထင်မြင်သည့် နည်းလမ်းအတိုင်း၊ အလုပ်လုပ်သည့်ကာလ အပိုင်းအခြားများကို ထိရောက်စွာ ကြီးကြပ်အုပ်ချုပ်နိုင်ရန်၊ မိမိသင့်သည် ထင်မြင်သော စည်းကမ်းချက်များထားလျက်၊ ထိုအလုပ်သမားများနှင့် ပတ်သက်၍ ပုဒ်မ ၆၇ရှိ ပြဋ္ဌာန်းချက်များကို အမိန့်စာဖြင့် လျော့ပေါ့ အတည်ပြုနိုင်သည်၊ သို့တည်းမဟုတ် ပြင်ဆင်နိုင်သည်။ |
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ကသော်၎င်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာ၍၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကသော်၎င်း၊ အလုပ်ရုံအား၊ သို့တည်းမဟုတ် အလုပ်ရုံများအား၊ အထူးသဖြင့် များပြားလှသော အလုပ်များကို လုပ်နိုင်စေရန် အလို့ငှါ၊ ကင်းလွတ်ခွင့်ပြုရန် လိုအပ်သည့် ဟူသော အကြောင်းကြောင့် အလုပ်ရုံတခုခုတွင်ဖြစ်စေ၊ အလုပ်ရုံစု၊ သို့တည်းမဟုတ် အလုပ်ရုံ အမျိုးအစား တခုခုတွင်ဖြစ်စေ၊ လုပ်သည့် လူကြီး အလုပ်သမား တဦးဦးကို၊ သို့တည်းမဟုတ် လူကြီးအလုပ်သမား အားလုံးကို အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန က၊ သို့တည်းမဟုတ် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က၊ သင့်သည် ထင်မြင်သည့် စည်းကမ်းချက်များထား၍၊ ပုဒ်မ ၅၈၊ ၆၀၊ ၆၂၊ ၆၃၊ ၆၄ နှင့် ၆၇ ရှိ ပြဋ္ဌာန်းချက် တခုခုမှ၊ သို့တည်းမဟုတ် ပြဋ္ဌာန်းချက်အားလုံးမှ အမိန့်စာဖြင့် ကင်းလွတ်ခွင့်ပြုနိုင်သည်။ | |
| (၃) | ရက်သတ္တတပတ်လျှင် အလုပ်လုပ်သည့် အချိန်နှင့် စပ်လျဉ်း၍ ပုဒ်မခွဒ (၂)အရ၊ ခွင့်ပြုသည့် ကင်းလွတ်ချက်သည်၊ ပုဒ်မ ၇၀၊ ပုဒ်မခွဒ (၄)အရ၊ ပြဋ္ဌာန်းထားသည့် အများဆုံးအချိန် ကန့်သတ်ချက်များနှင့် မဆန့်ကျင်စေရ။ | |
| (၄) | ပုဒ်မခွဒ (၂)အရ ထုတ်ဆင့်သည့် အမိန့်သည်၊ ထိုအမိန့်တွင် သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြား မျှသာ အတည်ဖြစ်ရမည်။ သို့ရာတွင် အလုပ်ရုံမန်နေဂျာအား၊ ထိုအမိန့်ထုတ်ဆင့်ကြောင်း နို့တစ်စာပေးသည့်နေ့မှစ၍ နှစ်လထက်ပို၍ အတည် မဖြစ်စေရ။ |
သို့ရာတွင် ပြည်သူ့အကျိုးငှါ လိုအပ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ထင်မြင်သဘောရရှိလျှင်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ထင်မြင်သဘောရရှိလျှင်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ ပြန်တမ်းတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍၊ ထိုအမိန့် အတည်ဖြစ်သည့် ကာလအပိုင်းအခြားကို အမိန့်ကြော်ငြာစာတွင် သီးခြားဖော်ပြသည့် ကာလအပိုင်းအခြားထိ၊ အခါအားလျော်စွာ တိုးမြှင့်ပေးနိင်သည်။ ထိုသို့ တိုးမြှင့်သော ကာလ အပိုင်းအခြားသည် တကြိမ်လျှင် ခြောက်လထက်မပိုစေရ။
၇၂။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ ဥပဒေ အမှတ် ၇ အရ ပယ်ဖျက်သည်။
အချိန်ပိုလုပ်ရသည့်အတွက် အခပို
| ၇၃။ | (၁) | အလုပ်သမား တဦးတယောက်သည်၊ အလုပ်ရုံတွင် ပုဒ်မ ၅၉နှင့် ၆၂ တွင် သတ်မှတ်ထားသည့် အချိန်ထက်ပို၍ လုပ်ရလျှင်၊ ထိုသူသည် မိမိအချိန်ပို လုပ်ရသည့်အတွက်၊ မိမိသာမန်ရရှိသည့် အခနှုန်း၏နှစ်ဆ ရရစေရမည့်ပြင်၊ ရှားပါးစရိတ် ရနေလျှင် ထိုအချိန်ပို လုပ်ရသည့် နေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရစေရမည်။ |
| (၂) | အလုပ်ရုံတွင် အလုပ်သမားများကို ပုတ်ပြတ်နှုန်းပေါ်တွင် အခြေပြု၍ အခပေးလျှင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည်၊ ဆိုင်ရာ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များနှင့် တိုင်ပင်၍၊ ဤပုဒ်မအလို့ငှါ၊ အချိန် နာရီအလိုက် အခနှုန်းများကို ထိုအလုပ်သမားများ လုပ်၍ရသည့် ငွေ၏ ပျမ်းမျှရနှုန်းနှင့် တူညီနိုင်သမျှ တူညီအောင် သတ်မှတ်ရမည်။ ထို့ပြင် ယင်းသို့ သတ်မှတ်သည့် အခနှုန်းများသည် ဤပုဒ်မအလို့ငှါ၊ ထိုအလုပ်သမားများ၏ သာမန်အခနှုန်းများ ဖြစ်သည်ဟူ၍ မှတ်ယူရမည်။ | |
| (၃) | အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည်၊ ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များကို လိုက်နာစေရန် အလို့ငှါ၊ အလုပ်ရုံတွင် ထားရှိရမည့် မှတ်ပုံစာအုပ်များကို သတ်မှတ်နိုင်သည်။ | |
| ရှင်းလင်းချက်။ ။ ဤပုဒ်မအရ ပေးရမည့် အခပိုကို တွက်ချက်ရန် အလို့ငှါ "အခ" ဆိုသည်မှာ၊ မည်သည့် စရိတ်မျှမပါသော အခသက်သက်ဖြစ်သည်ဟု မှတ်ယူရမည်။ | ||
| (၄) | တရားရုံးသည် ပုဒ်မ ၅၉ နှင့် ၆၂ တို့အရ အလုပ်သမားအား ပေးရန်ပျက်ကွက်ခဲ့သည့် ပုဒ်မခွဲ (၁) ပြဋ္ဌာန်းချက်ပါ အချိန်ပိုလုပ်ခကို ပေးထိုက်သည့် အကြောင်းပေါ်ပေါက်ပါက ရထိုက်သော အချိန်ပိုလုပ်ခ ကို ပေးရန်တာဝန်ရှိသူက ထိုအလုပ်သမားအား ထုတ်ပေးရန် အမိန့်ချမှတ်ရမည်။ |
တရက်တည်း၌ အလုပ်ရုံနှစ်ရုံတွင် အလုပ်လုပ်ခြင်းကို ကန့်သတ်ခြင်း။
၇၄။ ပြဋ္ဌာန်းသတ်မှတ်သည့် အကြောင်းအချက်များတွင်မှ တပါး မည်သည့် လူကြီး အလုပ်သမားကိုမျှ၊ အလုပ်ရုံတခု၌ အလုပ်လုပ်ပြီး ဖြစ်လျှင်၊ ထိုနေ့၌ပင် အခြားအလုပ်ရုံ တခု၌ အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။
အခန်း ၈။
လူငယ်များ ခိုင်းစေခြင်း။
ငယ်ရွယ်သောကလေးများ ခိုင်းစေခြင်းကို တားမြစ်ခြင်း။
| ၇၅။ အသက်တစ်ဆယ့်လေးနှစ် မပြည့်သေးသည့် မည်သည့်ကလေးကိုမျှ အလုပ်ရုံ တခုခုတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။ | ||
| ၇၅-က။ | မည်သည့်လူငယ်ကိုမျှ ဘေးအန္တရာယ်ရှိသော၊ ကျန်းမာရေးထိခိုက်စေသော၊ ပညာသင်ကြားနိုင်သည့် အခွင့်အရေးကို အနှောင့်အယှက်ဖြစ်စေသော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော နည်းလမ်းများဖြင့် အလုပ်ခိုင်းစေခြင်း မပြုရ။ | |
အထိမ်းအမှတ်များကို၊ လူကြီး အလုပ်သမားမဟုတ်သည့် အလုပ်သမားများက ဆောင်ထားရခြင်း။
| ၇၆။ အသက်တစ်ဆယ့်လေးနှစ်ပြည့်ပြီး သည့် မည်သည့် ကလေးကိုမျှ သို့တည်းမဟုတ် မည်သည့် လူရွယ်ကိုမျှ ---- | ||
| (က) | ပုဒ်မ ၇၇အရ၊ ထိုသူအား ရည်ညွှန်း၍ ထုတ်ပေးသည့်၊ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို၊ အလုပ်ရုံမန်နေဂျာက သိမ်းဆည်းမထားလျှင်၊ ထို့ပြင် | |
| (ခ) | ထိုသူသည် မိမိအလုပ်လုပ်နေစဉ်၊ ယင်းသို့သော အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို ရည်ညွှန်းသည့် အထိမ်းအမှတ်ကို ဆောင်မထားလျှင် | |
| အလုပ်ရုံတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။ | ||
အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်
| ၇၇။ | (၁) | အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ်ထုတ်ပေးသည့် ဆရာဝန်သည်၊ အလုပ်ရုံတွင် အလုပ်လုပ်လိုသည့်၊ လူငယ်ကဖြစ်စေ၊ ထိုသူ၏မိဘက၊ သို့တည်းမဟုတ် အုပ်ထိန်းသူက ဖြစ်စေ၊ ထိုသူကို ခိုင်းစေလိုသည့် အလုပ်ရုံမန်နေဂျာကဖြစ်စေ၊ လျှောက်ထားလျှင်၊ ယင်းသို့သော အလုပ်ကို ထိုသူလုပ်ရန် သင့်လျော်သည် မသင့်လျော်သည်ကို အမှန်သိရှိ ရအောင် ထိုသူကို စမ်းသပ် စစ်ဆေးရမည်။ | |
| (၂) | အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်သည်၊ စမ်းသပ်စစ်ဆေးခြင်း ပြုပြီးကာလ၊ ပြဋ္ဌာန်းထားသည့် ပုံစံဖြင့် ရေးသားသော အောက်ပါ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ် ကို ထိုသူအား ထုတ်ပေးနိုင်သည်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးနိုင်သည် --- | ||
| (က) | ထိုလူငယ်သည် အသက်တစ်ဆယ့်လေးနှစ်ပြည့်ပြီး ဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားသည့် ကာယဗလ အဆင့်အတန်းများသို့ ရောက်ရှိပြီးဖြစ်ကြောင်း၊ ထို့ပြင် ယင်းသို့သော အလုပ်ကို ထိုလူငယ်လုပ်ရန် သင့်လျော်ကြောင်းများဖြင့် အလုပ်လုပ်ရန်သင့်လျော်ကြော်ငး မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်က ကျေနပ်လျှင် အလုပ်ရုံတွင် ကလေးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ်။ | ||
| (ခ) | ထိုလူငယ်သည် အသက်တစ်ဆယ့်ခြောက်နှစ်ပြည့်ပြီး ဖြစ်၍ အလုပ်ရုံတွင် တရက်လုံးအတွက် အလုပ်လုပ်ရန် သင့်လျော်ကြောင်းဖြင့်၊ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်က ကျေနပ်လျှင် အလုပ်ရုံတွင် လူကြီး အဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ်။ | ||
သို့ရာတွင် အလုပ်လုပ်ရန် သင့်လျော်ကြေး မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်သည် လူငယ်အလုပ်လုပ်ရန် ကြံရွယ်သည့်နေရာနှင့် ထိုသူကို ခိုင်းစေမည့် ပြုလုပ်မှုလုပ်ငန်းစဉ် အကြောင်းကို ကိုယ်တိုင်သိရှိပြီး မဟုတ်လျှင်၊ ထိုနေရာကို စစ်ဆေးပြီးမှသာလျှင်၊ ပုဒ်မခွဲ (၁)အရ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို ထုတ်ပေးရမည်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးရမည်။
| (၃) | ပုဒ်မခွဲ (၂)အရ ထုတ်ပေးသည့်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးသည့် အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်သည် ထုတ်ပေးသည့်နေ့မှစ၍ ဆယ့်နှစ်လအတွက်သာ အတည်ဖြစ်ရမည်။ | ||
| (၄) | ပုဒ်မခွဲ (၂)အရ၊ ထုတ်ပေးသည့်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ်ကို ခိုင်းစေခံရမည့် လူငယ်နှင့် ပက်သက်သည့် အလုပ်အမျိုးအစားနှင့် စပ်လျဉ်း၍ စည်းကမ်းချက်များကို ထား၍ ထုတ်ပေးနိုင်သည်၊ သို့တည်းမဟုတ် ဆယ့်နှစ်လမစေ့မီ လူငယ်ကို ပြန်လည် စမ်းသပ်စစ်ဆေးရမည်ဟု အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်တွင် စည်းကမ်းချက်ထည့်သွင်းရေးသားနိုင်သည်။ | ||
| (၅) | ပုဒ်မခွဲ (၂)အရ ထုတ်ပေးသည့်၊ သို့တည်းမဟုတ် အသစ်လဲလှယ်သည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ရရှိသူသည် ထိုလက်မှတ်တွင် ရေးသားဖော်ပြထားသည့်အတိုင်း ကလေး၊ သို့တည်းမဟုတ် လူကြီး အဖြစ်ဖြင့် အလုပ်ရုံတွင် ဆက်လက် လုပ်ရန် မသင့်လျော်တော့ကြောင်း အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်က ထင်မြင် သဘောရရှိလျှင်၊ ဆရာဝန်သည် ထို အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ်ကို ရုတ်သိမ်းရမည်။ | ||
| (၆) | အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ်ထုတ်ပေးသည့် ဆရာဝန်သည်၊ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ်ကိုဖြစ်စေ၊ တောင်းဆိုသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဆရာဝန် ထောက်ခံချက် လက်မှတ်မျိုးကို ဖြစ်စေ၊ ထုတ်ပေးရန်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးရန် ငြင်းဆိုလျှင်သော်၎င်း၊ ရုပ်သိမ်းလျှင်သော်၎င်း၊ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ် တောင်းဆိုပိုင်ခွင့်ရှိသူက မည်သည့် အကြောင်းကြောင့် ယင်းသို့ ငြင်းဆိုသည်၊ သို့တည်းမဟုတ် ရုပ်သိမ်းသည်ကို ဖော်ပြရန် ဆရာဝန်အား တောင်းဆိုလျှင်၊ ထိုအကြောင်းများကို ရေးသားဖော်ပြရမည်။ | ||
| (၇) | ပုဒ်မခွဲ (၄)တွင် ရည်ညွှန်းထားသည့် စည်းကမ်းချက်များထားလျက်၊ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်က လူငယ်နှင့် ပတ်သက်၍၊ ဤပုဒ်မအရ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ်ကို ထုတ်ပေးလျှင်၊ သို့တည်းမဟုတ် အသစ်လဲလှယ်ပေးလျှင် ထိုလူငယ်ကို စည်းကမ်းချက်များနှင့် အညီမှလွဲ၍ ခိုင်းစေခြင်းမပြုရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့် မပြုရ။ | ||
| (၈) | ဤပုဒ်မအရ ထုတ်ပေးသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ်အတွက် ပေးဆောင်ရမည့် အခငွေကိုဆိုင်ရာ လုပ်ငန်းပိုင်ရှင်က ပေးဆောင်ရမည်။ လူငယ်ထံမှဖြစ်စေ၊ သူ၏ မိဘထံမှ ဖြစ်စေ၊ အုပ်ထိန်းသူထံမှ ဖြစ်စေ၊ မတောင်းဆိုရ။ | ||
လူရွယ်ထုတတ်ပေးသည့် အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်၏ အကျိုး
| ၇၈။ | (၁) | ပုဒ်မ ၇၇၊ ပုဒ်မခွဲ (၂)၊ အပိုဒ် (ခ) အရ အလုပ်ရုံတွင် လူကြီးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ရသည့်ပြင် အလုပ်ရုံတွင် အလုပ်လုပ်နေစဉ် ထိုအလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ် ကို ရည်ညွှန်းသည့် အထိန်းအမှတ်ကိုလည်း ဆောင်ထားသည့် လူရွယ်သည်၊ အခန်း ၇ပါ ကိစ္စများ အလို့ငှါ၊ လူကြီးဖြစ်သည်ဟူ၍ မှတ်ယူရမည်။ |
| (၂) | ပုဒ်မ ၇၇၊ ပုဒ်မခွဲ (၂)၊ အပိုဒ် (ခ)အရ၊ အလုပ်ရုံတွင် လူကြီးအဖြစ် အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် မရသည့် လူရွယ်သည်၊ အသက်မည်မျှပင်ရှိစေကာမှု၊ ဤအက်ဥပဒေအလို့ငှါ ကလေးဖြစ်သည်သူ၍ မှတ်ယူရမည်။ | |
| (၃) | အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ် မရရှိသော မည်သည့် လူရွယ်ကိုမျှ အလုပ်ရုံ၌ ညနေ ခြောက်နာရီမှ နံနက်ခြောက်နာရီ အချိန်အတွင်း မခိုင်းစေရ သို့မဟုတ် အလုပ်လုပ်ခွင့် မပြုရ။ |
ကလေးများ အလုပ်လုပ်သည့် အချိန်။
| ၇၉။ | (၁) | မည်သည့်ကလေးကိုမျှ အလုပ်ရုံ၍ ---- | |
| (က) | မည်သည့်ရက်တွင်မျှ ပေါင်းလေးနာရီထက်ပို၍ မခိုင်းစေရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့် မပြုရ။ | ||
| (ခ) | ညနေ ခြောက်နာရီမှ နံနက် ခြောက်နာရီထိ အချိန်အတွင်း မခိုင်းစေရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့် မပြုရ။ | ||
| (၂) | ကလေးအားလုံးတို့၏ အလုပ်လုပ်ချိန် ကာလအပိုင်းအခြားကို အလှည့်ခြင်း မထပ်သော အလှည့် နှစ်လှည့်သာ ကန့်သတ်ထားရမည့် အပြင်၊ တလှည့်လျှင်လည်း အားလပ်ချိန်ပေးလျှင် ထိုအားလုပ်ချိန်နှင့် အလုပ်ချိန်ပေါင်းမှာ ငါးနာရီထက်မပိုစေရ။ ကလေးအသီးသီးကို အလှည့်ကျ လူစုတွင်သာ ခိုင်းစေရမည်။ ထို့ပြင် ခိုင်းစေခံရသော ကလေး ပါဝင်သော အလှည့်ကျ လူစုကို၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ သဘောတူညီချက် မရရှိဘဲ၊ တလလျှင် တကြိမ်ထက်ပို၍ ပြောင်းလဲခြင်း မပြုရ။ | ||
| (၃) | ပုဒ်မ ၆၀ ရှိ ပြဋ္ဌာန်းချက်သည်၊ ကလေးအလုပ်သမားများနှင့်လည်း သက်ဆိုင်စေရမည်။ ထို့ပြင် ကလေးနှင့် ပက်သက်၍၊ ထိုပုဒ်မရှိ ပြဋ္ဌာန်းချက်မှ ကင်းလွတ်ခွင့်မပြုရ။ | ||
| (၄) | မည်သည့် ကလေးကိုမျှ၊ အလုပ်ရုံတခု၌ အလုပ်လုပ်ပြီး ဖြစ်သောရက်တွင်၊ အခြားအလုပ်ရုံတခု၌ ခိုင်းစေခြင်းမပြုရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့် မပြုရ။ | ||
ကလေးများ အလုပ်လုပ်ရန် ကာလအပိုင်းအခြားဆိုင်ရာ နို့တစ်စာ။
| ၈၀။ | (၁) | ကလေးများအလုပ်လုပ်ရန် ကလာအပိုင်းအခြားဆိုင်ရာ နို့တစ်စာကို နေစဉ်မည်သည့် ကာလအပိုင်းအခြားတွင် ကလေးများအား အလုပ်လုပ်စေမည့်၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့် ပြုမည့်အကြောင်း ရှင်းလင်းစွာ ဖော်ပြလျက်၊ ပုဒ်မ ၉၉၊ ပုဒ်မခွဲ (၂)ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ကလေးများကို ခိုင်းစေသည့် အလုပ်ရုံ အသီးသီးတွင် မြင်သာအောင် ကပ်ထားရမည့်အပြင်၊ မှန်ကန်စွာလည်း ထားရှိရမည်။ |
| (၂) | ပုဒ်မခွဲ (၁) အရ၊ လိုအပ်သည့် နို့တစ်စာတွင် ဖော်ပြထားသည့် ကာလအပိုင်းအခြားများကို ပုဒ်မ ၆၇တွင်၊ လူကြီးများအတွက်၊ ပြဋ္ဌာန်းထားသည့် နည်းလမ်းနှင့် အညီကြိုတင်သတ်မှတ်ရမည့်ပြင်၊ ထိုကာလ အပိုင်းအခြားများအတွက် အလုပ်လုပ်နေသည့် ကလေးများသည် ပုဒ်မ ၇၉ပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍ အလုပ်လုပ်ရာ မရောက်အောင်လည်း သတ်မှတ်ထားရမည်။ | |
| (၃) | ပုဒ်မ၆၇ ပုဒ်မခွဲ (၉)နှင့် (၁၀)ရှိ ပြဋ္ဌာန်းချက်များသည်၊ ဤပုဒ်မ၏ ပုဒ်မခွဲ (၁)အရ လိုအပ်သည့် နို့တစ်စာနှင့်လည်း သက်ဆိုင်စေရမည်။ | |
| (၄) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ကလေးများ အလုပ်လုပ်ရန်ကာလအပိုင်းအခြားဆိုင်ရာ နို့တစ်စာအတွက် ပုံစံများနှင့် ထိုနို့တစ်စာကို ထားရှိရမည့် နည်းလမ်းကို ပြဋ္ဌာန်းသည့် နည်းဥပဒေများ ပြုနိုင်သည်။ |
ကလေးအလုပ်သမား မှတ်ပုံစာအုပ်
| ၈၁။ | (၁) | ကလေးများကို ခိုင်းစေသည့် အလုပ်ရုံ မန်နေဂျာ အသီးသီးသည် --- | |
| (က) | ကလေးအလုပ်သမား အသီးသီး၏ အမည်နှင့် မိဘအမည်၊ | ||
| (ခ) | ထိုကလေးလုပ်သည့် အလုပ်အမျိုးအစား၊ | ||
| (ဂ) | ထိုကလေးပါဝင်သည့် လူစုရှိလျင်၊ ထိုလူစု၊ | ||
| (ဃ) | ထိုကလေးပါဝင်သည့် လူစုသည် အလှည့်ကျ အလုပ်လုပ်လျှင်၊ ထိုကလေးအား မည်သည့် အလှည့်ကျ လူစုသို့ သတ်မှတ်ချထားကြောင်း၊ | ||
| (င) | ပုဒ်မ ၇၇ အရ ထုတ်ပေးသည့် ထိုကလေး၏ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်၏ အမှတ်စဉ်၊ ထို့ပြင် | ||
| (စ) | ပြဋ္ဌာန်းထားသည့် အခြားအကြောင်းအရာများကို ဖော်ပြသည့် ကလေးအလုပ်သမားမှတ်ပုံ စာအုပ်ကို ထားရှိရမည့်အပြင်၊ ထိုမှတ်ပုံစာအုပ်ကို အလုပ်ချိန်အတွင်း စစ်ဆေးရေးအရာရှိက အချိန်မရွေး ကြည့်ရှုနိုင်ရန် ထားရှိရမည်။ | ||
| (၂) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည်၊ ကလေးအလုပ်သမား မှတ်ပုံတင်စာအုပ်ပုံစံ၊ ထိုမှတ်ပုံစာအုပ်ကို ထားရှိရမည့်နည်းလမ်း၊ ထို့ပြင် ထိုမှတ်ပုံစာအုပ်ကို မပျက်စီးအောင် သိမ်းထားရမည့် ကာလအပိုင်းအခြားကို သတ်မှတ်နိုင်သည်။ | ||
အလုပ်လုပ်သည့် အချိန်နာရီများသည်၊ ပုဒ်မ ၈၀အရ၊ ကပ်ထားရမည့် နို့တစ်စာနှင့်၎င်း၊ ပုဒ်မ ၈၁ အရ ထားရှိရမည့် မှတ်ပုံစာအုပ်နှင့် ၎င်းညီညွှတ်စေခြင်း။
၈၂။ မည်သည့်ကလေးကိုမျှ မြင်သာအောင် ကပ်ထားသည့် ကလေးများ အလုပ်လုပ်ရန် ကာလအပိုင်းအခြားဆိုင်ရာ နို့တစ်စာနှင့် ဆန့်ကျင်လျက်၎င်း၊ ထို့ပြင် ကလေးအလုပ်သမား မှတ်ပုံစာအုပ်တွင်၊ ထိုကလေး၏ အမည်နှင့် ယှဉ်လျက် ကြိုတင်ရေးသွင်းထားသည့် ရေးသွင်းချက်များနှင့် ဆန့်ကျင်လျက်၎င်း၊ ခိုင်းစေခြင်း မပြုရ။
ဆရာဝန်ဖြင့် စမ်းသပ်စစ်ဆေးခြင်းကို ပြုရန်ဆင့်ဆိုပိုင်ခွင့်အာဏာ
| ၈၃။ | (က) | အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်မရှိဘဲ အလုပ်ရုံတွင် အလုပ်လုပ်နေသူသည်၊ လူငယ်ဖြစ်သည်ဟူ၍ သော်၎င်း၊ |
| (ခ) | အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်နှင့် အလုပ်ရုံတွင် အလုပ်လုပ်နေသည့် လူငယ်သည်၊ ထိုအလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်တွင် ရေးသား ဖော်ပြထားသည့်အတိုင်း၊ ကလေး၊ သို့တည်းမဟုတ် လူကြီးအဖြစ်ဖြင့် ဆက်လက် အလုပ်လုပ်ရန် မသင့်လျော်တော့ဟူ၍ သော်၎င်း၊ |
စစ်ဆေးရေးအရာရှိ က ထင်မြင်သဘော ရရှိလျှင်၊ ထို စစ်ဆေးရေးအရာရှိသည် ယင်းသို့သောသူကို အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ်ထုတ်ပေးသည့် ဆရာဝန်ဖြင့် စမ်းသပ် စစ်ဆေးရမည်ဟု ဆင့်ဆိုသည့် နိုတစ်စာကို အလုပ်ရုံမန်နေဂျာထံ ပေးနိုင်သည်။ ထို့ပြင် ဤကဲ့သို့ စမ်းသပ် စစ်ဆေးခြင်း မပြုရသေးမီ ပုဒ်မ ၇၇ အရ၊ အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်၊ သို့တည်းမဟုတ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် သစ်ဆိုင်သင့်ရာရာကိုလည်း ထုတ်ပေးခြင်း မပြုရသေးမီ၊ သို့တည်းမဟုတ် ထိုသူအား စစ်ဆေးသော အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်က ထိုသူသည်၊ လူငယ်မဟုတ်ကြောင်း အလုပ်လုပ်ရန် သင့်လျော်ကြောင်းမှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ် မပေးသေးမီ ယင်းသို့သောသူကို အလုပ်ရုံတွင် မခိုင်းစေရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့်မပြုရဟု စစ်ဆေးရေးအရာရှိက ဆင့်ဆိုလျှင်၊ ထို သို့ဆင့်ဆိုသည့်အတိုင်း မခိုင်းစေရ သို့တည်းမဟုတ် အလုပ်လုပ်ခွင့်မပြုရ။
နည်းဥပဒေများ ပြုနိုင်သည့် အာဏာ
| ၈၄။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန သည်၊ အောက်ပါကိစ္စများ အလို့ငှါ၊ နည်းဥပဒေများ ပြုနိုင်သည်။ | ||
| (က) | ပုဒ်မ ၇၇ အရ ထုတ်ပေးမည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် များအတွက် ပုံစံများကို ပြဋ္ဌာန်းရန်၊ မူရင်း အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ပျောက်ဆုံးသည့် အခါ၊ မိတ္တူများ ထုတ်ပေးရန်အတွက် ပြဋ္ဌာန်းရန်၊ ထို့ပြင် ယင်းသို့သော အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ်များ အသစ်လဲလှယ်ထုတ်ပေးသည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်များနှင့် ယင်းသို့သော မိတ္တူများ အတွက်၎င်း၊ ပြဋ္ဌာန်းသည့် အခြားစမ်းသပ် စစ်ဆေးမှုများအတွက်၎င်း၊ တောင်းဆိုပိုင်ခွင့်ရသည့် အခများကို သတ်မှတ်ရန်။ | |
| (ခ) | အလုပ်ရုံများတွင် အလုပ်လုပ်သည့် ကလေးများနှင့် လူရွယ်များ ရောက်ရှိရမည့် ကာယဗလ အဆင့်အတန်းများကို ပြဋ္ဌန်းရန်။ | |
| (ဂ) | အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်များက၊ ဤအခန်းအရ လိုက်နာ ဆောက်ရွက်ရမည့် နည်းလမ်းကို စည်းမျဉ်း သတ်မှတ်ရန်၊ ထို့ပြင် အလုပ်ရုံများတွင် လူငယ်များအား ခိုင်းစေခြင်းနှင့် စပ်လျဉ်း၍ ထို အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်တို့က ဆောင်ရွက်ရန် လိုအပ်သည့်အခြား အလုပ်ဝတ္တရားများကို သီးခြားဖော်ပြရန်၊ ထိုအလုပ်ဝတ္တရားများအတွက် တောင်းဆိုနိုင်သည့် အခငွေများနှင့် ထိုအခငွေများ ပေးဆောင်ရမည့်သူများကို ပြဋ္ဌာန်းရန်။ | |
| (ဃ) | ဤအခန်းရှိ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်စေရန် အလို့ငှါ၊ သင့်လျော်သည့် အခြားအကြောင်းအရာ တခုခုကို ပြဋ္ဌာန်းရန်။ | |
အခန်း(၉)
ပြစ်ဒဏ်များနှင့် လိုက်နာဆောင်ရွက်ရန် နည်းလမ်း
ပြစ်မှုများအတွက် သာမန်ပြစ်ဒဏ်
၈၅။ အလုပ်ရုံ၊ သို့တည်းမဟုတ် အလုပ်ရုံဖြစ်သည်ဟု ဤအက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့်၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရ ကျေညာထားသည့် နေရာတစ်ခုခုတွင် သော်၎င်း၊ ထိုအလုပ်ရုံ၊ သို့တည်းမဟုတ် နေရာနှင့် စပ်လျဉ်း၍ သော်၎င်း၊ ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်များကို ဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေများကို ဖြစ်စေ၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရ စာဖြင့် ရေးသားချမှတ်သည့် အမိန့်ကိုဖြစ်စေ ဆန့်ကျင်လျှင်၊ အလုပ်ရုံမန်နေဂျာနှင့် လုပ်ငန်းပိုင်ရှင်တို့သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော အခါ၊ သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း နှစ်ဆယ်အောက်မနည်းသော ငွေဒဏ်ဖြစ်စေ၊ သို့တည်းမဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ စီရင်ခြင်းခံရမည်။ ထို့ပြင်ယင်းသို့ ပြစ်ဒဏ်စီရင်ခြင်းခံရပြီးနောက်၊ ဆက်လက်ဆန့်ကျင်ပါက၊ ထိုသူအသီးသီးသည် နောက်ထက်ပြစ်မှုထင်ရှား စီရင်ခြင်းခံရမည့်ပြင်၊ ဤကဲသို့ ဆက်လက် ဆန့်ကျင်သည့်ရက်များအတွက် တရက်လျှင် ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ကိုလည်း စီရင်ခြင်းခံရမည်။
| သို့ရာတွင် - | ||
| (၁) | ပုဒ်မ ၅၉၏၊ သို့တည်းမဟုတ် ပုဒ်မ ၆၂ ၏ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်သော အလုပ်ရုံမန်နေဂျာအား၊ သို့တည်းမဟုတ် လုပ်ငန်းပိုင်ရှင်အား ငွေဒဏ်စီရင်ရာ၌ တရားရုံးသည်၊ ကျပ်သိန်းနှစ်ဆယ်အောက်မနည်းသော ငွေဒဏ်ကိုဖြစ်စေ၊ ပုဒ်မ၇၃(၁)တွင် ပြဋ္ဌာန်းထားသည့် အချိန်ပို လုပ်ခကြေးငွေ၏ နှစ်ဆနှင့် ညီမျှသော ငွေဒဏ်ကိုဖြစ်စေ၊ ထိုငွေဒဏ်နှစ်ရပ်အနက် များရာငွေဒဏ်ကို စီရင်ရမည်။ | |
| (၂) | အလုပ်ရုံမန်နေဂျာနှင့် လုပ်ငန်းပိုင်ရှင်နှစ်ဦးလုံးသည် ပြစ်ဒဏ်စီရင်ခြင်းခံရလျှင် ဆန့်ကျင်မှုတစ်ခုတည်းနှင့် စပ်လျဉ်း၍ စီရင်ခြင်းခံရသည့် ငွေဒဏ်စုစုပေါင်းသည် ဆိုခဲ့သည့် ငွေဒဏ်များထက် မပိုစေရ။ | |
အထက်ကပြစ်ဒဏ်စီရင်ခြင်းခံရဘူးသူများကို ပြစ်ဒဏ်တိုး၍ စီရင်ခြင်း
၈၆။ ပုဒ်မ ၈၅အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရဘူးသူသည်၊ ယခင်ကဆန့်ကျင်ခဲ့သော ပြဋ္ဌာန်းချက်ကို နောက်ထက်ဆန့်ကျင်သည့် ပြစ်မှုအတွက် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် နောက်ထပ်ပြစ်ဒဏ်စီရင်ခြင်းခံရသောအခါ၊ ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းသုံးဆယ်မှ အများဆုံး ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ သို့တည်းမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
သို့ရာတွင် ဤပုဒ်မအရ ပြစ်ဒဏ်စီရင်ရန် အလို့ငှါ နှစ်နှစ်ကျော်က ထိုသူအပေါ်တွင် ချမှတ်သည့် ပြစ်ဒဏ်ကို ထည့်သွင်းအရေးမယူရ။
အလုပ်သမားကျူးလွန်သည့် ပြစ်မှုများ။
| ၈၇။ | (၁) | အလုပ်သမားများသို့ တာဝန်ဝတ္တရားများ ချအပ်သည့် ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်တစ်ခုခုကို ဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေတစ်ခုခုကို၊ သို့တည်းမဟုတ် အမိန့်တစ်ခုခုကိုဖြစ်စေ၊ ခိုင်းစေခံရသူ အလုပ်သမား တစ်ဦးဦးက ဆန့်ကျင်လျှင်၊ ထိုသူသည် တလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။ |
| (၂) | ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်စီရင်ထိုက်သည့် ပြစ်မှုအတွက် အလုပ်သမားကို ပြစ်ဒဏ်စီရင်လျှင်၊ ထိုဆန့်ကျင်မှုကို မပြုမိအောင် သင့်လျော်သော ဆောင်ရွက်မှုများကို လုပ်ငန်းပိုင်ရှင်က၊ သို့တည်းမဟုတ် အလုပ်ရုံမန်နေဂျာက မပြုကြောင်းထင်ရှားအောင် မပြနိုင်လျှင်၊ ထိုလုပ်ငန်းပိုင်ရှင်ကိုဖြစ်စေ၊ မန်နေဂျာကိုဖြစ်စေ၊ ထိုဆန့်ကျင်မှုနှင့် စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သည်ဟု မမှတ်ယူရ။ |
စစ်ဆေးရေးအရာရှိ ကိုဟန့်တားသည့်အတွက် ပြစ်ဒဏ်
၈၈။ မည်သူမဆို ဤအက်ဥပဒေအရ အပ်နှင်းထားသည့် အာဏာကို သုံးစွဲနေသော စစ်ဆေးရေးအရာရှိကို တမင်ဟန့်တားလျှင်သော်၎င်း၊ ဤအက်ဥပဒေနှင့်အညီ၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့် အညီ၊ မိမိထားရှိသည့် မှတ်ပုံစာအုပ်ကို၊ သို့တည်းမဟုတ် အခြား စာချုပ်စာတမ်းများကို ထုတ်ပြရန် စစ်ဆေးရေးအရာရှိ ကတောင်းဆိုသည့်အခါ ထုတ်ပြရန် ပျက်ကွက်လျှင်သော်၎င်း အလုပ်ရုံအတွင်းရှိ အလုပ်သမား တဦးဦးကို စစ်ဆေးရေးအရာရှိ ရှေ့သို့လာရောက်ခြင်း၊ သို့တည်းမဟုတ် စစ်ဆေးရေးအရာရှိ၏ အစစ်အဆေးခံခြင်း မပြုနိုင်အောင် ဝှက်ထားလျှင်၊ သို့တည်းမဟုတ် တားဆီးလျှင်သော်၎င်း၊ ထိုသူသည် သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
အမိန့်ချမှတ်နိုင်သည့် တရားရုံး၏အာဏာ
| ၈၉။ | (၁) | တရားရုံးသည် လုပ်ငန်းပိုင်ရှင်ကို၊ သို့တည်းမဟုတ် အလုပ်ရုံမန်နေဂျာကို ဤအက်ဥပဒေအရ ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုအတွက် ပြစ်ဒဏ်စီရင်နိုင်သည့်ပြင်၊ အမိန့်တရပ်လည်း ချမှတ်နိုင်သည်။ ထိုအမိန့်တွင် ကျူးလွန်းသည့် ကိစ္စနှင့် စပ်လျဉ်း၍၊ တရားအတိုင်းဖြစ်စေရန် အလို့ငှါ၊ အမိန့်တွင် သီးခြားဖော်ပြထားသည့် ဆောင်ရွက်မှုများကို ထိုအမိန့်တွင် သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတွင်း ပြုရမည်ဟု ပါရှိရမည်။(တရားရုံးသည် ကာလအပိုင်းအခြားကို ထပ်တိုးရန် လျှောက်ထားသည့်အခါ ထိုသို့ ထပ်တိုးရန်သင့်သည်ဟု ထင်မြင်လျှင်၊ အခါအားလျော်စွာထပ်တိုးနိုင်သည်။) |
| (၂) | ပုဒ်မခွဲ (၁)အရ အမိန့်ကိုချမှတ်လျှင်၊ လုပ်ငန်းပိုင်ရှင်သည်၊ သို့တည်းမဟုတ် အလုပ်ရုံမန်နေဂျာသည်၊ တရားရုံးက ခွင့်ပြုသည့် ကာလ အပိုင်းအခြားအတွင်း၊ သို့တည်းမဟုတ် ထပ်တိုးသော ကာလအပိုင်းအခြားအတွင်း၊ ထိုပြစ်မှုကို ဆက်လက်ကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ ဤအက်ဥပဒေအရ ပြစ်ဒဏ်မထိုက်သင့်စေရ။ သို့ရာတွင် ထိုခွင့်ပြုသည့် ကာလအပိုင်းအခြား၊ သို့တည်းမဟုတ် ထပ်တိုးသော ကာလအပိုင်းအခြားစေ့ကုန်သောအခါ၊ တရားရုံး၏ အမိန့်အတိုင်း အကြွင်းမဲ့လိုက်နာဆောင်ရွက်ခြင်း မရှိသေးလျှင် လုပ်ငန်းပိုင်ရှင်သည်၊ သို့တည်းမဟုတ် မန်နေဂျာသည်၊ နောက်ထပ်ပြစ်မှု ကျူးလွန်သည်ဟု မှတ်ယူရမည့်ပြင်၊ ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ထိုကာလအပိုင်းအခြားစေ့ကုန်ပြီးနောက် အမိန့်အတိုင်းလိုက်နာရန် စတင်ပျက်ကွက်သည့် နေ့မှစ၍၊ တစ်နေ့လျှင် ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်း ခံရမည်။ |
သီးခြားဖြစ်သော ပြစ်မှုများ
၉၀။ ။ ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျက် ၎င်း၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေ၊ သို့တည်းမဟုတ် အမိန့်နှင့်ဆန့်ကျင်လျက်၎င်း အလုပ်ရုံတွင် မည်သူကိုမဆို ခိုင်းစေလျှင်၊ ဤသို့ခိုင်းစေခံရသူ အသီးသီးနှင့်ပတ်သက်၍ သီးခြားဖြစ်သော ပြစ်မှု တစ်ခုစီ ကျူးလွန်သည်ဟု မှတ်ယူရမည်။
အလုပ်လုပ်ရန် သင့်လျော်ကြောင်းမမှန်သည့် အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ်ကို အသုံးပြုသည့်အတွက် ပြစ်ဒဏ်။
၉၁။ ။ မည်သူကိုမဆို ပုဒ်မ ၇၇ အရ၊ သူတပါးသို့ ပေးအပ်သည့် အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ကို၊ ထိုပုဒ်မအရ မိမိသို့ ပေးအပ်သည့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် အဖြစ်လိမ်လည်၍ သိလျက်နှင့် အသုံးပြုလျှင်သော်၎င်း၊ အသုံးပြုရန် အားထုတ်လျှင်သော်၎င်း၊ ထိုပုဒ်မအရ အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ်ကိုရယူပြီးနောက်၊ သိလျက်နှင့် အခြားသူတဦးတယောက်အား အသုံးပြုခွင့်ပေးလျှင်သော်၎င်း၊ အသုံးပြုရန်အားထုတ်မှုကို ခွင့်ပြုလျှင်သော်၎င်း၊ ထိုသူသည် တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
ကလေးကို တရက်တည်း၌ အလုပ်ရုံနှစ်ရုံတွင် အလုပ်လုပ်ခွင့် ပြုသည့်အတွက် ပြစ်ဒဏ်။
၉၂။ ။ ကလေးတယောက်သည် အလုပ်ရုံတစ်ခုတွင် အလုပ်လုပ်ပြီးသောရက်၌ အခြားအလုပ်ရုံတစ်ခုတွင် မိဘ၏၊ သို့တည်းမဟုတ် အုပ်ထိန်းသူ၏ သို့တည်းမဟုတ် စောင့်ရှောက်သူ၏ သို့တည်းမဟုတ် အုပ်ချုပ်သူ၏ သို့တည်းမဟုတ် အခများမှ တိုက်ရိုက်အကျိုးခံစားရသူ၏ သဘောတူညီချက်ဖြင့်၊ သို့တည်းမဟုတ် အခများမှ တိုက်ရိုက် အကျိုးခံစားရသူ၏ သဘောတူညီချက်ဖြင့်၊ သို့တည်းမဟုတ် တမင်လစ်လျူရှုချက်ဖြင့် အလုပ်လုပ်သည်ဟု တရားရုံး၏ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်၊ ကလေး၏ မိဘသည်၊ သို့တည်းမဟုတ် အုပ်ထိန်းသူသည်၊ သို့တည်းမဟုတ် စောင့်ရှောက်သူသည်၊ သို့တည်းမဟုတ် အုပ်ချုပ်သူသည်၊ သို့တည်းမဟုတ် အကျိုးခံစားရသူသည် ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်စီရင်ခြင်းခံရမည်။
မည်သူသည် လုပ်ငန်းပိုင်ရှင်ဖြစ်ကြောင်း ဆုံးဖြတ်ခြင်း။
| ၉၃။ | (၁) | လုပ်ငန်းပိုင်ရှင်သည်၊ ဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် သီးခြားပုဂ္ဂိုလ်များ ပါဝင်သည့် အဖွဲ့ဖြစ်လျှင်၊ ထိုဖက်စပ်လုပ်ငန်းတွင် ဖက်စပ်ပါဝင်သူများ၊ (သို့)ထိုအဖွဲ့တွင် ပါဝင်သူများအနက် မည်သူ့ကိုမဆို၊ လုပ်ငန်းပိုင်ရှင်အား ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုခုအတွက်၊ ဤအက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်စီရင်နိုင်သည်။ |
သို့ရာတွင် ထိုဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် အဖွဲ့တွင် ပါဝင်သူတို့အနက်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၌ နေထိုင်သူတဦးဦးကို၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါ၊ လုပ်ငန်းပိုင်ရှင်အဖြစ် အမည်တင်သွင်း ခန့်ထားပြီးဖြစ်ကြောင်းဖြင့် ထိုဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် အဖွဲ့က စစ်ဆေးရေးအရာရှိအား နို့တစ်စာပေးပို့နိုင်သည်။ ထို့ပြင် ထိုပုဂ္ဂိုလ်သည် ယင်းသို့ နေတိုင်သမျှကာလပတ်လုံး မိမိအား အမည်တင်သွင်း ခန့်ထားခြင်းကို ပယ်ဖျက်သည့် နောက်ထပ်နို့တစ်စာကို စစ်ဆေးရေးအရာရှိ ကမရမီသော်၎င်း၊ မိမိသည် ထိုဖက်စပ်လုပ်ငန်း သို့တည်းမဟုတ် အဖွဲ့တွင် အစုပါဝင်သူအဖြစ်မှ၊ သို့တည်းမဟုတ် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်းမပြုမီသော်၎င်း၊ ဤအက်ဥပဒေပါကိစ္စများအလို့ငှါ၊ လုပ်ငန်းပိုင်ရှင်ဖြစ်သည်ဟူ၍ မှတ်ယူရမည်။
| (၂) | လုပ်ငန်းပိုင်ရှင်သည်၊ အများပိုင်ကုမ္ပဏီဖြစ်လျှင် ထိုကုမ္ပဏီ၏ ဒါရိုက်တာလူကြီးများအနက်၊ မည်သည့်ဒါရိုက်တာလူကြီးကိုမဆို၊ သို့တည်းမဟုတ် အနည်းပိုင် ကုမ္ပဏီဖြစ်လျှင် ထိုကုမ္ပဏီတွင် အစုပါဝင်သူများ အနက် မည်သည့်အစုပါဝင်သူကိုမဆို၊ လုပ်ငန်းပိုင်ရှင်အား ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုခုအတွက် ဤအက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်စီရင်နိုင်သည်။ |
သို့ရာတွင် ထိုကုမ္ပဏီသည် အများပိုင် ကုမ္ပဏီဖြစ်လျှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုသည့် ဒါရိုက်တာလူကြီးတဦးဦးကို သော်၎င်း၊ အနည်းပိုင် ကုမ္ပဏီဖြစ်လျှင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သည့် တစုပါဝင်သူတဦးဦးကိုသော်၎င်း၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါလုပ်ငန်းပိုင်ရှင်အဖြစ် အမည်သွင်းထားပြီးဖြစ်ကြောင်းဖြင့် စစ်ဆေးရေးအရာရှိအား နို့တစ်စာပေးနိုင်သည်။ ထို့ပြင် ထိုဒါရိုက်တာ လူကြီးသည်၊ သို့တည်းမဟုတ် အစုပါဝင်သူသည်၊ ယင်းသို့ နေထိုင်သမျှ ကာလပတ်လုံး၊ မိမိအားအမည်တင်သွင်းခန့်ထားခြင်းကို ပယ်ဖျက်သည့် နောက်ထပ်နို့တစ်စာကို စစ်ဆေးရေးအရာရှိက အရမီသော်၎င်း၊ မိမိသည် ဒါရိုက်တာ လူကြီးအဖြစ်မှ၊ သို့တည်းမဟုတ် အစုပါဝင်သူအဖြစ်မှ ရပ်စဲခြင်းမပြုမီ သော်၎င်း၊ ဤအက်ဥပဒေပါ ကိစ္စများ အလို့ငှါလုပ်ငန်းပိုင်ရှင် ဖြစ်သည်ဟု၍ မှတ်ယူရမည်။
| (၃) | လုပ်ငန်းပိုင်ရှင်သည် ပြည်ထောင်စုအစိုးရက သော်၎င်း၊ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းတည်းထောင်ထားသည့် အဖွဲ့သော်၎င်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရ၊ နေပြည်တော် ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ သော်၎င်းဖြစ်လျှင်၊ သက်ဆိုင်ရာအလုပ်ဌာကိုကြီးကြပ်ရန် လုပ်ငန်းပိုင်ရှင်အား တာဝန်ခံရသော ထိုအလုပ်ဌာန၏အကြီးအကဲဖြစ်ဖြင့် ပြည်ထောင်စုအစိုးရက၊ သို့တည်းမဟုတ် အဆိုပါအဖွဲက၊ သို့တည်းမဟုတ် အဆိုပါသက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ က ခန့်ထားသောသူအား လုပ်ငန်းပိုင်ရှင်ကို ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုခုအတွက် ဤအက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်စီရင်နိုင်သည်။ |
လုပ်ငန်းပိုင်ရှင် သို့တည်းမဟုတ် မန်နေဂျာမှာ တာဝန်ကင်းလွတ်ခြင်း
| ၉၄။ | (၁) | လုပ်ငန်းပိုင်ရှင်အပေါ်တွင်ဖြစ်စေ၊ အလုပ်ရုံမန်နေဂျာအပေါ်တွင်ဖြစ်စေ၊ ဤအက်ဥပဒေအရ ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုနှင့် တရားစွဲဆိုလျှင်၊ ထိုလုပ်ငန်းပိုင်ရှင်သည်၊ သို့တည်းမဟုတ် မန်နေဂျာသည် ပြစ်မှုကို အခြားသူက ကျူးလွန်ကြောင်းနှင့် ကိုယ်တိုင်နေရာတကျ တိုင်တန်းလျှောက်ထား၍၊ ယင်းသို့ တိုင်တန်းလျှောက်ထားရန် ကြံရွယ်ကြောင်း နို့တစ်စာကို သုံးရက်အောက်မနည်း ကြိုတင်၍ တရားလိုဘက်သို့ ပေးပြီးကာလ၊ ထိုသို့ စွပ်စွဲခံရသူကို စွပ်စွဲချက်အတိုင်း ကြားနာစစ်ဆေးရန် ချိန်းဆိုသည့် အချိန်တွင်၊ တရားရုံးသို့ ခေါ်ဆောင်လာစေ၇န် ပြောဆိုပိုင်ခွင့်ရရှိရမည်။ ထို့ပြင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပြီးနောက်၊ လုပ်ငန်းပိုင်ရှင်က ဖြစ်စေ၊ မန်နေဂျာက ဖြစ်စေ --- | |
| (က) | ဤအက်ဥပဒေအတိုင်းလိုက်နာဆောင်ရွက်ရန်၊ ကိုယ်တိုင်နေရာတကျ လုံ့လပြုကြောင်း၊ ထို့ပြင် | ||
| (ခ) | မိမိမသိဘဲ၊ သဘောမတူဘဲ၊ တမင်လစ်လျူရှု၍ နေခြင်းကြောင့် မဟုတ်ဘဲ၊ ထိုစွပ်စွဲခံရသော အခြားသူသည်၊ ပြစ်မှုကို ကျူးလွန်ကြောင်း တရားရုံးက ကျေနပ်အောင် ထင်ရှားပြသလျှင်၊ ထိုပြစ်မှုအတွက် ထိုအခြားသူကို ပြစ်မှုထင်ရှားစီရင်ရမည်။ ထို့ပြင် အခြားသူသည်၊ လုပ်ငန်းပိုင်ရှင်၊ သို့တည်းမဟုတ် အလုပ်ရုံမန်နေဂျာ ဖြစ်ဘိသကဲ့သို့ အလားတူပြစ်ဒဏ်မျိုး စီရင်ခြင်းခံရမည်။ ထို့ပြင် လုပ်ငန်းပိုင်ရှင်သည် သို့တည်းမဟုတ် အလုပ်ရုံမန်နေဂျာသည် ထိုပြစ်မှုနှင့် စပ်လျဉ်း၍ ဤအက်ဥပဒေအရ မည်သည့်တာဝန်မှ မဆိုကင်းလွတ်စေရမည်။ ဤအမှုမျိုးတွင် အလုပ်ရုံမန်နေဂျာကဖြစ်စေ၊ လုပ်ငန်းပိုင်ရှင်က ဖြစ်စေ သက်သေခံလျှင် ထိုမန်နေဂျာကို သို့တည်းမဟုတ်၊ လုပ်ငန်းပိုင်ရှင်ကို၎င်း၊ စွဲချက်ကိုထောက်ခံရန် ထိုသူကပေးသည့် သက်သေများကို၎င်း၊ တရားလိုသက်သေက ပြန်လှန်စစ်ဆေးနိုင်ခွင့်ရှိသည့်ပြင်၊ သက်သေထွက်ချက်များကလည်းချေပရန် သက်သေတင်ပြနိုင်သည်။ | ||
| (၂) | အမှုစွဲဆိုခြင်းမပြုမီ မည်သည့်အချိန်တွင်မဆို --- | ||
| (က) | လုပ်ငန်းပိုင်ရှင်ကဖြစ်စေ၊ အလုပ်ရုံမန်နေဂျာကဖြစ်စေ၊ ဤအက်ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရန် ကိုယ်တိုင်နေရာတကျ လုံ့လပြုကြောင်း၊ | ||
| (ခ) | ပြစ်မှုကျူးလွန်သူမှာ မည်သူဖြစ်ကြောင်း၊ ထို့ပြင် | ||
| (ဂ) | ပြစ်မှုကျူးလွန်သည့်အခါ လုပ်ငန်းပိုင်ရှင်ဖြစ်စေ၊ အလုပ်ရုံမန်နေဂျာဖြစ်စေမသိဘဲ၊ သို့တည်းမဟုတ် သဘောမတူဘဲ၊ သို့တည်းမဟုတ် တမင်လစ်လျူရှု၍ နေခြင်းမဟုတ်ဘဲ၊ သူ၏အမိန့်ကို ဖီဆန်ကျူးလွန်ကြောင်းဖြင့် စစ်ဆေးရေးအရာရှိ ကျေနပ်အောင် ထင်ရှားပြသည့်အခါ၊ လုပ်ငန်းပိုင်ရှင်၊ သို့တည်းမဟုတ် အလုပ်ရုံမန်နေဂျာအပေါ်တွင် ရှေးဦးစွာ တရားစွဲဆိုခြင်းမပြုဘဲ ပြစ်မှု ကျူးလွန်သူ အမှန်ဖြစ်ကြောင်း မိမိယုံကြည်သူကို စစ်ဆေးရေးအရာရှိ ကတရားစွဲဆိုရမည်။ ထိုသူမှာလည်း လုပ်ငန်းပိုင်ရှင်၊ သို့တည်းမဟုတ် အလုပ်ရုံမန်နေဂျာဖြစ်ဘိသကဲ့သို့ အလားတူအပြစ်ဒဏ်မျိုး စီရင်ခြင်းခံရမည်။ | ||
ခိုင်းစေခံရသူဟူ၍ မှတ်ယူခြင်း
၉၅။ ။ အစာစားချိန်နှင့် အားလပ်ချိန်များမှလွဲ၍၊ အလုပ်လုပ်နေသည့် အချိန်တွင်ဖြစ်စေ၊ စက်ကိရိယာလည်နေသည့် အချိန်တွင်ဖြစ်စေ၊ မည်သည့်အချိန်တွင် မဆို တဦးဦးသောသူကို အလုပ်ရုံ၌ တွေ့ရှိလျှင်၊ ထိုသူသည် အလုပ်ရုံတွင် ခိုင်းစေခံရသူ မဟုတ်ဟု ထင်ရှားအောင် မပြနိုင်ပါက ထိုသူကို ဤအက်ဥပဒေအလို့ငှါ၎င်း၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများ အလို့ငှါ၎င်း၊ အလုပ်ရုံတွင် ထိုအချိန်၌ ခိုင်းစေခံရသူ ဖြစ်သည်ဟူ၍ မှတ်ယူရမည်။
အသက်အရွယ်နှင့် စပ်လျဉ်း၍ ထင်ရှားအောင်ပြရန်တာဝန်
| ၉၆။ | (၁) | တဦးဦးသောသူသည်၊ သတ်မှတ်ထားသည့် အသက်အောက်ငယ်ပါက ပြလုပ်မှုသည်၊ သို့တည်းမဟုတ် ပျက်ကွက်မှုတခုခုသည်၊ ဤအက်ဥပဒေအရ ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုဖြစ်၍ ထိုသူသည်ယင်းသို့ သတ်မှတ်ထားသည့် အသက်အောက်ငယ်ကြောင်း ယုတ္တိထင်ရှားသည်ဟု တရားရုံးက ထင်မြင်သဘောရရှိလျှင်၊ ထိုသူသည်ဆိုခဲ့သည့်အသက်အောက်မငယ်ကြောင်း ထင်ရှားအောင်ပြရန်မှာ တရားခံ၏ တာဝန်ဖြစ်ရမည်။ |
| (၂) | အလုပ်သမားနှင့် ပတ်သက်၍ အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်၏ ထုတ်ဖော်ရေးသားချက်တွင် ထိုအလုပ်သမားကို မိမိကိုယ်တိုင် စမ်းသပ်ကြောင်း၊ ထို့ပြင် ထိုအလုပ်သမားသည် ထုတ်ဖော်ရေးသားချက်တွင် ဖော်ပြထားသည့် အသက်အောက်ငယ်သည်ဟု ယုံကြည်ကြောင်းပါရှိသည်ဖြစ်လျှင်၊ ထိုထုတ်ဖော်ရေးသားချက်ကို ဤအက်ဥပဒေနှင့်တကွ ဤအက်ဥပဒေအရ ပြုထားသည့် နည်းဥပဒေများ အလို့ငှါ၊ ထိုအလုပ်သမား၏ အသက်နှင့် စပ်လျဉ်းသည့် သက်သေခံအဖြစ် လက်ခံရမည်။ |
ပြစ်မှုများကို အရေးယူခြင်း
| ၉၇။ | (၁) | စစ်ဆေးရေးအရာရှိကဖြစ်စေ၊ စစ်ဆေးရေးအရာရှိ၏ စာဖြင့် ပေးသောအခွင့်အမိန့်ကို ကြိုတင်ရရှိပြီးမှဖြစ်စေ စွဲဆိုသည့်အမှုမှတပါး၊ မည်သည့်တရားရုံးကမျှ ဤအက်ဥပဒေအရ ပြစ်မှုတခုခုကို အရေးမယူရ။ |
| (၂) | ဤအက်ဥပဒေအရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေ သို့တည်းမဟုတ် အမိန်အရဖြစ်စေ ပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုတခုခုကို စီရင်ပိုင်ခွင်အာဏာရှိသော တရားရုံးက စစ်ဆေးစီရင်ရမည်။ |
တရားစွဲဆိုနိုင်သည့် ကာလအပိုင်းအခြားကို ကန့်သတ်ခြင်း။
၉၈။ ။ ဤအက်ဥပဒေအရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေ၊ သို့တည်းမဟုတ် အမိန့်အရဖြစ်စေ၊ ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်သည်ဟု စစ်ဆေးရေးအရာရှိ သိရှိသည့် နေ့မှ ခြောက်လအတွင်း တိုင်တန်းလျှောက်ထားခြင်းမရှိလျှင်၊ ထိုပြစ်မှုကို မည်သည့်တရားရုံးကမျှအရေးမယူရ။
သို့ရာတွင် ထိုပြစ်မှုသည်၊ စစ်ဆေးရေးအရာရှိ စာဖြင့် ရေးသားချမှတ်သည့် အမိန့်ကို မလိုက်နာသည့် ပြစ်မှုဖြစ်သည့်အခါ၊ ထိုပြစ်မှုကျူးလွန် ကြောင်းကို ထိုပြစ်မှုကျူးလွန်သည် ဟုဆိုသည့်နေ့မှ ဆက်နှစ်လအတွင်း တိုင်တန်းလျှောက်ထားနိုင်သည်။
အခန်း(၁၀)
နောက်ထပ်ပြဋ္ဌာန်းချက်များ။
နို့တစ်စာကို မြင်သာအောင်ကပ်ထားခြင်း။
| ၉၉။ | (၁) | ဤအက်ဥပဒေအရ၎င်း၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများအရ ၎င်း၊ အလုပ်ရုံတွင် မြင်သာအောင် ကပ်ထားရန်လိုအပ်သည့် နို့တစ်စာအပြင်၊ ပြဋ္ဌာန်းသည့် ဤအက်ဥပဒေနှင့် ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများ၏ အကျဉ်းချုပ်များနှင့် တကွ စစ်ဆေးရေးအရာရှိနှင့် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်၏ အမည်နှင့် နေရပ်ပါရှိသော နို့တစ်စာကို အလုပ်သမားတို့ နားလည်နိုင်သည့် စာဖြင့် ရေးသား၍ အလုပ်ရုံအသီးသီးတွင် မြင်သာအောင် ကပ်ထားရမည်။ |
| (၂) | ဤအက်ဥပဒေအရ၊ အလုပ်ရုံတွင် မြင်သာအောင် ကပ်ထားရန် လိုသည့် နို့တစ်စာအားလုံးကို ထိုအလုပ်ရုံအဝင်အဝ တံခါးမကြီး၌ဖြစ်စေ ထိုတံခါးမကြီးအနီး၌ဖြစ်စေ၊ စစ်ဆေးရေးအရာရှိ ကညွှန်ကြားသည့် နေရာတိုင်း၌ဖြစ်စေ လွယ်တကူဖတ်ရှုနိုင်သော ထင်ရှားသည့် နေရာ၌ ကပ်ထားရမည့်ပြင်၊ ထိုနို့တစ်စာများကို သန့်ရှင်းစင်ကြယ်စွာနှင့် ဖတ်ရှုနိုင်အောင် ထားရှိရမည်။ | |
| (၃) | အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည်၊ မည်သည့် အလုပ်ရုံတွင် မဆိုခိုင်းစေခံရသူတို့၏ ကျန်းမာမှု၊ ဘေးရန်ကင်းရှင်းမှု၊ သို့တည်းမဟုတ် သက်သာချောင်ချိမှုနှင့် ဆိုင်သည့် အခြား နို့တစ်စာကို၊ သို့တည်းမဟုတ် ကြော်ငြာစာကို မြင်သာအောင် ကပ်ထားရမည်ဟု အလုပ်ရုံမန်နေဂျာအား အမိန့်စာဖြင့် ဆင်ဆိုနိုင်သည်။ | |
| ၁၀၀။ | * * * * * * * * * * * * * * * * * * * * * * * * | |
နည်းဥပဒေများကို ထုတ်ပြန်ခြင်း။
| ၁၀၁။ | (၁) | ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေအားလုံးသည် ကြိုတင်၍ ထုတ်ပြန်ရမည်ဟူသော စည်းကမ်းချက်များနှင့် မဆန့်ကျင်စေရ။ ထို့ပြင်မြန်မာနိုင်ငံတော် ယေဘုယျစကားရပ် အက်ဥပဒေပုဒ်မ ၂၃၊ ပုဒ်မခွဲ (၃)အရ သီးခြားဖော်ပြရမည့်နေ့သည်၊ ပြုရန်ကြံရွယ်သည့် နည်းဥပဒေကျမ်းများကို ထုတ်ပြန်သည့်နေ့မှ သုံးလအောက်မနည်းစေရ။ |
| (၂) | ထိုနည်းဥပဒေအားလုံးကို ပြန်တမ်းတွင် ထုတ်ပြန်ရမည့်ပြင်၊ ယင်းသို့ထုတ်ပြန်သည့် နေ့ထက် နောက်မကျသောနေ့ကို မသတ်မှတ်လျှင်၊ ဤနည်းဥပဒေများသည်၊ ယင်းသို့ထုတ်ပြန်သည့်နေ့မှစ၍ အာဏာတည်ရမည်။ |
အစိုးရ အလုပ်ရုံများ၊ မြူနီစီပယ်အလုပ်ရုံများနှင့် သက်ဆိုင်ခြင်း
၁၀၂။ ဤအက်ဥပဒေသည်၊ ပြည်ထောင်စုအစိုးရ၊ သို့တည်းမဟုတ် စည်ပင်သာယာရေး ကော်မတီသို့မဟုတ် စည်ပင်သာယာရေးအဖွဲ့ သို့တည်းမဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရ၊ ပြည်နယ် အစိုးရ၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ကပိုင်သည့် သို့တည်းမဟုတ် လက်ရှိထားသည့် အလုပ်ရုံများနှင့် သက်ဆိုင်ရမည်။
ရိပ်မြုံများကို ကင်းလွတ်စေခွင့်အာဏာ
၁၀၃။ မည်သည့်ရိပ်မြုံတွင်မဆို ပညာရေးအတွက်ဖြစ်စေ၊ လေ့ကျင့်ရေးအတွက် ဖြစ်စေ၊ ပြုပြင်ရေးအတွက်ဖြစ်စေ၊ ထားရှိသည်လည်း ဖြစ်လျက် ပြုလုပ်မှုလုပ်ငန်းစဉ်အရ အလုပ်တခုခုကို လုပ်ရာလည်းဖြစ်သော အလုပ်ခန်းသည်၊ သို့တည်းမဟုတ် နေရာသည် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက် တခုခုနှင့် သို့တည်းမဟုတ် ပြဋ္ဌာန်းချက်အားလုံးနှင့် သက်ဆိုင်ခြင်းမှ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည်၊ မိမိသင့်လျော်သည်ထင်မြင်သည့် စည်းကမ်းချက်များထားလျက်၊ ကင်းလွတ်ခွင့်ပြုနိုင်သည်။
သို့ရာတွင် ထိုရိပ်မြုံများတွင် ခိုင်းစေခံရသူများအတွက်၎င်း၊ တက်ရောက်ကြသူများအတွက် ၎င်း၊ အလုပ်ပိတ်ရက်၊ အစားစားရန် အားလပ်ချိန်နှင့် အလုပ်လုပ်ရန်အချိန်နာရီများကို သတ်မှတ်ထားသည့် စီမံချက်တခုကို ထိုရိပ်မြုံကို အုပ်ချုပ်သူက အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအား တင်ပြခြင်း ပြုလျက်ထိုသို့ တင်ပြသော စီမံချက်တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များသည် ဤအက်ဥပဒေပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များအောက် ယုတ်လျော့လျက် အကျိုး သက်ရောက်စေသည်မဟုတ်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ကျေနပ်သဘောရရှိမှသာ လျှင် အလုပ်ချိန်နာရီများနှင့် သက်ဆိုင်သည့် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များမှ ကင်းလွတ်ခွင့်ကိုပြုနိုင်သည်။
အလုပ်သမား၏ တာဝန်ဝတ္တရားများ။
| ၁၀၄။ | အလုပ်ရုံတွင် ခိုင်းစေခံရသည့် မည်သည့်အလုပ်သမားမျှ - | |
| (က) | အလုပ်သမား၏ ကျန်းမာမှု၊ ဘေးရန်ကင်းရှင်းမှု သို့တည်းမဟုတ် သက်သာချောင်ချိမှုများအတွက် စီမံထားသည့် ကိရိယာများ၊ သို့တည်းမဟုတ် အခြားအရာများကို တမင်အနှောက်အယှက်မပြုရ၊ သို့တည်းမဟုတ် အလွဲအသုံး မပြုရ၊ | |
| (ခ) | မိမိကိုယ်ကိုသော်၎င်း၊ အခြားသူကိုသော်၎င်း၊ ဘေးအန္တရာယ်ဖြစ်ဖွယ်ရာ လက္ခဏာရှိသည့် အရာကို အကြောင်းလုံလောက်စွာ မရှိဘဲ တမင်မပြုရ၊ ထို့ပြင် | |
| (ဂ) | အလုပ်ရုံတွင် အလုပ်လုပ်သည့် အလုပ်သမား၏ ကျန်းမာမှု၊ သို့တည်းမဟုတ် ဘေးရန်ကင်းရှင်းမှုအတွက်၊ အလုပ်ရုံတွင် ထားရှိသည့်ကိရိယာများ၊ သို့တည်းမဟုတ် အခြားအရာများကို အသုံးပြုခြင်းမှ တမင်မပျက်ကွက်ရ။ | |
နည်းဥပဒေများပြုနိုင်သည့် ယေဘုယျအာဏာ။
၁၀၅။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ဤအက်ဥပဒေ ကိစ္စများကို ဆောင်ရွက်ရန်အလို့ငှါ၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအနက်၊ ပြဋ္ဌာန်းချက် တခုခုအရပြဋ္ဌာန်းရမည့်၊ သို့တည်းမဟုတ် ပြဋ္ဌာန်းနိုင်မည့်၊ သို့တည်းမဟုတ် လိုအပ်သည်ဟု ယူဆနိုင်သည့်၊ မည်သည့်ကိစ္စအတွက် မဆို ပြဋ္ဌာန်းသည့် နည်းဥပဒေများကို ပြုနိုင်သည်။
လွယ်ကူမှုအခွင့်အလမ်းများအတွက် အခငွေ မတောင်းဆိုရခြင်း။
၁၀၆။ ပုဒ်မ ၄၈ ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဤအက်ဥပဒေပါပြဋ္ဌာန်းချက်များအရ၊ လုပ်ငန်းပိုင်ရှင်များက ဆောင်ရွက်ရမည့် အစီအစဉ်များ၊ သို့တည်းမဟုတ် လွယ်ကူမှုအခွင့်အလမ်းများနှင့် ဖြစ်စေ၊ ထုတ်ပေးသည့် အသံးအဆောင်များ၊ သို့တည်းမဟုတ် ကိရိယများနှင့် ဖြစ်စေ စပ်လျဉ်း၍၊ မည်သည့်အလုပ်သမားထံကမျှ အခငွေမတောင်းဆိုရ။
အကြောင်းအရာထုတ်ဖော်ပြောဆိုခြင်းကိုကန့်သတ်ခြင်း
| ၁၀၇။ | (၁) | မည်သည့် စစ်ဆေးရေးအရာရှိမျှ၊ မိမိ၏ရာထူးဆိုင်ရာ တာဝန်ဝတ္တရားများ ဆောင်ရွက်ရာ၌ သိရှိရသည့် ပြုလုပ်မှုလုပ်ငန်း၊ သို့တည်းမဟုတ် ကုန်သွယ်မှုလုပ်ငန်းနှင့်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဉ်တခုခုနှင့် ဖြစ်စေ၊ စပ်လျဉ်းသည့် အကြောင်းအရာများကို ရာထူး၌ ထမ်းရွက်နေစဉ်သော်၎င်း၊ ရာထူးမှထွက်ပြီးသည့် နောက်မှသော်၎င်း၊ ဤအက်ဥပဒေအတိုင်းဆောင်ရွက်ရန်အတွက်၊ သို့တည်းမဟုတ် ဤအက်ဥပဒေကိစ္စများအတွက်မှတပါး ထုတ်ဖော်ပြောဆိုခြင်းမပြုရ။ |
| (၂) | ပုဒ်မခွဲ(၁)ပါ မည်သည့်အချက်မျှ၊ ထိုလုပ်ငန်းပိုင်ရှင်၏ သို့တည်းမဟုတ် ထိုလုပ်ငန်းစဉ်ပိုင်ရှင်၏ သဘောတူညီကြောင်း ဖော်ပြသည့် စာကို ကြိုတင်ရရှိပြီးမှ အကြောင်းအရာ ထုတ်ဖော်ပြောဆိုခြင်းနှင့်ဖြစ်စေ၊ ဤအက်ဥပဒေအရ ဆောင်ရွက်သည့် (အနုညာတစစ်ဆေးစီရင်မှု အပါအဝင်) တရားမှုခင်းကိစ္စများအတွက်၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရသော်၎င်း၊ အခြားနည်းဖြင့် သော်၎င်း၊ စွဲဆိုသည့် ရာဇဝတ်မှုကိစ္စများအတွက်၊ သို့တည်းမဟုတ် ဆိုခဲ့သည့် အမှုအခင်းများကို အစီရင်ခံရန်ကိစ္စများအတွက် အကြောင်းအရာထုတ်ဖော်ပြောဆိုခြင်းနှင့် ဖြစ်စေမသက်ဆိုင်စေရ။ | |
| (၃) | စစ်ဆေးရေးအရာရှိ တဦးဦးသည် ပုဒ်မခွဲ (၁)ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်လျှင် ထိုစစ်ဆေးရေးအရာရှိသည် ခြောက်လထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသည့်ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။ |
ဤအက်ဥပဒေအရ ဆောင်ရွက်သူများကို ကာကွယ်ပေးခြင်း
၁၀၈။ ဤအက်ဥပဒေအရ သဘောရိုးဖြင့် ဆောင်ရွက်သည့် သို့တည်းမဟုတ် ဆောင်ရွက်ရန်ကြံရွယ်သည့် ကိစ္စအတွက် မည်သူ့ကိုမျှ တရားမမှုဖြစ်စေ၊ ရာဇဝတ်မှုဖြစ်စေ၊ အခြားတရားမှုခင်းဖြစ်စေ၊ မစွဲဆိုရ။
ရုပ်သိမ်းခြင်းနှင့် ခြွင်းချက်ထားခြင်း
၁၀၉။ အလုပ်ရုံများအက်ဥပဒေ (၁၉၃၄ ခုနှစ်၊ အိန္ဒိယအက်ဥပဒေအမှတ် ၂၅)ကို တည်ဆဲပြင်ဆင်ချက် ဥပဒေများနှင့် တကွ ဤအက်ဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
သို့ရာတွင် ဆိုခဲ့သည့် အက်ဥပဒေအရ ဆောင်ရွက်သည့် ကိစ္စတခုခုကို၊ ထိုစဉ်အခါက ဤအက်ဥပဒေသာ အာဏာတည်လျှက်ရှိပါက၊ ဤအက်ဥပဒေအရ ဆောင်ရွက်နိုင်မည်ဖြစ်လျှင်၊ ထိုကိစ္စကို ဤအက်ဥပဒေအရ ပြုခဲ့သည့်ဟူ၍ မှတ်ယူရမည်။