သမတအိမ်တော်၊ ရန်ကုန်မြို့။
၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ။
(၁၉၅၁ ခုနှစ်၊ အက်ဥပဒေအမှတ် ၅၈။)
၁၃၁၃ ခု၊ တန်းဆောင်မုန်းလဆန်း ၄ရက်။
(၁၉၅၁ ခု၊ နိုဝင်္ဘာလ ၂ရက်။)
ပြင်ဆင် (၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖော်ပြပါ အက်ဥပဒေကို ထုတ်ပြန်ကျေညာသည်။
အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။
အမည်နှင့်စတင်အာဏာတည်သည့်နေ့။
| ၁။ | (၁) | ဤအက်ဥပဒေကို၊ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေဟု ခေါ်ရမည်။ |
| (၂) | ဤဥပဒေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် အာဏာတည်စေရမည့်အပြင် အလုပ်အမျိုးအစား၊ လုပ်ငန်းအမျိုးအစား၊ အလုပ်ဌာနအမျိုးအစားအားလုံးနှင့် သက်ဆိုင်စေရမည်။ |
အဓိပ္ပါယ် ဖေါ်ပြချက်များ။
| ၂။ | ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်- | ||
| (၁) | "နေ့"၊ သို့တည်းမဟုတ် "ရက်"ဆိုသည်မှာ၊ ညဉ့်သန်းခေါင်းချိန်မှစ၍ ရေတွက်သည့် နှစ်ဆယ့်လေးနာရီကာလ အပိုင်းအခြားကိုဆိုလိုသည်။ | ||
| (၂) | "ခွင့်ရက်" ဆိုရာတွင် လုပ်သက်ခွင့်ရက်၊ ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်နှင့် မီးဖွားခွင့်ရက်တို့ပါဝင်သည်။ | ||
| (၃) | "လုပ်သက်ခွင့်ရက်" ဆိုသည်မှာ၊ အလုပ်လုပ်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်၎င်း၊ တာဝန်ဝတ်တရားဆောင်ရွက်ခဲ့သည့် ကာလအပိုင်းအခြားအတွက် သော်၎င်း၊ ရထိုက်ခွင့်ရှိသောခွင့်ရက်ကို ဆိုလိုသည်။ | ||
| (၄) | "အလုပ်သမား" ဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမားနှင့် အမြဲတမ်းအလုပ်သမားအပါအဝင်စီးပွားရေးလုပ်ငန်း တစ်ခုတွင်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းအတွက်ဖြစ်စေ မိမိ၏လုပ်အားအပေါ် အားကိုးအားထားပြုလုပ်ကိုင် နေသူကိုဆိုလိုသည်။ သို့ရာတွင် အောက်ပါတို့ မပါဝင်ချေ- | ||
| (က) | ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် ကိုယ်ပိုင်အလုပ်ဌာနလုပ်နေသည့် အလုပ်ရှင်ဖြစ်လျှင် ထိုအလုပ်ရှင်၏ မိဘ၊ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ ညီအစ်ကို (အရင်း)၊ ညီအစ်မ (အရင်း)နှင့် မောင်နှမအရင်းများ။ | ||
| (ခ) | အလုပ်ကဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းကဖြစ်စေ သို့မဟုတ် စီးပွားရေးလုပ်ငန်းကဖြစ်စေ၊ အလုပ်ဌာနကဖြစ်စေ ရရှိသော အမြတ်အစွန်းထဲမှ အခကြေးငွေကို မိမိ၏ဝေစုအဖြစ်ဖြင့် ရရှိသူများ၊ | ||
| (ဂ) | ထမင်းချက်၊ အိမ်သန့်ရှင်းရေး၊ ကလေးထိန်းနှင့်အစောင့်၊ | ||
| (ဃ) | တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အကြောင်းအားလျော်စွာ အခကြေးငွေနှင့် သော်လည်းကောင်း၊ လစာငွေနှင့်သော်လည်းကောင်း ပေးရန် ပြဋ္ဌာန်းထားသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ ရရှိသော နိုင်ငံ့ဝန်ထမ်းများ။ | ||
| (၅) | "အလုပ်ရှင်" ဆိုသည်တွင်၊ ကျနစွာဖွဲ့စည်းသည့်၊ သို့တည်းမဟုတ် မဖွဲ့စည်းသည့် ပုဂ္ဂိုလ်တစုနှင့် အလုပ်ရှင်၏ အုပ်ချုပ်မှု ကိုယ်စားလှယ် ပါဝင်သည့်ပြင်၊ ကွယ်လွန်သူ အလုပ်ရှင်၏ တရားဝင် ကိုယ်စားလှယ်လည်းပါဝင်သည်။ | ||
| (၆) | "လစာငွေ" ဆိုသည်မှာ၊ အခြေခံလစာငွေကို ဆိုလိုသည်။ ရှားပါးစရိတ်ရှိလျှင်၊ အခြေခံလစာငွေနှင့် ရှားပါးစရိတ်နှစ်ရပ်ပေါင်းကို ဆိုလိုသည်။ | ||
| (၇) | "မှတ်ပုံတင်ဆရာဝန်" ဆိုသည်မှာ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေအရဖြစ်စေ၊ ဆရာဝန်များ၏ မှတ်ပုံတင်စာရင်းထားရှိရေးအတွက် ပြဋ္ဌာန်းသည့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ မှတ်ပုံတင်ထားသူကို ဆိုလိုသည့်ပြင်၊ ထိုကဲ့သို့ မှတ်ပုံတင်ဆရာဝန်မရှိသည့် အရပ်ဒေသတခုခုအတွက်၊ ဤအက်ဥပဒေအလို့ငှါ မှတ်ပုံတင်ဆရာဝန်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမိန့်ကြော်ငြာစာဖြင့် ပြဋ္ဌာန်းသူသည်လည်း၊ ထိုစကားရပ်တွင် ပါဝင်သည်။ | ||
| (၈) | "အလုပ်ပိတ်ရက်"ဆိုသည်မှာ ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်တို့ကို ဆိုသည်။ | ||
| (၉) | "အခကြေးငွေ" ဆိုသည်မှာ၊ အခကြေးငွေပေးရေးအက်ဥပဒေ ပုဒ်မ ၂(၆)တွင် အဓိပ္ပါယ်ဖော်ပြထားသည့် အခကြေးငွေကို ဆိုလိုသည်။ | ||
အများအလုပ်ပိတ်ရပ်
| ၃။ | (၁) | အလုပ်ရှင်က၊ မိမိ၏ အလုပ်သမားအသီးသီးအား၊ သက်ဆိုင်ရာရာ အခကြေးငွေ၊ သို့တည်းမဟုတ် လစာငွေအပြည့်နှင့် အောက်ပါနေ့များကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ |
| (၂) | အများပြည်သူအလုပ်ပိတ်ရက် တရက်သည်၊ ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့်ဖြစ်စေ၊ အခြားအများပြည်သူအလုပ်ပိတ်ရက်နှင့် ဖြစ်စေ တိုက်ဆိုင်နေလျှင်၊ အခြားနေ့တနေ့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ဖြင့် ပြောင်းလဲ၍ ခွင့်မပြုရ။ ထိုသို့တိုက်ဆိုင်သည့် အလုပ်ပိတ်ရက်ကို အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သည်ဟု ယူဆရမည်။ သို့ရာတွင် အလုပ်သမားသည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရလျှင်၊ ထိုအလုပ်သမားအား သက်ဆိုင်ရာရာအခြေခံ အခကြေးငွေကိုသော်၎င်း၊ အခြေခံလစာငွေကိုသော်၎င်း၊ ထိုနေ့အတွက် ပေးမြဲနှုန်း၏ နှစ်ဆရထိုက်စေရမည့်အပြင်၊ ရှားပါးစရိတ်ရနေလျှင် ထိုနေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရထိုက်စေရမည်။ | |
| (၃) | ဗုဒ္ဓဘာသာဝင်မဟုတ်သည့် အလုပ်သမားများအတွက် ထိုအလုပ်သမားများနှင့် အလုပ်ရှင်များချင်းချင်း သဘောတူညီချက်အတိုင်း သက်ဆိုင်ရာရာဘာသာရေး အခါကြီးရက်ကြီးများကို လစာမရှိ အလုပ်ပိတ်ရက်အဖြစ်ဖြင့် ခွင့်ပြုနိုင်သည်။ | |
| (၄) | အလုပ်ရှင်သည် အလုပ်သမားများအတွက် ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံးတစ်ရက်ကို အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်၍ ခွင့်ပြုပေးရမည်။ |
လုပ်သက်ခွင့်ရက်
| ၄။ | (၁) | အလုပ်ရှင်သည် မိမိ၏ အလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင်လုပ်ခဲ့သည့် အလုပ်သမားအသီးသီးအား နောက်လာမည့် ဆယ့်နှစ်လအတွင်းတွင် သက်ဆိုင်ရာ ပျမ်းမျှအခကြေးငွေဖြင့် ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့် ဖြစ်စေ လုပ်သက်ခွင့်ရက်ကို ဆယ်ရက်တစ်ဆက်တည်း ခွင့်ပြုရမည်။ |
| (၂) | အလုပ်သမားသည်၊ တလလျှင် အနည်းဆုံး နှစ်ဆယ့်လေးရက် အလုပ်လုပ်ခဲ့သူလည်းဖြစ်၍၊ အလုပ်ကို တဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ပြီးသည်လည်းဖြစ်လျှင်၊ လုပ်သက်ခွင့်ကို ခွင့်ပြုရမည်။ သို့ရာတွင် အလုပ်သမားသည်၊ ရက်နှစ်ဆယ်ပြည့်အောင် မလုပ်ခဲ့သော လတိုင်းအတွက်၊ မိမိလုပ်သက်ခွင့်ရက်မှ တရက်ကျစီအဖြတ်ခံရမည်။ | |
| ရှင်းလင်းချက်။ အလုပ်သမားသည် ဆယ့်နှစ်လအတွင်း မကျန်းမာသောကြောင့်ဖြစ်စေ၊ မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ၊ ဤအက်ဥပဒေအရခွင့်ပြုသော အခြားပျက်ကွက်မှုကြောင့်ဖြစ်စေ (ထိုပျက်ကွက်မှုသုံးမျိုးပေါင်းသည် ရက်ကိုးဆယ်ထက်မကျော်လွန်စေဘဲ)အလုပ်ပျက်ကွက်စေကာမူ၊ သို့တည်းမဟုတ် အလုပ်ရှင်က အလုပ်ပိတ်ထားခြင်းကြောင့်ဖြစ်စေ၊ ဥပဒေနှင့်မညီသည်လည်း မဟုတ်သော သပိတ်မှောက်ခြင်းကြောင့် ဖြစ်စေ၊ မိမိ အလိုအတိုင်းမဟုတ်ဘဲ၊ ရံဖန်ရံခါအလုပ်မရှိခြင်းကြောင့်ဖြစ်စေ၊ (ထိုပျက်ကွက်မှု သုံးမျိုးစုစုပေါင်းသည် ရက်သုံးဆယ်ထက် မကျော်လွန်စေဘဲ) ပျက်ကွက်စေကာမူ၊ ထိုအလုပ်သမားသည် မိမိ၏ အလုပ်ကို တဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ခဲ့သူဟု မှတ်ယူရမည်။ | ||
| (၃) | အလုပ်ရှင်သည်၊ မိမိအလုပ်သမားအား၊ လုပ်သက်ခွင့်ရက်ယူနိုင်စေရန် ထိုသူ၏ လုပ်သက်ခွင့်ရက်နှင့် သက်ဆိုင်သည့် တဆယ့်နှစ်လဖြစ်သော ကာလအပိုင်းအခြား၏ နောက်ဆုံးနေ့မှ စ၍ သုံးလအတွင်း အချိန်ကို သတ်မှတ်ပေးရမည်။ သို့ရာတွင် သက်ဆိုင်ရာအလုပ်သမားနှင့် အလုပ်ရှင်အချင်းချင်းသဘော တူညီလျှင်၊ သုံးနှစ်ထက်မပိုသောကာလ အပိုင်းအခြားအတွက် လုပ်သက်ခွင့်ရက်ကိုစုပေါင်း၍ မည်သည့် အချိန်တွင် မဆိုပေးနိုင်သည်။ | |
| (၄) | လုပ်သက်ခွင့်ရက်ရသည့် အလုပ်သမားအား၊ ခွင့်ပြုသည့် လုပ်သက်ခွင့်ရက်ကာလ အပိုင်းအခြားအတွက် သက်ဆိုင်ရာရာ အခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ လုပ်သက်ခွင့်ရက်ကာလမစမီ ထုတ်ပေးရမည်။ အဆိုပါအခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ ထုတ်ပေးမြဲအရပ်၌ အလုပ်သမားအား သော်၎င်း၊ အလုပ်သမားက လွှဲအပ်ထားသည့် ကိုယ်စားလှယ်အားသော်၎င်း ထုတ်ပေးရမည်။ | |
| (၅) | လုပ်သက်ခွင့်ရက်ရထိုက်သည့် အလုပ်သမားသည် မိမိရထိုက်သည့်၊ သို့တည်းမဟုတ် စုထားသည့်ခွင့်ရက်များကို မယူသေးမီ အလုပ်မှနုတ်ထွက်လျှင်၊ သို့တည်းမဟုတ် အလုပ်ရှင်၏အလုပ်မှ ထုတ်ပယ်ခြင်းခံရလျှင်၊ သို့တည်းမဟုတ် သေဆုံးလျှင်၊ ထိုအလုပ်သမားအားဖြစ်စေ၊ ထိုအလုပ်သမား၏ တရားဝင်ကိုယ်စားလှယ်အားဖြစ်စေ၊ လုပ်သက်ခွင့်ရက်အစား ထိုအလုပ်သမား အလုပ်မှ မနုတ်ထွက်မီ၊ သို့တည်းမဟုတ် ထုတ်ပစ်ခြင်း မခံရမီ၊ သို့တည်းမဟုတ် မသေဆုံးမီ တဆက်တည်းဖြစ်သော လွန်ခဲ့သည့် ရက်ပေါင်း သုံးဆယ်အတွင်း လုပ်ခဲ့သည့်ရက်များအတွက် သက်ဆိုင်ရာရာအခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ အခကြေးငွေ၏၊ သို့တည်းမဟုတ် လစာငွေ၏ပျမ်းမျှနေ့စဉ်နှုန်းထားနှင့် ညီမျှသည့်နှုန်းအတိုင်း တွက်စစ်၍ အလုပ်ရှင်ကပေးရမည်။ အလုပ်မှ နုတ်ထွက်သည့်၊ သို့တည်းမဟုတ် အလုပ်မှ ထုတ်ပစ်ခြင်းခံရသည့် အလုပ်သမားဖြစ်လျှင်၊ ထိုသို့ပေးရမည့်ငွေကို နုတ်ထွက်သည့်၊ သို့တည်းမဟုတ် အလုပ်မှ ထုတ်ပယ်ခြင်းခံရသည့်နေ့မှ အလုပ်ဖွင့်သည့် ဒုတိယနေ့မကုန်ဆုံးမီ ထုတ်ပေးရမည်။ သေဆုံးသည့် အလုပ်သမားဖြစ်လျှင်၊ ထိုသို့ပေးရမည့်ငွေကို တောင်းဆိုပြီးနောက် ဆောလျင်နိုင်သမျှ ဆောလျင်စွာ ထုတ်ပေးရမည်။ |
ရှောင်တခင်ခွင့်ရက်
| ၅။ | (၁)အလုပ်သမားသည်၊ သက်ဆိုင်ရာရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ ရှောင်တခင် ခွင့်ရက်ကို တနှစ်လျှင် စုစုပေါင်း ခြောက်ရက် ရနိင်ခွင့်ရှိစေရမည်။ | |
| ခြွင်းချက်။ သို့ရာတွင် ကုန်းလမ်းခရီးဖြင့်ဖြစ်စေ၊ ရေလမ်းခရီးဖြင့်ဖြစ်စေ၊ ခရီးဝေးသွားရန် အကြောင်းရှိလျှင်မှတပါး၊ သို့တည်းမဟုတ် မိမိကိုးကွယ်သည့် ဘာသာဓလေ့ထုံးတမ်းစဉ်လာအရ အကြောင်းထူးများရှိလျှင်မှ တပါး၊ တကြိမ်လျှင် အများဆုံးသုံးရက်ထက်ပို၍ ရနိုင်ခွင့်မရှိစေရ။ | ||
| (၂) | ရှောင်တခင်ခွင့်ရက်ကို အခြားမည်သည့်ခွင့်ရက် တမျိုးမျိုးနှင့်မျှ မပေါင်းစပ်ရ။ | |
| (၃) | အလုပ်သမားသည်၊ မိမိရထိုက်သော ရှောင်တခင်ခွင့်ရက်ကို သက်ဆိုင်ရာနှစ်အတွင်း မယူလျှင်၊ ထိုခွင့်ရက်သည် ပျက်ပြယ်စေရမည်။ | |
ဆေးလက်မှတ်ခွင့်ရက်။
| ၆။ | (၁) အလုပ်သမားသည်၊ သက်ဆိုင်ရာရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ တနှစ်လျှင် ရက်ပေါင်း သုံးဆယ်ထက်မပိုသော ကာလအပိုင်းအခြားအတွက် ဆေးလက်မှတ်ခွင့်ရက်ကို ရနိုင်ခွင့်ရှိစေရမည်။ | |
| ခြွင်းချက်။ သို့ရာတွင် အလုပ်သမားသည် အနည်းဆုံးခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့သေးသမျှ၊ ဆေးလက်မှတ်ခွင့်ရက်ကို ရထိုက်ခွင့်မရှိစေရ။ အဆိုပါခွင့်ရက်ပေးရာတွင် သုံးရက်ဆိုင်းငံ့ပြီးမှ ပေးရမည်။ ထိုသို့ ဆိုင်းငံ့ရသည့် သုံးရက်အတွက် ထိုအလုပ်သမားအား သက်ဆိုင်ရာရာ ပေးမြဲလစာငွေ၏ ထက်ဝက်၊ သို့တည်းမဟုတ် ပေးမြဲအခကြေးငွေ၏ ထက်ဝက်ပေးရမည်။ | ||
| သို့ရာတွင် အလုပ်သမားသည်၊ အနည်းဆုံးခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့ရသေးလျှင်၊ ဆေးလက်မှတ်လစာမရှိခွင့်ရက်ကို ရထိုက်ခွင့်ရှိစေရမည်။ | ||
| (၂) | အလုပ်ဆိုင်ရာ၊ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ၊ သို့တည်းမဟုတ် အလုပ်ဌာနဆိုင်ရာ ဆရာဝန်ခံမှသော်၎င်း၊ ထိုသို့မရှိလျှင်၊ အလုပ်ဌာနက၊ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းဌာနက၊ သို့တည်းမဟုတ် အလုပ်ဌာနက သဘောတူသည့် ဆရာဝန်ခံမှသော်၎င်း၊ ထိုသို့မရှိလျှင်၊ အခြား မှတ်ပုံတင်ဆရာဝန်ထံမှသော်၎င်း၊ အစိုးရအမှုထမ်းများဖြစ်လျှင်၊ အစိုးရဆရာဝန်ထံမှသော်၎င်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင်ဆရာဝန်ထံမှသော်၎င်း၊ မီးရထားအလုပ်သမားဖြစ်လျှင် မီးရထားဆိုင်ရာ ဆရာဝန်ထံမှသော်၎င်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင်ဆရာဝန်ထံမှသော်၎င်း၊ ဆေးလက်မှတ်တင်ပြလျှင် ထိုဆေးလက်မှတ်ဖြင့် ခွင့်ရက်ကိုပေးရမည်။ | |
| (၃) | ပယ်ဖျက် | |
| (၄) | ဆေးလက်မှတ်ခွင့်ရက်ရေသော အလုပ်သမားသည် ခွင့်ရက်နှင့်နေသည့် ကာလအပိုင်းအခြားအတွင်းတွင် သက်ဆိုင်ရာရာ မိမိ ရထိုက်ခွင့်ရှိသော အခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ ရက်သတ္တပတ်စဉ်ပေးရန် တောင်းဆိုလျှင် တောင်းဆိုသည့်အတိုင်းပေးရမည်။ အဆိုပါအခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ ထုတ်ပေးမြဲအရပ်၌ အလုပ်သမားအားသော်၎င်း၊ အလုပ်သမားက လွှဲအပ်ထားသည့် ကိုယ်စားလှယ်အားသော်၎င်း ထုတ်ပေးရမည်။ | |
| (၅) | အလုပ်သမားသည် မိမိရထိုက်သော ဆေးလက်မှတ်ခွင့်ရက်ကို သက်ဆိုင်ရာနှစ်အတွင်းမယူလျှင်၊ ထိုခွင့်ရက်သည် ပျက်ပြယ်စေရမည်။ | |
ခွင့်ရက်ကိုပေါင်း၍ဖြစ်စေ၊ဆက်၍ဖြစ်စေ ပေးခြင်း။
| ၇။ | ပုဒ်မ ၆၏ ပုဒ်မခွဲ (၅)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဆေးလက်မှတ်ခွင့်ရက်ကို လုပ်သက်ခွင့်ရက်နှင့် တဆက်တည်းခွင့်ပြုနိုင်သည်။ |
| ၇-က။ | ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားများအား မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီးရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ |
တဆက်တည်းဆယ့်နှစ်လ မလုပ်ရသည့် အလုပ်နှင့် စပ်လျဉ်းသည့်ခွင့်ရက်။
| ၈။ | ပုဒ်မ ၄၊ ပုဒ်မ ၅နှင့် ပုဒ်မ ၆တွင် မည်သို့ပင်ပါရှိစေကာမူ၊ ဆယ့်နှစ်လပတ်လုံး တဆက်တည်းမလုပ်ရသည့် အလုပ်တခုခုတွင်ဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းတခုခုတွင်ဖြစ်စေ၊ အလုပ်ဌာနတခုခုတွင်ဖြစ်စေ၊ လုပ်သည့် အလုပ်သမားသည်၊ လုပ်သက်ခွင့်ရက်ကို၊ သို့တည်းမဟုတ် ရှောင်တခင်ခွင့်ရက်ကို၊ သို့တည်းမဟုတ် ဆေးလက်မှတ်ခွင့်ရက်ကို မိမိလုပ်သက်၏ အချိုးကျအတိုင်း ရနိုင်စေရမည်။ |
ခွင့်ရက် အလုပ်ပိတ်ရက်နှင့် စပ်လျဉ်းသည့် သဘောတူစာချုပ် ပျက်ပြားခြင်း။
| ၉။ | ဤအက်ဥပေဒတွင် ပြဋ္ဌာန်းထားသည့် အောက်အကျိုးယုတ်လျော့သော စည်းကမ်းချက်များဖြင့် ခွင့်ရက်ကိုဖြစ်စေ၊ အလုပ်ပိတ်ရက်ကိုဖြစ်စေယူရန်၊ အလုပ်သမားက ချုပ်ဆိုသည့် အလုပ်သဘောတူစာချုပ်သည်၊ သို့တည်းမဟုတ် အလုပ်ပဋိညာဉ် စာချုပ်သည် အလုပ်ရှင်၏တာဝန်ကို ယုတ်လျော့စေသည့် သဘောသက်ရောက်သည်နှင့်အမျှ ပျက်ပြယ်ရမည်။ |
ကင်းလွတ်ချက်များ။
| ၁၀။ | (၁) | အလုပ်တွင်သော်၎င်း၊ စက်မှုလက်မှုလုပ်ငန်းတွင်သော်၎င်း၊ အလုပ်ဌာနတွင်သော်၎င်း၊ ပိုင်ရှင်အပြောင်းအလဲမည်သို့ပင်ရှိစေကာမူ၊ ထိုအပြောင်းအလဲကြောင့် ဤအက်ဥပဒေအရ အလုပ်သမားရ ထိုက်သော အခွင့်အရေးများကို မထိခိုက်စေရ။ |
| (၂) | သက်ဆိုက်ရာရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ ရသည့်ခွင့်ရက်နှင့် သို့တည်းမဟုတ် အလုပ်ပိတ်ရက်နှင့် စပ်လျဉ်း၍ ဤအက်ဥပဒေတွင် ပြဋ္ဌာန်းထားသည်ထက် ပိုမိုကောင်းမွန်သည့် အခွင့်အရေးများထားရှိသော အခြားဥပဒေအရဖြစ်စေ၊ အဆုံးအဖြတ်၏ သို့တည်းမဟုတ် အလုပ်သဘောတူစာချုပ်၏၊ သို့တည်းမဟုတ် အလုပ်ပဋိညာဉ်စာချုပ်၏ စည်းကမ်းချက်များအရ ဖြစစေ၊ ထုံးစံဓလေ့အရ ဖြစ်စေ၊ အလုပ်သမားခံစားခွင့်ရှိသော အခွင့်အရေးများကို ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက် တခုခုကြောင့် မနစ်နာစေရ။ |
မှတ်ပုံတင်စာအုပ်များနှင့်မှတ်တမ်း။
| ၁၁။ | အလုပ်ရှင်တိုင်းသည် မှတ်ပုံစာအုပ်များနှင့် မှတ်တမ်းများကို ပြဋ္ဌာန်းထားသည့်အတိုင်း ထိန်းသိမ်းထားရှိရမည်။ |
စစ်ဆေးရေးအရာရှိ။
| ၁၂။ | (၁) | အလုပ်ရုံများ အက်ဥပဒေအရခန့်ထားသည့် အလုပ်ရုံစစ်ဆေးရေးအရာရှိသည်၊ မိမိအား တာဝန်ချထားသော ဒေသဆိုင်ရာနယ်နိမိတ်များအတွင်းရှိ အလုပ်ရုံအားလုံးနှင့် စပ်လျဉ်း၍ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါ စစ်ဆေးရေးအရာရှိဖြစ်ရမည်။ |
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည်၊ အမိန့်ထုတ်ပြန်၍ မိမိသင့်တော်သည်ထင်မြင်သည့် အခြားပုဂ္ဂိုလ်ကို ဤအက်ဥပဒေပါကိစ္စများအလို့ငှါ စစ်ဆေးရေးအရာရှိအဖြစ် ခန့်ထားနိုင်သည်။ ထို့ပြင် အဆိုပါစစ်ဆေးရေးအရာရှိ၏ အလုပ်ဝတ်တရားကို၎င်း၊ ထိုသူဆောင်ရွက်ရမည့် အလုပ်ဝတ်တရားများနှင့် စပ်လျဉ်းသည့် အလုပ်သမားအတန်းအစားကို၎င်း၊ ထိုသို့စပ်လျဉ်းသည့် အလုပ်မျိုးကို၊ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းမျိုးကို၊ သို့တည်းမဟုတ် အလုပ်ဌာနမျိုးကို၎င်း၊ ထိုသူအလုပ်ဝတ်တရားများ ဆောင်ရွက်ရမည့် ဒေသများကို၎င်း သတ်မှတ်နိုင်သည်။ | |
| (၃) | စစ်ဆေးရေးအရာရှိသည်၊ ဤအက်ဥပဒေပါ ကိစ္စများကို ဆောင်ရွက်ရန် လိုအပ်သည်ဟု မိမိထင်မြင်သည့်အတိုင်း၊ ထိန်းသိမ်းထားရှိရမည့် မှတ်ပုံတင်စာအုပ်ကို၊ သို့တည်းမဟုတ် မှတ်တမ်းကို သင့်လျော်သော အချိန်အခါတွင် မည်သည့်ဥပစာကိုမဆို ဝင်ရောက်ကြည့်ရှု၍ စစ်ဆေးနိုင်သည်။ ထို့ပြင် လူတဦးဦး၏ သက်သေခံချက်ကို ချက်ချင်းဖြစ်စေ၊ ဆိုင်းငံ့၍ ဖြစ်စေယူနိုင်သည်။ ထို့ပြင်အခြားကြည့်ရှုစစ်ဆေးနိုင်သည့် အာဏာများကိုလည်း သုံးစွဲနိုင်သည်။ | |
| (၄) | စစ်ဆေးရေးအရာရှိအသီးသီးသည်၊ ရာဇသတ်ကြီးပုဒ်မ ၂၁ အရ၊ ပြည်သူဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။ |
ကင်းလွတ်ခွင့်ပြုနိုင်သည့် အာဏာ
| ၁၃။ | အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်၊ အမိန့်ထုတ်ပြန်၍ အလုပ်အမျိုးအစားတခုခုကိုသော်၎င်း၊ စက်မှုလက်မှုလုပ်ငန်း အမျိုးအစားတစ်ခုခုကိုသော်၎င်း၊ အလုပ်ဌာန အမျိုးအစား တခုခုကိုသော်၎င်း၊ စက်မှုလက်မှုလုပ်ငန်းအမျိုးအစား တစ်ခုခုကိုသော်၎င်း၊ အလုပ်ဌာန အမျိုးအစားတခုခုကိုသော်၎င်း၊ အဆိုပါအလုပ်၏ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်း၏ သို့တည်းမဟုတ် အလုပ်ဌာန၏ အလုပ်သမားအတန်းအစားတခုခုကိုသော်၎င်း ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်အားလုံးမှ ဖြစ်စေ၊ ပြဋ္ဌာန်းချက်တခုခုမှဖြစ်စေ၊ အဆိုပါထုတ်ပြန်ချက်တွင် သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြားအတွက်လည်းဖြစ်၍ ထိုသို့သီးခြားဖေါ်ပြထားသည့် စည်းကမ်းချက်များနှင့် အညီလည်းဖြစ်သော ကင်းလွတ်ခွင့်ကိုပြုနိုင်သည်။ |
ပြစ်ဒဏ်။
| ၁၄။ | (၁) | အလုပ်ရှင်တဦးဦးသည်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တခုခုကို၎င်း၊ ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်တခုခုကို၎င်း၊ ဤအက်ဥပဒေအရ၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေအရ စာဖြင့်ချမှတ်သည့် အမိန့်တခုခုကို၎င်း၊ ကျူးလွန်လျှင်၊ ထိုအလုပ်ရှင်သည် သုံးလထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ စီရင်ခြင်းခံရမည်။ တရားရုံးသည် အဆိုပါဒဏ်အပြင်၊ အလုပ်သမားအား၊ ဤအက်ဥပဒေအရ၊ ခွင့်ပြုရမည်ဖြစ်သောခွင့်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကို ခွင့်ပြုရန်နှင့် ပေးရမည့် အခကြေးငွေအားလုံးကိုသော်၎င်း၊ လစာငွေအားလုံးကိုသော်၎င်း၊ ပေးရန်အမိန့်ချမှတ်နိုင်သည်။ |
| (၂) | မည်သူမဆို ဤအက်ဥပေဒအရ အပ်နှင်းထားသည့်အာဏာကို သုံးစွဲနေသော စစ်ဆေးရေးအရာရှိကို တမင်ဟန့်တားလျှင်သော်၎င်း၊ ဤအက်ဥပဒေနှင့်အညီ၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့်အညီ၊ မိမိထားရှိသည့် မှတ်ပုံစာအုပ်ကို၊ သို့တည်းမဟုတ် အခြားစာချုပ်စာတမ်းများကို ထုတ်ပြရန် စစ်ဆေးရေးအရာရှိက တောင်းဆိုသည့်အခါ၊ ထုတ်ပြရန်ပျက်ကွက်လျှင်သော်၎င်း၊ သက်ဆိုင်ရာအလုပ်သမားတဦးဦးကို စစ်ဆေးရေးအရာရှိရှေ့သို့ လာရောက်ခြင်း၊ သို့တည်းမဟုတ် အင်စပက်တော်၏ အစစ်ဆေးခံခြင်း မပြုနိုင်အောင် ဝှက်ထားလျှင်၊ သို့တည်းမဟုတ် တားဆီးလျှင်သော်၎င်း၊ ထိုသူသည် သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ စီရင်ခြင်းခံရမည်။ |
မည်သူသည် အလုပ်ရှင်ဖြစ်ကြောင်း ဆုံးဖြတ်ခြင်း။
| ၁၅။ | (၁) | အလုပ်ရှင်သည်၊ ဘက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် သီးခြားပုဂ္ဂိုလ်များပါဝင်သည့် အဖွဲ့ဖြစ်လျှင်၊ ထိုဘက်စပ်လုပ်ငန်းတွင် ဘက်စပ်ပါဝင်သူများ၊ သို့တည်းမဟုတ် ထိုအဖွဲ့တွင် ပါဝင်သူများအနက် မည်သူ့ကိုမဆို၊ အလုပ်ရှင်အား ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုအတွက်၊ ဤအက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်စီရင်နိုင်သည်။ သို့ရာတွင် ထိုဘက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် အဖွဲ့တွင် ပါဝင်သူတို့အနက် ပြည်ထောင်စုမြန်မာနိုင်ငံ၌ နေထိုင်သူတဦးဦးကို၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါ အလုပ်ရှင်အဖြစ် အမည်တင်သွင်းထားပြီးဖြစ်ကြောင်းဖြင့်၊ ထိုဘက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် အဖွဲ့က စစ်ဆေးရေးအရာရှိအား နို့တစ်စာပေးပို့နိုင်သည်။ ထို့အပြင်ထိုပုဂ္ဂိုလ်သည် ယင်းသို့နေထိုင်သမျှကာလပတ်လုံး မိမိအား အမည်တင်သွင်းထားပြီးဖြစ်ကြောင်းဖြင့်၊ ထိုဘက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် အဖွဲ့က စစ်ဆေးရေးအရာရှိအား နို့တစ်စာပေးပို့နိုင်သည်။ ထို့အပြင် ထိုပုဂ္ဂိုလ်သည် ယင်းသို့နေထိုင်သမျှကာလပတ်လုံး မိမိအား အမည်ထင်သွင်းထားခြင်းကို ပယ်ဖျက်သည့် နောက်ထပ်နို့တစ်စာကို စစ်ဆေးရေးအရာရှိက မရမီသော်၎င်း၊ မိမိသည်ထိုဘက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် အဖွဲ့တွင် အစုပါဝင်သူအဖြစ်မှ၊ သို့တည်းမဟုတ် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်းမပြုမီသော်၎င်း၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှာ၊ အလုပ်ရှင်ဖြစ်သည်ဟူ၍ မှတ်ယူရမည်။ |
| (၂) | အလုပ်ရှင်သည်၊ အများပိုင်ကုမ္ပဏီဖြစ်လျှင်၊ ထိုကုမ္ပဏီ၏ ဒါရိုက်တာလူကြီးများအနက်၊ မည်သည့် ဒါရိုက်တာလူကြီးကိုမဆို၊ သို့တည်းမဟုတ် အနည်းပိုင်ကုမ္ပဏီဖြစ်လျှင်၊ ထိုကုမ္ပဏီတွင် အစုပါဝင်သူများအနက် မည်သည့်အစုပါဝင်သူကိုမဆို၊ အလုပ်ရှင်အား ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုခုအတွက် ဤအက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်စီရင်နိုင်သည်။ | |
| သို့ရာတွင် ထိုကုမ္ပဏီသည် အများပိုင်ကုမ္ပဏီဖြစ်လျှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သည့် ဒါရိုက်တာလူကြီးတဦးကိုသော်၎င်း၊ အနည်းပိုင်ကုမ္ပဏီဖြစ်လျှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သည့် အစုပါဝင်သူတဦးကိုသော်၎င်း၊ ဤအက်ဥပဒေပါကိစ္စများအလို့ငှာ၊ လုပ်ငန်းပိုင်ရှင်အဖြစ် အမည်တင်သွင်းထားပြီးဖြစ်ကြောင်းဖြင့် စစ်ဆေးရေးအရာရှိအား နို့တစ်စာပေးနိုင်သည်။ ထို့ပြင် ထိုဒါရိုက်တာလူကြီးသည်၊ သို့တည်းမဟုတ် အစုပါဝင်သူသည်၊ ယင်းသို့နေထိုင်သမျှကာလပတ်လုံး မိမိအားအမည်တင်သွင်းထားခြင်းကို ပယ်ဖျက်သည့် နောက်ထပ်နို့တစ်စာကို စစ်ဆေးရေးအရာရှိက မရမီသော်၎င်း၊ မိမိသည် ဒါရိုက်တာလူကြီးအဖြစ်မှ၊ သို့တည်းမဟုတ် အစုပါဝင်သူအဖြစ်မှ ရပ်စဲခြင်းမပြုမီသော်၎င်း၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါ အလုပ်ရှင်ဖြစ်သည်ဟူ၍ မှတ်ယူရမည်။ | ||
| (၃) | အလုပ်ရှင်သည် အစိုးရသော်၎င်း၊ အစိုးရက ဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့သော်၎င်း၊ အခြားဒေသန္တရအာဏာပိုင်သော်၎င်းဖြစ်လျှင် သက်ဆိုင်ရာအလုပ်ဌာနကို ကြီးကြပ်ရန် အလုပ်ရှင်အား၊ တာဝန်ခံရသော ထိုအလုပ်ဌာန၏ အကြီးအကဲအဖြစ်ဖြင့် အစိုးရက၊ သို့တည်းမဟုတ် အဆိုပါအဖွဲ့က၊ သို့တည်းမဟုတ် အဆိုပါ အခြားဒေသန္တရအာဏာပိုင်က ခန့်ထားသောသူအား၊ အလုပ်ရှင်ကို ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုခုအတွက် ဤအက်ဥပဒေအရ တရားစွဲဆို၍ ပြစ်ဒဏ်စီရင်နိုင်သည်။ |
ပြစ်မှုများကို အရေးယူခြင်း။
| ၁၆။ | (၁) | ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်အရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်အရဖြစ်စေ၊ ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတခုခုအတွက်၊ စစ်ဆေးရေးအရာရှိမှတပါး၊ သို့တည်းမဟုတ် စစ်ဆေးရေးအရာရှိ၏ စာဖြင့်ပေးသော ကြိုတင်အခွင့်အမိန့်ကို ရရှိသူမှတပါး အခြားမည်သူကမျှ တရားစွဲဆိုခြင်းမပြုရ။ |
| (၂) | ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်အရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေပါပြဋ္ဌာန်းချက်အရဖြစ်စေ၊ ပြစ်မှုကို ပဌမတန်းအာဏာရ တရားသူကြီးရုံးအောက်နိမ့်သော မည်သည့်တရားရုံးကမျှ မစစ်ဆေးရ။ |
၁၇။ ပယ်ဖျက်
| ၁၈။ | ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည်- | |
| (က) | လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ | |
| (ခ) | လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ | |
| ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။ | ||
စဝ်ရွှေသိုက်၊
နိုင်ငံတော်ယာယီသမတ၊
ရန်ကုန်မြို့၊ ၁၃၁၃ခုနှစ်၊ တန်းဆောင်မုန်းလဆန်း ၄ရက်။
(၁၉၅၁ ခုနှစ်၊ နိုဝင်္ဘာလ ၂ ရက်။)
အမိန့်အရ၊
ပါစိန်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ်၁၀၇]