Back

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈

၁၃၈၀ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်

(၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ရက်)

  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ၊ ပုဒ်မ ၁၈(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေများဟု ခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည့်အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ဥပဒေ ဆိုသည်မှာ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေကို ဆိုသည်။
(ခ) စစ်ဆေးရေးအရာရှိဆိုသည်မှာ ဥပဒေပုဒ်မ ၁၂ အရ တာဝန်ချထားသည့် သို့မဟုတ် ခန့်ထားသည့် စစ်ဆေးရေးအရာရှိကို ဆိုသည်။
(ဂ) စစ်ဆေးရေးအရာရှိချုပ် ဆိုသည်မှာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်ကို ဆိုသည်။
(ဃ) ဦးစီးဌာန ဆိုသည်မှာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနကို ဆိုသည်။
(င) ရက်သတ္တပတ် ဆိုသည်မှာ စနေနေ့ ညဉ့်သန်းခေါင်အချိန်မှ စတင်ရေတွက်သော တစ်ဆက်တည်း ခုနှစ်ရက် ကာလအပိုင်းအခြားကိုဆိုသည်။
(စ) သက်ဆိုင်ရာနှစ် ဆိုသည်မှာ ဥပဒေအရ အလုပ်သမားရထိုက်ခွင့်ရှိသော ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ ခံစားခွင့်ရှိသည့်နှစ်ကို ဆိုသည်။
(ဆ) ရှောင်တခင်ခွင့်ရက် ဆိုသည်မှာ မမျှော်လင့်သော ရုတ်တရက်အကြောင်းကိစ္စ ပေါ်ပေါက်ခဲ့လျှင် ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။
(ဇ) ဆေးလက်မှတ်ခွင့်ရက် ဆိုသည်မှာ မမာမကျန်းဖြစ်သည့်အခါ ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။
(ဈ) မီးဖွားခွင့်ရက် ဆိုသည်မှာ အမျိုးသမီးအလုပ်သမားများ ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားပြီးချိန်ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။ ယင်းစကားရပ်တွင် ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုလည်း ပါဝင်သည်။
(ည) ရက်သတ္တပတ်အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ်လျှင်အနည်းဆုံး တစ်ရက်အနားပေးသည့် ရက်ကိုဆိုသည်။
(ဋ) အများပြည်သူအလုပ်ပိတ်ရက် ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဉ်ထုတ်ပြန်ကြေညာသည့် အများပြည်သူအလုပ်ပိတ်ရက်များကိုဆိုသည်။
(ဌ) ခွင့်မှတ်တမ်း ဆိုသည်မှာ ခံစားခွင့်ပေးသော ခွင့်အမျိုးအစားအလိုက် ထားရှိရမည့် မှတ်တမ်းကို ဆိုသည်။
(ဍ) သတ်မှတ်အလုပ်ချိန် ဆိုသည်မှာ လုပ်ငန်းအလိုက်သက်ဆိုင်သည့် အလုပ်သမား ဥပဒေက အလုပ်သမားအမျိုးအစားအလိုက် ခွင့်ပြုထားသည့် တစ်ရက်ခွင့်ပြုအလုပ်ချိန်၊ ရက်သတ္တပတ်ခွင့်ပြုအလုပ်ချိန်တို့ကို ဆိုသည်။
(ဎ) အခြေခံလစာငွေ ဆိုသည်မှာ ပြက္ခဒိန်လတစ်လတွင် လုပ်ကိုင်ရသည့် အလုပ်တာဝန်နှင့်အညီ ရရှိမည့် လစာငွေကိုဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခ၊ ရှားပါးစရိတ်နှင့် အပိုဆုကြေးငွေများ စသည့် မည်သည့်စရိတ်မျှမပါဝင်။
(ဏ) သက်ဆိုင်ရာရာအခကြေးငွေ ဆိုသည်မှာ အလုပ်သမားလုပ်ရမည့် အလုပ်တာဝန်နှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်ကြိုတင်သဘောတူညီထားသော နာရီအလိုက်ရရှိသည့် အခကြေးငွေ သို့မဟုတ် တစ်ရက်သတ်မှတ်အလုပ်ချိန်အတွက် ရရှိသည့်နေ့စားခနှုန်း သို့မဟုတ် ထုတ်လုပ်မှုအရေအတွက်နှင့် ဝန်ဆောင်မှုပမာဏပေါ်မူတည်၍ ရရှိသည့် ပုတ်ပြတ်လုပ်ခတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခ၊ ရှားပါးစရိတ်နှင့် အပိုဆုကြေးငွေများစသည့် မည်သည့်စရိတ်မျှမပါဝင်။
(တ) နေ့စားအလုပ်သမား ဆိုသည်မှာ တစ်ရက်သတ်မှတ်အလုပ်ချိန်အတွက် အလုပ်လုပ်ကိုင်ရပြီး ထို‌နေ့အတွက် လုပ်ခကို အလုပ်ရှင်နှင့် သဘောတူညီထားသည့် နှုန်းဖြင့် ရရှိသည့် အလုပ်သမားကို ဆိုသည်။
(ထ) လစားအလုပ်သမား ဆိုသည်မှာ ပြက္ခဒိန်လတစ်လအတွက် ပုံသေလစာသတ်မှတ်လုပ်ကိုင်သည့် အလုပ်သမားကို ဆိုသည်။
(ဒ) ပုတ်ပြတ်အလုပ်သမား ဆိုသည်မှာ ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှုပမာဏပေါ် မူတည်၍ အလုပ်ရှင် အလုပ်သမား နှစ်ဦးသဘောတူ ကြိုတင်သတ်မှတ်ထားသည့် အခကြေးငွေနှုန်းဖြင့် လုပ်ကိုင်ရသည့် အလုပ်သမားကို ဆိုသည်။
(ဓ) လုံခြုံရေးဝန်ထမ်း ဆိုသည်မှာ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနနှင့် လုပ်ငန်းများရှိ အစောင့်လုံခြုံရေးဝန်ထမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဥပဒေပါကိစ္စများ အလို့ငှာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နေအိမ်အစောင့်လုံခြုံရေးဝန်ထမ်းများ မပါဝင်။
(န) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများတွင် သတ်မှတ်ထားသော ပုံစံကိုဆိုသည်။

အခန်း(၂)

ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ

ရက်သတ္တပတ်အလုပ်ပိတ်ရက်
၃။ အလုပ်သမားသည် သက်ဆိုင်ရာဥပဒေအရ ရက်သတ္တပတ်သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးဖြစ်လျှင် ရက်သတ္တပတ်အလုပ်ပိတ်ရက် အနည်းဆုံးတရက်ကို သက်ဆိုင်ရာရာ အခကြေးငွေ သို့မဟုတ် အခြေခံလစာငွေဖြင့် ခံစားခွင့်ရှိသည်။
၄။ ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်ကို တွက်ချက်ရန်အလို့ငှာ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များကို တရားဝင်အလုပ်လုပ်ရက်အဖြစ် ထည့်သွင်းတွက်ချက်ရမည့်အပြင် အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရသည့်ရက်များလည်း ပါဝင်သည်။ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက် သို့မဟုတ် အလုပ်ပိတ်ရက်တစ်ရက်အတွက် တစ်ရက်သတ်မှတ် အလုပ်ချိန်ကိုသာ ထည့်သွင်းရန်ဖြစ်သည်။
၅။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုး ခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် ရက်သတ္တပတ်အလုပ်ပိတ်ရက်ဖြစ်လျှင် အဆိုပါ ရက်သတ္တပတ် အလုပ်ပိတ်ရက်သည် ခွင့်ရက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိစေရ။ သို့သော် ရက်သတ္တပတ် အလုပ်ပိတ်ရက်မတိုင်မီက စတင်ပြီး ရက်သတ္တပတ် အလုပ်ပိတ်ရက်ကုန်ဆုံးပြီးသည့် နောက်တစ်ရက်အပါအဝင်ထိ ခွင့်ခံစားခြင်းဖြစ်လျှင် အဆိုပါ ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ ထိုရက်သတ္တပတ်အလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲတောင်းခံခွင့်မပြုရ။
၆။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက် ကုန်ဆုံးပြီး နောက်တစ်ရက်မှ စတင်၍ နောင်ရက်သတ္တပတ် အလုပ်ပိတ်ရက်အထိ ခွင့်ခံစားပါက နောက်ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် သတ်မှတ်ရမည်။
၇။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရပါက ရက်သတ္တပတ် အလုပ်ပိတ်ရက်မကျရောက်မီ အများပြည်သူအလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ၊ ရက်သတ္တပတ်အလုပ်ပိတ်ရက်ကျရောက်ပြီးနောက် အများပြည်သူအလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင် ဖြစ်စေ၊ ထိုရက်သတ္တပတ်အလုပ်ပိတ်ရက်အတွက် ရက်အစားထိုး၍ အနားပေးရမည်။ ထိုသို့ ရက်အစားထိုးအနားရပါက အချိန်ပိုလုပ်အားခ ခံစားခွင့်မရှိစေရ။
၈။ အလုပ်သမားတစ်ဦးဦးအား အလုပ်ပိတ်ရက် တစ်ရက်လုံးမရစေဘဲ အဆက်မပြတ် တစ်ဆယ်ရက်ထက်ပို၍ အလုပ်လုပ်ရခြင်းကိုဖြစ်စေမည့် မည်သည့်ရက်အစားသွင်းခြင်းကိုမျှ မပြုရ။
၉။ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် လုပ်ငန်းသဘာဝအရ မဖြစ်မနေ အလုပ်လုပ်ရန် အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်ပါက အလုပ်သမား၏ ဆန္ဒကိုရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေရမည်။
၁၀။ ထိုသို့ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းနှင့် ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို မည်သည့်နေ့တွင် ရက်အစားထိုး၍ အနားပေးမည်ဖြစ်ကြောင်း အနည်းဆုံး ၂၄ နာရီအကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်းကြားပြီး ဖြစ်ရမည့် အပြင် အလုပ်ဌာန၌လည်း အလုပ်သမားများမြင်သာအောင် ကပ်ထားရမည်။
၁၁။ အလုပ်သမားသည် ရက်သတ္တပတ်အလုပ်ပိတ်ရက်၌ အလုပ်လုပ်ရ၍ ထိုနေ့မတိုင်မီ အများပြည်သူအလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တရက်ရက်တွင်ဖြစ်စေ၊ ထို့နေ့နောက်အများပြည်သူအလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ အစားထိုးအလုပ်ပိတ်ရက်ရပြီးဖြစ်လျှင် အလုပ်သမား၏ ရက်သတ္တပတ် အလုပ်လုပ်သည့်အချိန်ကို တွက်ချက်ရာတွင် ထိုအလုပ်ပိတ်ရက်အတွက် အလုပ်ချိန်ကို အလုပ်သမားအား အစားထိုးအနားပေးသည့် သက်ဆိုင်ရာရက်သတ္တပတ်တွင် ထည့်သွင်းရမည်။
၁၂။ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သူများ၊ အဆိုင်းစနစ်တွင် လုပ်ကိုင်သည့် အလုပ်သမားများသည် အလုပ်ရှင်နှင့် သဘောတူညီထားသည့်အတိုင်း ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို အလှည့်ကျသည့် အလုပ်ပိတ်ရက်ပေးသော စနစ်ဖြင့် ခံစားရမည်။
၁၃။ ရက်သတ္တပတ် အလုပ်ပိတ်ရက်သည် အများပြည်သူအလုပ်ပိတ်ရက်နှင့် တစ်ထပ်တည်းကျရောက်ခဲ့လျှင် ထိုနေ့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခံစားခွင့်ပြုရမည်။
၁၄။ ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့အတွက် လုပ်ခနှုန်းဖြင့် လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရက်သတ္တပတ် အလုပ်ပိတ်ရက်မတိုင်မီ ခုနှစ်ရက်အတွင်းရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ် လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ဖြင့် စား၍ ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။
၁၅။ အလုပ်ရှင်သည် ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် ငွေကြေးခံစားခွင့်များကို မှတ်တမ်းအဖြစ် ထိန်းသိမ်းထားရှိပြီး ဦးစီးဌာနသို့ ပုံစံ (၄)ဖြင့် ငွေကြေးခံစားခွင့်မှတ်တမ်းကို လစဉ်ပေးပို့ရမည်။

အများပြည်သူအလုပ်ပိတ်ရက်
၁၆။ နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများသည် အများပြည်သူအလုပ်ပိတ်ရက်အပါအဝင်သက်ဆိုင်ရာဥပဒေ အရ ရက်သတ္တပတ်သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးဖြစ်လျှင် အများပြည်သူအလုပ်ပိတ်ရက်ကို သက်ဆိုင်ရာရာအခကြေးငွေဖြင့် ခံစားခွင့်ရှိသည်။
၁၇။ အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရမည်ဆိုပါက အလုပ်သမား၏ ဆန္ဒကို ရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေရမည်။
၁၈။ အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းကို အနည်းဆုံး ၂၄ နာရီကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်းကြားပြီး ဖြစ်ရမည့်အပြင် အလု့ပ်ဌာန၌လည်း အလုပ်သမားများမြင်သာအောင် ကပ်ထားရမည်။
၁၉။ အများပြည်သူအလုပ်ပိတ်ရက် အတွက် အခြေခံလစာငွေ သို့မဟုတ် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် လစားအလုပ်သမားများအတွက် တစ်လစာ၏ ၃၀ ပုံ ၁ ပုံနှင့် ညီမျှသော အခကြေးငွေဖြင့်လည်းကောင်း၊ နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့အတွက် လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် အများပြည်သူအလုပ်ပိတ်ရက်မတိုင်မီ ခုနှစ်ရက်အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ဖြင့် စား၍ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့် လည်းကောင်း တွက်ချက်ရမည်။
၂၀။ အလုပ်ရှင်သည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက်သတ်မှတ်အလုပ်ချိန်ပြည့်အောင် ခိုင်းစေခြင်းမရှိဘဲ အချိန်ပိုင်းမျှသာ ခိုင်းစေသော်လည်းလုပ်ခကို ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း သက်ဆိုင်ရာရာ အခြေခံအခကြေးငွေကိုသော်လည်းကောင်း၊ အခြေခံလစာငွေကိုသော် လည်းကောင်း ပေးမြဲနှုန်း၏ နှစ်ဆပေးချေရမည်။
၂၁။ အလုပ်ရှင်သည် အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက်သတ်မှတ်အလုပ်ချိန်ပြည့်အောင် ခိုင်းစေသည့်ကိစ္စတွင် ပုတ်ပြတ်အလုပ်သမားများအတွက် ထိုနေ့ရရှိသည့် ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှုပမာဏ ပေါ်မူတည်၍ ရရှိသော လုပ်ခ၏ နှစ်ဆကိုပေးချေရမည်။
၂၂။ အလုပ်သမားသည် အများပြည်သူအလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုးခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်လျှင် အဆိုပါအများပြည်သူ အလုပ်ပိတ်ရက်သည် ခွင့်ရက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိစေရ။ သို့သော် အများပြည်သူအလုပ်ပိတ်ရက်မတိုင်မီက စတင်ပြီး အများပြည်သူအလုပ်ပိတ်ရက်ကုန်ဆုံးပြီးသည့် နောက်တစ်ရက် အပါအဝင်ထိ ခွင့်ခံစားခြင်းဖြစ်လျှင် အဆိုပါအများပြည်သူအလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ ထိုအများပြည်သူအလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲ တောင်းခံခွင့်မပြုရ။

အခန်း(၃)

ခွင့်ခံစားခြင်း

၂၃။ အလုပ်သမားသည် ဥပဒေအရ သတ်မှတ်ထားသည့် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ကာလအတိုင်း သက်ဆိုင်ရာရာအခကြေးငွေ (သို့မဟုတ်) လစာငွေဖြင့် ခံစားခွင့်ရှိသည်။ သို့သော် လုပ်သက်ခွင့်ရက်ကိုမူ သက်ဆိုင်ရာရာ ပျမ်းမျှအခကြေးငွေနှင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့် ဖြစ်စေ ခံစားခွင့်ရှိသည်။
၂၄။ အလုပ်သမားသည် အလုပ်သင်ကာလနှင့် အစမ်းခန့်ကာလတို့တွင် ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်၊ မီးဖွားရက်တို့ ခံစားခွင့်ရှိသည်။
၂၅။ ခွင့်ကာလနှင့် စပ်လျဉ်း၍ ခွင့်ကာလကုန်ဆုံးပြီး အလုပ်ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ရက်များကို ပျက်ကွက်ရက်အဖြစ် သတ်မှတ်နိုင်သည်။
၂၆။ ခွင့်စတင်သည့် နေ့ရက်၏ ရှေ့တွင်ဖြစ်စေ၊ ခွင့်ကုန်ဆုံးသည့် နေ့ရက်၏ နောက်တွင်ဖြစ်စေ အလုပ်ပိတ်ရက်များ ဖြစ်နေခဲ့လျှင် ထိုအလုပ်ပိတ်ရက်များကို ခွင့်ကာလအဖြစ် ရေတွက်ခြင်းမပြုရ။
၂၇။ ခွင့်ခံစားနေစဉ်အတွင်း အလုပ်သမားကို အလုပ်ဌာနနေရာပြောင်းခြင်း၊ ရာထူးအဆင့်လျော့ချခြင်း၊ လစာလျော့ချခြင်း သို့မဟုတ် အလုပ်မှ ထုတ်ပယ်ခြင်း မပြုရ။

ရှောင်တခင်ခွင့်ရက်ခံစားခြင်း
၂၈။ အလုပ်သမားသည် အလုပ်စတင်ဝင်ရောက်သည့်အချိန်မှ လုပ်သက်နှစ်လပြည့်သည့် အခါတိုင်း ရှောင်တခင်ခွင့် တစ်ရက်နှုန်းကို သက်ဆိုင်ရာနှစ်အတွင်း သက်ဆိုင်ရာရာ အခကြေးငွေ သို့မဟုတ် အခြေခံလစာငွေအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ သို့ရာတွင် လုပ်သက်နှစ်လမပြည့်သော်လည်း ခိုင်လုံသော အကြောင်းပြချက်ရှိပါက ရှောင်တခင်ခွင့်ရက်ကို အလုပ်ရှင်က ခံစားခွင့်ပြုရမည်။
၂၉။ ရှောင်တခင်ခွင့်ရက်ကို တစ်ကြိမ်လျှင် အများဆုံးသုံးရက်ထိ ခံစားနိုင်ပြီး သုံးရက်ထက်ကျော်လွန်ခံစားရန် အကြောင်းထူးရှိပါက အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူထံသို့ ခိုင်လုံသောအကြောင်းပြချက်ဖြင့် တင်ပြပါက သုံးရက်ထက်ကျော်လွန်သည့် ရှောင်တခင် ခွင့်ရက်ကို ခွင့်ပြုနိုင်သည်။
၃၀။ ရှောင်တခင်ခွင့်ရက်ကို သတ်မှတ်ခွင့်ပုံစံဖြင့် တင်ပြရမည်။ သို့ရာတွင် အကြောင်းကြောင်းကြောင့် အလုပ်ခွင်သို့ လာရောက်နိုင်ခြင်းမရှိလျှင် တယ်လီဖုန်းဖြင့်ဖြစ်စေ၊ ကြေးနန်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဖြစ်စေ ခွင့်တိုင်ကြားနိုင်ပြီး ခွင့်ရက်ကုန်ဆုံး၍ အလုပ်ခွင့်သို့ ပြန်လည်ရောက်ရှိသည့်အခါ သတ်မှတ်ထားသော ခွင့်တိုင်ကြားပုံစံကို ဖြည့်စွက်၍ အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့် ရှိသူထံ တင်ပြရမည်။
၃၁။ ရှောင်တခင်ခွင့်ရက်နှင့် တစ်ဆက်တည်း အခြားခွင့်ရက်တစ်မျိုးမျိုးကို တောင်းခံခဲ့သော်ရှောင်တခင်ခွင့်ရက် ပျက်ပြယ်ပြီး ရှောင်တခင်ခွင့်နှင့် ဆက်၍ တောင်းခံသော အခြားခွင့်ရက် တစ်မျိုးမျိုးကို ရှောင်တခင်ခွင့်ရက် စသည့်နေရက်မှစ၍ သတ်မှတ်ခွင့်ပြုရမည်။
၃၂။ ရှောင်တခင်ခွင့်ရက် တစ်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့် လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရှောင်တခင်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ခုနှစ်ရက်အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့်စား၍ ရရှိသော ပျမ်းမျှလုပ်ခ နှုန်းဖြင့် လည်းကောင်း တွက်ချက်ရမည်။
၃၃။ အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူသည် ရှောင်တခင်ခွင့်ရက်မှတ်တမ်းများကို သိမ်းဆည်းထားရှိပြီး သတ်မှတ်ပုံစံဖြင့် ဦးစီးဌာနသို့ လစဉ်ပေးပို့ရမည်။

လုပ်သက်ခွင့်ရက်ခံစားခြင်း
၃၄။ လုပ်ငန်းသဘာဝအရ တစ်ဆက်တည်း တစ်ဆယ့်နှစ်လပြည့်အောင် လုပ်ကိုင်ရခြင်းမရှိသည့် လုပ်ငန်းတစ်ခုခုတွင် လုပ်သက်ခွင့်ကို အချိုးကျခံစားနိုင်သည်။
၃၅။ လုပ်သက်ခွင့်ရက်တွက်ချက်ရန်အလို့ငှာ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကို တရားဝင်အလုပ်လုပ်ရန်အဖြစ် ထည့်သွင်းတွက်ချက်ရမည်။
၃၆။ အလုပ်သမားသည် လုပ်သက်ခွင့်ရက် တစ်ဆက်တည်း တစ်ဆယ်ရက် ခံစားနေသည့် ကာလအတွင်း ကျရောက်သည့် အလုပ်ပိတ်ရက်များကို လုပ်သက်ခွင့်ရက်၌ ထည့်သွင်းတွက်ချက်ရမည်။
၃၇။ အလုပ်ရှင်သည် မိမိ၏ အလုပ်သမားများ လုပ်သက်ခွင့်ရက် ယူနိုင်စေရန် ထိုသူတို့၏ လုပ်သက်ခွင့်ရက်နှင့် သက်ဆိုင်သည့် တစ်ဆယ့်နှစ်လဖြစ်သော ကာလအပိုင်းအခြား၏ နောက်ဆုံးနေ့မှစ၍ သုံးလအတွင်း အလုပ်သမားခံစားခွင့်ရှိသော လုပ်သက်ခွင့်ရက် မည်မျှရရှိကြောင်း တွက်ချက်မှုစာရင်းကို ထုတ်ပြန်ကြေညာပေးရမည့်အပြင် ထိုစာရင်းပါ မည်သည့်နေ့မှ မည်သည့် နေ့အတွင်း အလုပ်သမားတစ်ဦးစီခံစားရမည့် လုပ်သက်ခွင့်ရက်များစာရင်းကို ထုတ်ပြန်ကြေညာပြီး လုပ်ငန်းခွင်၌ အများမြင်သာသော နေရာတွင် ကပ်ထားရမည်။

၃၈။ (က) လစားအလုပ်သမားများ၏ လုပ်သက်ခွင့်ရက်အတွက် ပျမ်းမျှလစာငွေကို လုပ်သက်ခွင့်ရက် စတင်ခံစားသည့် နေ့မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက် ၃၀ အတွင်း ရရှိသည့် လစာငွေကို အမှန်တကယ် အလုပ်လုပ်ရက်ဖြင့် စား၍ရသော တစ်ရက် ပျမ်းမျှလစာငွေဖြင့် ခံစားခွင့်ပြုရမည်။
(ခ) နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများ၏ လုပ်သက်ခွင့်ရက်အတွက် ပျမ်းမျှအခကြေးငွေကို လုပ်သက်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက် (၃၀) အတွင်း ရရှိခဲ့သည့် လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့် စား၍ရသော ပျမ်းမျှလစာနှုန်းဖြင့် ခံစားခွင့်ပြုရမည်။

၃၉။ လုပ်သက်ခွင့်ရက်ခံစားသူများအား ခွင့်ရက်ကာလမစမီ လုပ်သက်ခွင့်ရက်အတွက် လစာ သို့မဟုတ် အခကြေးငွေကို ကြိုတင်ထုတ်ပေးရမည့်အပြင် ထိုသို့ ထုတ်ပေးမည်ဖြစ်ကြောင်းကို အလုပ်သမားများအား အသိပေးထားရမည်။
၄၀။ အလုပ်သမားသည် အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားစာပေးပို့၍ မိမိဆန္ဒအရ အလုပ်မှနုတ်ထွက်ပါက မိမိရထိုက်ခွင့်ရှိသော လုပ်သက်ခွင့်ရက်ကာလအတွက် ငွေကြေးခံစားခွင့်ကို အလုပ်ရှင်ထံ တင်ပြတောင်းဆိုနိုင်သည်။
၄၁။ အလုပ်ရှင်သည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်အရဖြစ်စေ၊ လုပ်ငန်းသဘာဝအရ သတ်မှတ်ထားသည့် လုပ်ငန်းခွင်စည်းကမ်းအရဖြစ်စေ အလုပ်ရပ်စဲခံရသော အလုပ်သမား၏ လုပ်သက်ခွင့်ကာလအတွက် ရထိုက်ခွင့်ရှိသော ငွေကြေးခံစားခွင့်ကို ထုတ်ပေးရမည်။

ဆေးလက်မှတ်ခွင့်ရက် ခံစားခြင်း
၄၂။ မည်သည့်အလုပ်သမားမဆို သွေးလှူကြောင်း ခိုင်လုံသည့် အထောက်အထားဖြင့် တင်ပြလာပါက သွေးလှူသည့်နေရက်နှင့် နောက်တစ်ရက်ကို ဆေးလက်မှတ်ခွင့်ရက်အဖြစ် ခံစားခွင့်ရှိသည်။
၄၃။ လူမှုဖူလုံရေးအာမခံ အလုပ်သမားမဟုတ်သော လုပ်သက်ခြောက်လ မပြည့်သေးသည့် အလုပ်သမားသည် လစာမရှိ ဆေးလက်မှတ်ခွင့်ရက်ကို တောင်းခံနိုင်သည်။
၄၄။ ရက်ရှည်အလုပ်ပိတ်ထားသော ကာလများအတွင်း နာမကျန်းဖြစ်မှုအတွက် ဆေးလက်မှတ်ခွင့်ရက် တင်ပြတောင်းခံရန်မလိုအပ်ပါ။
၄၅။ ဆေးလက်မှတ်ခွင့်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့် လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ဆေးလက်မှတ်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက်ပေါင်း ၃၀ အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့် စား၍ရရှိသော တစ်ရက်ပျမ်းမျှလုပ်ခနှုန်းဖြင့် လည်းကောင်း တွက်ချက်ရမည်။

မီးဖွားခွင့်ရက် ခံစားခြင်း
၄၆။ မီးဖွားခွင့်ရက်ကို မှတ်ပုံတင်ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့် ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့် ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ တင်ပြတောင်းခံရမည်။
၄၇။ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများသည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ခံစားခွင့်ရှိသည်။
၄၈။ ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုတွင် လူမှုဖူလုံရေးမှတ်ပုံတင်အာမခံ အလုပ်သမားမဟုတ်ပါက အလုပ်ရှင်သည် မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက်ဖြင့် မီးဖွားခွင့်ရက်အဖြစ် ကိုယ်ဝန်ပျက်သည့်နေ့မှစ၍ အများဆုံး ရက်သတ္တပတ် ခြောက်ပတ် ခံစားခွင့်ပြုရမည်။

အခန်း(၄)

အလုပ်သမား၏ တာဝန်များ

၄၉။ အလုပ်သမားသည် -
(က) ခွင့်တိုင်ကြားလျှင် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးထံသို့ ပုံစံ (၁)ဖြင့် သာမန်အလုပ်ချိန်အတွင်း တင်ပြရမည်။
(ခ) ခွင့်ရက်ကုန်ဆုံးပြီး အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်သည့်အချိန်တွင် မိမိလုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်နေကြောင်းကို အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးထံ ပြန်လည်တင်ပြရမည်။
(ဂ) မိမိခွင့်ခံစားနေစဉ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ မမျှော်မှန်းနိုင်သည့် ဖြစ်ရပ်ကြောင့်သော်လည်းကောင်း၊ မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း မိမိရောက်ရှိရာနေရာဒေသမှ အလုပ်ခွင်ရှိရာသို့ ခွင့်ကုန်ဆုံးရက်အမီ ပြန်လာရန် လုံးဝမဖြစ်နိုင်သည့် အခြေအနေတွင် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့် ရှိသူတစ်ဦးဦးထံ တယ်လီဖုန်းဖြင့်သော်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့် သော်လည်းကောင်း အသိပေးအကြောင်းကြားရမည်။ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ချိန်တွင် ခိုင်လုံသည့် အထောက်အထားတင်ပြရမည်။

အခန်း(၅)

အလုပ်ရှင်၏ တာဝန်များ

၅၀။ အလုပ်ရှင်သည် -
(က) အလုပ်သမား၏ ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်နှင့် မီးဖွားခွင့်ရက် တို့ကို သက်ဆိုင်ရာရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ လုပ်သက်ခွင့်ရက်ကို သက်ဆိုင်ရာ ပျမ်းမျှအခကြေးငွေဖြင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့် ဖြစ်စေ ခံစားခွင့်ပြုရမည်။ ရှားပါးစရိတ်ပေးထားလျှင် ထည့်သွင်းခံစားခွင့်ပြုရမည်။
(ခ) အလုပ်သမား၏ လုပ်သက်ခွင့်ရက်ကို ခံစားခွင့်ရှိသည့်နေ့မှစ၍ တစ်ဆယ့်နှစ်လအတွင်း သက်ဆိုင်ရာရာ ပျမ်းမျှအခကြေးငွေဖြင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ ခံစားခွင့်ပြု၍ ရထိုက်ခွင့်ရှိသည့် အခကြေးငွေခံစားခွင့်ကို ခွင့်မခံစားမီ ကြိုတင်ထုတ်ပေးရမည်။
(ဂ) မိမိအလုပ်ဌာနရှိ အလုပ်သမားများ အလှည့်ကျ လုပ်သက်ခွင့်ရက်ခံစားနိုင်ရန် လုပ်သက်ခွင့်ရက်နှင့်သက်ဆိုင်သည့် တစ်ဆယ့်နှစ်လဖြစ်သော ကာလအပိုင်းအခြား၏ နောက်ဆုံးနေ့မှစ၍ သုံးလအတွင်း အလုပ်သမားတစ်ဦးစီ ခံစားခွင့်ရှိသော လုပ်သက်ခွင့်ရက် မည်မျှရရှိကြောင်း တွက်ချက်မှုစာရင်းကို ထုတ်ပြန်ကြေညာပေးရမည့်အပြင် အလုပ်သမားများ လုပ်သက်ခွင့်ရက်ခံစားနိုင်သည့် ကာလအပိုင်းအခြားကိုလည်း သတ်မှတ်ပေးရမည်။
(ဃ) အလုပ်သမားက လုပ်သက်ခွင့်ရက်မခံစားမီ အလုပ်မှနုတ်ထွက်ခြင်း၊ အလုပ်မှ ရပ်စဲခံရခြင်း၊ အလုပ်ထုတ်ပစ်ခံရခြင်း၊ သေဆုံးခြင်းဖြစ်လျှင် ရထိုက်ခွင့်ရှိသည့် လုပ်သက်ခွင့်ရက်ကာလအတွက် ခံစားခွင့်များကို ဖြစ်စဉ်ဖြစ်သည့်နေ့မှအလုပ်ဖွင့်ရက်နှစ်ရက်အတွင်း ငွေကြေးခံစားခွင့်ပေးရမည်။
(င) သေဆုံးသည့်အလုပ်သမား၏ ရထိုက်ခွင့်ရှိသည့် လုပ်သက်ခွင့်ရက် အခကြေးငွေခံစားခွင့်ကို ၎င်း၏တရားဝင်ကိုယ်စားလှယ်အား ထုတ်ပေးရမည်။
(စ) အကြောင်းတစ်ခုခုကြောင့် လုပ်ငန်းယာယီပိတ်သိမ်းရလျှင်ဖြစ်စေ၊ အပြီးပိတ်သိမ်းရလျှင်ဖြစ်စေ၊ အလုပ်သမားကို လုပ်သက်ခွင့်ရက်ကာလအတွက် ရထိုက်ခွင့်ရှိသည့် အခကြေးငွေခံစားခွင့်ကိုဖြစ်စေ၊ လုပ်ငန်းသဘာဝအရ တစ်ဆက်တည်း တစ်ဆယ့်နှစ်လမလုပ်ရသည့် လုပ်ငန်းများတွင် ရထိုက်ခွင့်ရှိသော လုပ်သက်ခွင့်ရက်ကို ဖြစ်စေ တွက်ချက်ခံစားခွင့်ပြုရမည်။
(ဆ) မီးဖွားခွင့်ရက် သို့မဟုတ် ဆေးလက်မှတ်ခွင့်ရက် ခံစားခြင်းကို အကြောင်းပြု၍ အလုပ်သမားအား လက်ရှိရာထူးအဆင့်မှ လျှော့ချခြင်း၊ လစာလျှော့ချခြင်း၊ အလုပ်ဌာနနေရာ ပြောင်းရွှေ့ခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်း မပြုရ။
(ဇ) ဤနည်းဥပဒေများအရ သတ်မှတ်သည့်ပုံစံ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)နှင့် (၆)တို့ကို ရေးသားဖြည့်စွက်ပြီး စစ်ဆေးရေးအရာရှိက အချိန်မရွေးစစ်ဆေးနိုင်ရန် အသင့်စီမံထားရှိရမည့်အပြင် တစ်ဆယ့်နှစ်လကာလအထိ သိမ်းဆည်းထားရမည်။
(ဈ) ဥပဒေနှင့်အညီ ရထိုက်ခွင့်ရှိသော အလုပ်သမားများ၏ ခွင့်ခံစားမှုမှတ်တမ်းများကို ပုံစံ (၇)ဖြင့် လစဉ်လဆန်း ခုနှစ်ရက်ထက် နောက်မကျဘဲ စစ်ဆေးရေးအရာရှိထံ ပေးပို့ရမည်။
(ည) လုပ်ငန်းလိုအပ်ချက်အရ အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ကိုင်လိုပါက အလုပ်သမား၏ သဘောဆန္ဒရယူ၍ စစ်ဆေးရေးအရာရှိထံ ပုံစံ(၈)ဖြင့် တင်ပြပြီး ခွင့်ပြုချက်ရယူ လုပ်ကိုင်ရမည်။

အခန်း(၆)

အထွေထွေ

၅၁။ အလုပ်ရှင်သည် တစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ မိမိ၏လုပ်ငန်းကို ငှားရမ်း၍ လုပ်ကိုင်စေပါက ဥပဒေနှင့် ဤနည်းဥပဒေများပါ အကျိုးခံစားခွင့်များကို ငှားရမ်းလုပ်ကိုင်သူ သို့မဟုတ် ငှားရမ်းလုပ်ကိုင်သည့် အဖွဲ့အစည်းက တာဝန်ယူ‌ဆောင်ရွက်ရမည်။
၅၂။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရာတွင် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ကိစ္စများနှင့် စပ်လျဉ်း၍ ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(ပုံ) သိန်းဆွေ
ပြည်‌‌ထောင်စုဝန်ကြီး
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန