Back

အနည်းဆုံးအခကြေးငွေ နည်းဥပဒေများ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ

အမိန့်ကြော်ငြာစာ အမှတ်၊ ၆၄/၂၀၁၃

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)

 အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေဥပဒေပုဒ်မ ၃၆၊ ပုဒ်မခွဲ (က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို အနည်းဆုံးအခကြေးငွေ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပ‌ဒေများတွင်ပါရှိသော စကားရပ်များသည် ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ တွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ဥပဒေ ဆိုသည်မှာ ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေကိုဆိုသည်။
(ခ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အလုပ်သမား အနည်းဆုံးအခကြေးငွေ စိစစ်ရေးလုပ်ငန်းကော်မတီ ဆိုသည်မှာ အမျိုးသားကော်မတီက ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့တွင် လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပြန်လည်သုံးသပ်ရေးတို့ကို ဆောင်ရွက်ရန် ဖွဲ့စည်းပေးသော အနည်းဆုံး အခကြေးငွေ စိစစ်ရေးလုပ်ငန်းကော်မတီကို ဆိုသည်။
(ဂ) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အလုပ်သမားအနည်းဆုံးအခကြေးငွေစိစစ်ရေး လုပ်ငန်းကော်မတီ ဆိုသည်မှာ အမျိုးသားကော်မတီက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်‌ရေးနှင့် ပြန်လည်သုံးသပ်ရေးတို့ကို ဆောင်ရွက်ရန်ဖွဲ့စည်းပေးသော အနည်းဆုံးအခကြေးငွေ စိစစ်ရေးလုပ်ငန်းကော်မတီကို ဆိုသည်။
(ဃ) လုပ်ငန်းကော်မတီများ ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အလုပ်သမားအနည်းဆုံး အခကြေးငွေစိစစ်ရေးလုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အလုပ်သမား အနည်းဆုံး အခကြေးငွေ စိစစ်ရေးလုပ်ငန်းကော်မတီနှင့် ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (ဈ)အရ အမျိုးသားကော်မတီက ဖွဲ့စည်းတာဝန်ပေးသော အခြားလုပ်ငန်းကော်မတီများကို ဆိုသည်။
(င) သုံးပွင့်ဆိုင်ကိုယ်စားလှယ် ဆိုသည်မှာ အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ် နှင့် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်သည့် ကိုယ်စားလှယ်ကိုဆိုသည်။

အခန်း(၂)

အမျိုးသားကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၃။ ဝန်ကြီးဌာနသည် အမျိုးသားကော်မတီ ဖွဲ့စည်းခြင်းနှင့် ပြင်ဆင်ဖွဲ့စည်းခြင်း တို့ပြုနိုင်ရေးအတွက် အောက်ပါဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို နိုင်ငံတော် သမ္မတထံတင်ပြရမည်-
(က) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ပေးအပ်သင့်သည့် ကိုယ်စားလှယ်များ၊
(ခ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်း၏ အလုပ်သမားကိုယ်စားလှယ်များ၊
(ဂ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်း၏ အလုပ်ရှင် ကိုယ်စားလှယ်များ၊
(ဃ) စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းအဖွဲ့အစည်း၏အလုပ်သမား ကိုယ်စားလှယ်များ၊
(င) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအဖွဲ့အစည်း၏ အလုပ်ရှင်ကိုယ်စားလှယ်များ၊
(စ) အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ပြီး မျှတစွာဆောင်ရွက်တက်သူ အခြား ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပုဂ္ဂိုလ်များ။
၄။ နည်းဥပဒေ ၃ အရ နိုင်ငံတော်သမ္မတထံ တင်ပြရာတွင်-
(က) အလုပ်သမားကိုယ်စားလှယ်နှင့် အလုပ်ရှင်ကိုယ်စားလှယ် ဦးရေတူညီရမည်။
(ခ) နိုင်ငံတော်သမ္မတက ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တောင်းဆိုလျှင် ကိုယ်စားလှယ်အမည်စာရင်းကို ထပ်မံတင်ပြရမည်။
၅။ ဝန်ကြီးဌာနက နည်းဥပဒေ ၃ အရ အဆိုပြုတင်ပြသည့်-
(က) အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ကိုယ်စားလှယ်များသည် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးနှင့် စပ်လျဉ်း၍ မိမိတို့အဖွဲ့အစည်း၏ အကျိုးအတွက် သော်လည်းကောင်း၊ အလုပ်သမား သို့မဟုတ် အလုပ်ရှင်တို့၏ အကျိုးအတွက်သော်လည်းကောင်း၊ သယ်ပိုးဆောင်ရွက်လိုသူများ ဖြစ်ရမည်။
(ခ) ကျွမ်းကျင်သူပုဂ္ဂိုလ်များသည် သက်ဆိုင်ရာလုပ်ငန်းများတွင် လုပ်ငန်းအတွေ့အကြုံရှိပြီး အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား မျှတစွာဆောင်ရွက်သူများဖြစ်ရမည်။
၆။ အမျိုးသားကော်မတီသည်-
(က) သက်ဆိုင်ရာပြည်‌ထောင်စုနယ်မြေ၏‌ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က တင်ပြလာသည့် အမည်စာရင်းမှ အစိုးရကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်း သို့မဟုတ် အလုပ်သမားများ၏ကိုယ်စားလှယ်များ၊ အလုပ်ရှင်အဖွဲ့အစည်း သို့မဟုတ် အလုပ်ရှင်များ၏ ကိုယ်စားလှယ်များ၊ အခကြေးငွေသတ်မှတ်ခြင်း ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ပြီး မျှတစွာဆောင်ရွက်မည့် ပုဂ္ဂိုလ်များပါဝင်သည့် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများကို ဖွဲ့စည်းပေးရမည်။
(ခ) အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ကိုယ်စားလှယ်ဦးရေကို တူညီစွာခန့်ထားရမည်။
(ဂ) နည်းဥပဒေခွဲ (က)အရ ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို တစ်ပါတည်း သတ်မှတ်ပေးရမည်။ လိုအပ်ပါက ဒုတိယဥကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။
(ဃ) ဖွဲ့စည်းထားသော ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းခြင်း သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦးကို အစားထိုးခန့်ထားခြင်းပြုနိုင်သည်။
၇။ အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်ရေးနှင့် ထိုနှုန်းထားကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးတို့နှင့် စပ်လျဉ်း၍ အမျိုးသားကော်မတီ၏ ပုံမှန်အစည်းအဝေးများကို တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပရမည်။ လိုအပ်လျှင် အထူးအစည်းအဝေးများကို ကျင်းပနိုင်သည်။ ထိုသို့ကျင်းပရာတွင်-
(က) အမျိုးသားကော်မတီဝင် အားလုံးကို ဖိတ်ကြားရမည်။
(ခ) အစည်းအဝေးတိုင်း၌ အမျိုးသားကော်မတီ၏ ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ ဥက္ကဋ္ဌမတက်ရောက်နိုင်လျှင် ဒုတိယဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ရမည်။
(ဂ) အစည်းအဝေ တက်ရောက်ခွင့်ရှိသူ၏ ထက်ဝက်ကျော်တက်ရောက်လျှင်အစည်းအဝေး အထမြောက်သည်။
(ဃ) အရေးကြီးသော ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို ချမှတ်ရန်ရှိပါက အမျိုးသားကော်မတီဝင်အားလုံး၏ သုံးပုံနှစ်ပုံတက်ရောက်ရမည်။
(င) အစည်းအဝေးဆုံးဖြတ်ချက်ကို အစည်းအဝေးတက်ရောက်သူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်ဆုံးဖြတ်ရမည်။
(စ) အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လျှို့ဝှက်ဆန္ဒမဲပေးခြင်း၊ မတ်တပ်ရပ်ခြင်း သို့မဟုတ် လက်ထောက်ခြင်းစသည့် ဆန္ဒပြုသည့် နည်းလမ်းများကို အသုံးပြုနိုင်သည်။
၈။ (က) သဘာဝဘေးအန္တရာယ်ကြောင့် စက်ရုံတစ်ရုံ၏လုပ်ငန်းရပ်ဆိုင်းသွားခဲ့ပါက သက်ဆိုင်ရာပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီမှ စိစစ်ပြီး အမျိုးသားကော်မတီသို့ တင်ပြရမည်။
(ခ) အမျိုးသားကော်မတီသည် နည်းဥပဒေခွဲ(က)အရ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီတို့မှ စိစစ်တင်ပြသော အချက်များကို အလေးထားစဉ်စားပြီး ထိုစက်ရုံပုံမှန် မလည်ပတ်နိုင်မီအချိန်အတွင်း အလုပ်သမားများ၏ လုပ်ခလစာကို သတ်မှတ်ပေးနိုင်သည်။

အခန်း(၃)

ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများဖွဲ့စည်းခြင်း

၉။  သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၏ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများဖွဲ့စည်းနိုင်ရေးအတွက် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားနှင့် အလုပ်ရှင်ကိုယ်စားလှယ်များ၊ အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ပြီး မျှတစွာဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို အမျိုးသားကော်မတီသို့တင်ပြရမည်။

၁၀။ အမျိုးသားကော်မတီသည် နည်းဥပဒေ ၉ အရတင်ပြသည့် ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီကို အောက်ပါအတိုင်းဖွဲစည်းရမည်-

(က) သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၏ကောင်စီမှ တာဝန်ပေးအပ်သည့် ကောင်စီဝင် သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ အလုပ်သမားရေးရာဝန်ကြီး၊ ဥက္ကဋ္ဌ
(ခ) သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၏ကောင်စီနှင့် သက်ဆိုင်ရာ တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က တာဝန်ပေးအပ်သူ၊ ဒုတိယဥက္ကဋ္ဌ
(ဂ) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ငါးဦး၊ အဖွဲ့ဝင်များ
(ဃ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့်ဝန်‌ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဖွဲ့အစည်း၏ အလုပ်သမားကိုယ်စားလှယ်ငါးဦး၊ အဖွဲ့ဝင်များ
(င) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့်ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဖွဲ့အစည်း၏ အလုပ်ရှင်ကိုယ်စားလှယ်ငါးဦး၊ အဖွဲ့ဝင်များ
(စ) အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ပြီး မျှတစွာ ဆောင်ရွက်တက်သူအခြားပုဂ္ဂိုလ်နှစ်ဦး၊ အဖွဲ့ဝင်များ
(ဆ) သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၏ကောင်စီမှ တာဝန်ပေးအပ်သူ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး၊ အတွင်းရေးမှူး
(ဇ) သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၏ကောင်စီမှ တာဝန်ပေးအပ်သူ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး၊ တွဲဘက်အတွင်းရေးမှူး

အခန်း(၄)

အနည်းဆုံးအခကြေးငွေဆိုင်ရာလုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၁၁။ အမျိုးသားကော်မတီသည် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးနှင့် ပြန်လည်သုံးသပ်ရေးတို့အတွက် လုပ်ငန်းအမျိုးအစားအလိုက် ထိ‌ရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များကို အထောက်အထူပြုနိုင်ရန် အောက်ပါ လုပ်ငန်းကော်မတီများကို ဖွဲ့စည်းနိုင်သည်-
(က) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အလုပ်သမားများ အနည်းဆုံးအခကြေးငွေ စိစစ်ရေး လုပ်ငန်းကော်မတီ၊
(ခ) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အလုပ်သမားများ အနည်းဆုံးအခကြေးငွေစိစစ်ရေး လုပ်ငန်းကော်မတီ၊
(ဂ) အနည်းဆုံးအခကြေးငွေဆိုင်ရာ သုတေသနပြုလုပ်ရေးနှင့် အကြံပေးလုပ်ငန်းကော်မတီ၊
(ဃ) အခြားလိုအပ်သော လုပ်ငန်းကော်မတီများ။

၁၂။ အမျိုးသားကော်မတီသည် ကော်မတီဝင်များထဲမှ အစိုးရဌာနအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အဖွဲ့အစည်းများ၏ အလုပ်သမားနှင့် အလုပ်ရှင်ကိုယ်စားလှယ်များပါဝင်သည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အလုပ်သမားများ အနည်းဆုံးအခကြေးငွေစိစစ်ရေးလုပ်ငန်း ကော်မတီကို ဖွဲ့စည်းရမည်။

၁၃။ နည်းဥပေဒ ၁၂ အရ ဖွဲ့စည်းသေ လုပ်ငန်းကော်မတီသည် ပြည်‌ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများ၏ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်‌ဆောင်မှုလုပ်ငန်း အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အကြံပြုချက်များနှင့် စပ်လျဉ်း၍ စိစစ်တွက်ချက်ပြီး အမျိုးသားကော်မတီသို့ သ‌ဘောထားမှတ်ချက်များ တင်ပြရမည်။

၁၄။ အမျိုးသားကော်မတီသည် ကော်မတီဝင်များထဲမှ အစိုးရဌာနအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးလုပ်ငန်းအဖွဲ့အစည်း၏ အလုပ်သမားနှင့် အလုပ်ရှင်ကိုယ်စားလှယ်များပါဝင်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း အလုပ်သမားများ အနည်းဆုံးအခကြေးငွေစိစစ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။

၁၅။ နည်းဥပဒေ ၁၄ အရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီသည် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများ၏ စိုက်ပျိုးရေးနှင့်မွေးမြူ‌ရေး လုပ်ငန်းအလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အကြံပြုချက်များနှင့် စပ်လျဉ်း၍ စိစစ်တွက်ချက်ပြီး အမျိုးသားကော်မတီသို့ သဘောထားမှတ်ချက်များတင်ပြရမည်။

၁၆။ အမျိုးသားကော်မတီသည် လုပ်ငန်းအမျိုးအစားအလိုက် အနည်းဆုံးအခကြေးငွေဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပညာရှင်များပါဝင်သည့် အနည်းဆုံးအခကြေးငွေဆိုင်ရာ သုတေသနပြုလုပ်ရေးနှင့် အကြံပေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။

၁၇။ နည်းဥပဒေ ၁၆ အရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီသည်-
(က) လုပ်ငန်းအမျိုးအစားအလိုက်သော်လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း၊ အနည်းအဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့်စပ်လျဉ်း၍ အခြေခံရမည့်အချက်များအပေါ် စာရင်းစစ်တမ်းများကောက်ယူခြင်း၊ သုတေသနပြုခြင်း၊ အနည်းဆုံးအခကြေးငွေကောက်ယူရေး နည်းလမ်းများကို လေ့လာခြင်းနှင့် သတ်မှတ်သင့်သောသို့မဟုတ် ပြင်ဆင်သတ်မှတ်သင့်သော အနည်းဆုံးအခကြေးငွေနှုန်းထားများကို အမျိုးသားကော်မတီသို့ အကြံပြုချက်များတင်ပြရမည်။
(ခ) အမျိုးသားကော်မတီ၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများတွင် တက်ရောက်ဆွေးနွေးခွင့်နှင့် အကြံပြုခွင့်ရှိသည်။

၁၈။ အနည်းဆုံးအခကြေးငွေဆိုင်ရာ လုပ်ငန်းကော်မတီများသည် လိုအပ်ပါက ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ စာရင်းစစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

အခန်း(၅)

သက်ဆိုင်သည့် လုပ်ငန်းအမျိုးအစားများ

၁၉။ အမျိုးသားကော်မတီသည် အနည်းဆုံးအခကြေးငွေဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် အလုပ်သမား ၁၆ ဦးနှင့် အထက်ဖြင့် လုပ်ကိုင်သော ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် ပါဝင်သော လုပ်ငန်းအမျိုးအစားများကို နိုင်ငံတစ်ဝန်းလုံးအတွက်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသအလိုက်ဖြစ်စေ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ရမည်။

၂၀။ နည်းဥပဒေ ၁၉ အရ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ရာတွင် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ အောက်ပါလုပ်ငန်းအမျိုးအစားများဖြင့် သတ်မှတ်နိုင်သည်-
(က) ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ၊
(ခ) စက်ရုံ၊ အလုပ်ရုံနှင့် အထွေထွေ အင်ဂျင်နီယာလုပ်ငန်းများ၊
(ဂ) သတ္တု၊ တွင်းထွက်ပစ္စည်းနှင့် ကျောက်မျက်ရတနာလုပ်ငန်းများ၊
(ဃ) စားသောက်ကုန်လုပ်ငန်းများ၊
(င) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းများ၊
(စ) စက္ကူနှင့် ပုံနှိပ်လုပ်ငန်းများ၊
(ဆ) သစ်နှင့်သစ်တောထွက် အခြေခံစက်မှုလုပ်ငန်းများ၊
(ဇ) ကြွေထည်၊ မြေထည်၊ စဉ့်ထည်နှင့် အုတ်ဖုတ်လုပ်ငန်းများ၊
(ဈ) လူသုံးကုန်ပစ္စည်းလုပ်ငန်းများ၊
(ည) လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းများ၊
(ဋ) ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ၊
(ဌ) ငါးဖမ်းလုပ်ငန်းနှင့် ရေထွက်ပစ္စည်း ဆက်စပ်ထုတ်လုပ်သည့် လုပ်ငန်းများ၊
(ဍ) အထွေထွေ စီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊
(ဎ) ဆိုင်များ၊ ကုန်သွယ်အလုပ်ဌာနများနှင့် အများပြည်သူဖျော်ဖြေ‌ရေး အလုပ်ဌာနများ၊
(ဏ) သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊
(တ) ကုန်တင်ကုန်ချ အလုပ်သမားများဖြင့် လုပ်ကိုင်သောလုပ်ငန်းများ၊
(ထ) ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော ဝန်ဆောင်မှုလုပ်ငန်းများ၊
(ဒ) အမျိုးသားကော်မတီက အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခါအားလျော်စွာသတ်မှတ်သော အခြားကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ။
၂၁။ နည်းဥပဒေ ၁၉အရ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အောက်ပါလုပ်ငန်း အမျိုးအစားများဖြင့် သတ်မှတ်နိုင်သည်။
(က) လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊
(ခ) ကုန်းနေ၊ ရေနေသတ္တဝါမွေးမြူခြင်း၊ ခြံမွေး၊ အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်းလုပ်ငန်းများ၊ ပျားမွေးမြူရေး၊ ပိုးမွေးမြူရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၊
(ဂ) အမျိုးသားကော်မတီက အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခါအားလျော်စွာ သတ်မှတ်သော အခြားစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းများ။

အခန်း(၆)

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အခြေခံရမည့်အချက်များ

၂၂။ အမျိုးသားကော်မတီက အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းပြုရာတွင်သော်လည်းကောင်း၊ အနည်းဆုံးအခကြေးငွေဆိုင်ရာလုပ်ငန်းကော်မတီများက အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များ တင်ပြရာတွင်သော်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများက လေ့လာစိစစ်တွက်ချက်ပြီးအကြံပြုခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းပြုရာတွင် သော်လည်းကောင်း၊ ဥပဒေအခန်း(၅) ပုဒ်မ ၇တွင် ပြဋ္ဌာန်းထားသည့် အခြေခံရမည့်အချက်များနှင့် ထိုအခြေခံရမည့်အချက်များအပေါ် သုတေသနပြုတွေ့ရှိချက်များအား ထည့်သွင်းစဉ်းစား၍ စိစစ်တွက်ချက်ခြင်းပြုရမည်။

၂၃။ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး၊ ပြန်လည်သုံးသပ်ရေးတို့နှင့် စပ်လျဉ်း၍ ဥပဒေအခန်း (၅)၊ ပုဒ်မ ၇ပါ အခြေခံရမည့် အချက်များအပြင် အောက်ဖော်ပြပါ အချက်များကို လေ့လာစိစစ်ပြီး ထည့်သွင်းတွက်ချက်ရမည်-
(က) စားသုံးသူစျေးဆနှုန်း၊
(ခ) ကုန်စည်စျေးနှုန်းနှင့် ဝန်ဆောင်ခများ၊
(ဂ) ငွေကြေးဖောင်းပွမှုနှုန်း၊
(ဃ) ကျေးလက်‌ဒေသတွင် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရေးအတွက် လိုအပ်ချက်များ၊
(စ) အလုပ်သမားများ၏ ကုန်ထုတ်လုပ်မှုစွမ်းအား၊
(ဆ) အလုပ်ရှင်က လုပ်ခပေးစွမ်းနိုင်မှု အခြေအနေ၊
(ဇ) နိုင်ငံတော်၏ လူမှုစီးပွားရေး အခြေအနေများ၊
(ဈ) ပြောင်းလဲလာသော အခြေအနေနှင့်အညီ ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ သတ်မှတ်သော အခြားအချက်များ။

အခန်း(၇)

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် အကြံပြုချက်များတင်ပြခြင်း

၂၄။ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး‌ကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီတို့သည် အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ-
(က) အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် လက်ရှိဖြစ်ပေါ်နေသော စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် အခြေခံသင့်သည့်အချက်များကို အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ် စာရင်းစစ်တမ်းများ ကောက်ယူ၍ စိစစ်တွက်ချက်ခြင်းတို့ကို ပြုလုပ်ရမည်။
(ခ) သက်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အမျိုးအစားအလိုက်သော်လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း အနည်းဆုံးအခကြေးငွေသတ်မှတ်‌ရေးကိစ္စနှင့်စပ်လျဉ်း၍ အခြေခံသင့်သည့်အချက်များနှင့် ထည့်သွင်းစဉ်းစားရမည့် အချက်များကိုလေ့လာပြီး သတ်မှတ်သင့်သည့် နှုန်းထားများကို အမျိုးသားကော်မတီသို့ အကြံပြုချက်များတင်ပြရမည်။
(ဂ) နည်းဥပဒေခွဲ(ခ)အရတင်ပြရာတွင် အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ရှိမှုအလိုက် လေ့လာစိစစ်ပြီး အလုပ်ချိန် တစ်နာရီ၊ တစ်ရက်၊ ရက်သတ္တပတ်၊ တစ်လ၊ အခြားအချိန်ပိုင်း အလုပ်တစ်ခုခုအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အကြံပြုချက်များထည့်သွင်းတင်ပြရမည်။
(ဃ) သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေ အမိန့်ကြော်ငြာစာနှင့် စပ်လျဉ်း၍သက်ဆိုင်ရာကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအမျိုးအစားအလိုက် သော်လည်းကောင်း၊ ‌ဒေသအလိုက်သော်လည်းကောင်း၊ အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ရှိမှုတို့ကိုခွဲခြား၍ ပြောင်းလဲလာသော အခြေအနေအရပ်ရပ်တို့နှင့် အညီနှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်စိစစ်ပြီး သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေမှာ လိုက်လျောညီထွေမှုမရှိပါက ပြန်လည်သုံးသပ်၍ ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်သင့်သည့် နှုန်းထားများကို အမျိုးသားကော်မတီသို့ အကြံပြုတင်ပြရမည်။

၂၅။ အမျိုးသားကော်မတီ၏အဆိုပြု အနည်းဆုံးအခကြေးငွေ နှုန်းထားအပေါ် ကျိုးကြောင်းဆီလျော်သော ကန့်ကွက်ချက်ရှိခဲ့လျှင် ထိုကန့်ကွက်သောပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းနှင့် ပြည်ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာတိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီတို့၏ ကိုယ်စားလှယ်များညှိနှိုင်းပြီး သတ်မှတ်သင့်သော အနည်းဆုံးအခကြေးငွေနှုန်းထားကို အမျိုးသားကော်မတီသို့ ပြန်လည်တင်ပြရမည်။

၂၆။ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အဖွဲ့အစည်းက ဖြစ်စေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအဖွဲ့အစည်းကဖြစ်စေ မိမိတို့၏ လုပ်ငန်းအလိုက်သို့မဟုတ် ဒေသအလိုက် အလုပ်သမားများအတွက် သတ်မှတ်သင့်သည့် အနည်းဆုံးအခကြေးငွေနှုန်းထားများကို ပြည်ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာတိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသို့ အဆိုပြုချက်များနှင့် အကြံပြုချက်များ တင်ပြနိုင်သည်။

၂၇။ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသည် နည်းဥပဒေ ၂၆ အရ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အဖွဲ့အစည်းကဖြစ်စေ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း အဖွဲ့အစည်းကဖြစ်စေ အကြံပြုတင်ပြသော အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်သင့်သည့် နှုန်းထားများနှင့် စပ်လျဉ်း၍ စိစစ်ပြီး သဘောထားမှတ်ချက်ဖြင့် အမျိုးသားကော်မတီသို့ အကြံပြုတင်ပြရမည်။

၂၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တည်ထောင်ထားသော အထူးစီးပွားရေးဇုန်များရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍-
(က) သက်ဆိုင်ရာ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်သင့်သည့် အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားများကို သက်ဆိုင်ရာတိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီနှင့် ညှိနှိုင်း၍ အမျိုးသားကော်မတီသို့ အကြံပြုတင်ပြရမည။
(ခ) အမျိုးသားကော်မတီသည် နည်းဥပဒေခွဲ (က)အရ အကြံပြုချက်အပေါ် အနည်ဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်းပြုချက်ဖြင့် သတ်မှတ်ပေးရမည်။

၂၉။ သက်ဆိုင်ရာအထူးစီးပွား‌ရေးဇုန်စီမံခန့်ခွဲမှု ကော်မတီက အထူးစီးပွားရေးဇုန်အတွင်းရှိ အလုပ်သမားများအတွက် သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေနှုန်းထားများနှင့် စပ်လျဉ်း၍ ပြောင်းလဲလာသော အခြေအနေအရပ်ရပ်တို့နှင့် အညီ နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်စိစစ်ပြီး သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေမှာ လိုက်လျောညီထွေမှုမရှိပါက ပြန်လည်သုံးသပ်၍ ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်သင့်သည့် နှုန်းထားများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီနှင့် ညှိနှိုင်း၍ အမျိုးသားကော်မတီသို့ အကြံပြုတင်ပြနိုင်သည်။

အခန်း(၈)

အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်း

၃၀။ အမျိုးသားကော်မတီသည် -
(က) အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် အခြေခံသင့်သည့်အချက်များနှင့် စပ်လျဉ်း၍ အစီအစဉ်များချမှတ်ပြီး အမျိုးသားအဆင့် မူဝါဒများမှ ချမှတ်ခြင်း၊ သုတေသနပြုလုပ်စေခြင်း၊ စာရင်းစစ်တမ်းများကောက်ယူ၍ စိစစ်တွက်ချက်စေခြင်းတို့ ပြုရမည်။
(ခ) လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးနှင့်လူမှုရေး အခြေအနေပေါ်မူတည်၍ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် သုတေသနပြုလုပ်ချက်နှင့် စစ်တမ်းများကို လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုချက်များ တင်ပြရေးနှင့် စပ်လျဉ်း၍ ချမှတ်ထားသော အမျိုးသားအဆင့်မူဝါဒများနှင့်အညီ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများအား လမ်းညွှန်းရမည်။
၃၁။ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီများသည် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများ၏ အကြံပြုချက်များအပေါ် အောက်ပါအချက်များကို အဓိကထည့်သွင်းစဉ်စားရမည်-
(က) ဒေသအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ရှိမှုတို့ကို ခွဲခြားစိစစ်ရရှိချက်များ၊
(ခ) အနည်းဆုံးအခကြေးငွေနှင့် စပ်လျဉ်း၍ တင်ပြလာသည့် အခတ်အခဲပြဿနာများနှင့် တိုင်ကြားချက်များ။

၃၂။ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ုထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အလုပ်သမားအနည်းဆုံးအခကြေးငွေ စိစစ်ရေးလုပ်ငန်းကော်မတီသည် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများကတင်ပြသော အကြံပြုချက်များတွင် ပါရှိသည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အခြေခံရမည့် အချက်များကို သုတေသနပြုလုပ်ချက်များနှင့် စစ်တမ်းများဖြင့် နှိုင်းယှဉ် စိစစ်တွက်ချက်ပြီးလုပ်ငန်းအလိုက်၊ ဒေသအလိုက် သတ်မှတ်သင့်သော အနည်းဆုံးအခကြေးငွေနှုန်းထားများအား အမျိုးသားကော်မတီသို့ သဘောထားမှတ်ချက်များတင်ပြရမည်။

၃၃။ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း အလုပ်သမား အနည်းဆုံးအခကြေး စိစစ်ရေးလုပ်ငန်းကော်မတီသည် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများက တင်ပြသော အကြံပြုချက်များတွင်ပါရှိသည့် စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးလုပ်ငန်း အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အခြေခံရမည့် အချက်များကို သုတေသနပြုလုပ်ချက်များနှင့် စစ်တမ်းများဖြင့် နှိုင်းယှဉ်စိစစ်တွက်ချက်ပြီး လုပ်ငန်းအလိုက်၊ ဒေသအလိုက်သတ်မှတ်သင့်သော အနည်းဆုံးအခကြေးငွေနှုန်းထားများအား အမျိုးကော်မတီသို့ သဘောထားမှတ်ချက်များ တင်ပြရမည်။

၃၄။ အမျိုးသားကော်မတီသည်-
(က) အနည်းဆုံးအခကြေးငွေကို နိုင်ငံတစ်ဝန်လုံးအတွက် သော်လည်းကောင်း၊ ပြည်‌ထောင်စုနယ်မြေ့အတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက်သော်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အမျိုးအစားအလိုက် သော်လည်းကောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကိစ္စနှင့်စပ်လျဉ်း၍ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီက သက်ဆိုင်ရာတိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီနှင့် ညှိနှိုင်း၍ တင်ပြလာသည့် အကြံပြုချက်များ၊ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီများ၏ အကြံပြုချက်များနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီ၏ သဘောထားမှတ်ချက်များကို လေ့လာစိစစ်ပြီး သတ်မှတ်သင့်သည့် အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားများကို အများပြည်သူသိရှိစေရန်နှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ရန် အနည်းဆုံး ရက်ပေါင်း(၆၀) ကြိုတင်၍ ထုတ်ပြန်ကြေငြာရမည်။
(ခ) နည်းဥပဒေခွဲ (က)အရ ထုတ်ပြန်ကြေငြာရာတွင် နိုင်ငံတော် ပြန်တမ်းနှင့် သတင်းစာတို့တွင် ထည့်သွင်းကြေညာရန်အတွက် သော်လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများ, အလုပ်ရှင်နှင့် အလုပ်သမားများသိရှိနိုင်ရန် သတ်မှတ်ချက်များနှင့်အညီ အသိပေးခြင်းနှင့် ထုတ်ပြန်ကြေညာခြင်းတို့ ပြုရန်အတွက် သော်လည်းကောင်း ဦးစီးဌာနအား တာဝန်ပေးရမည်။
၃၅။ ဦးစီးဌာနသည်-
(က) အမျိုးသားကော်မတီ၏ တာဝန်ပေးအပ်ချက်အရ သတ်မှတ်သော အဆိုပြုအနည်းဆုံး အခကြေးငွေနှုန်းထားများကို အများပြည်သူသိရှိစေရန်နှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ရန် အနည်းဆုံးရက်ပေါင်း (၆၀)ကြိုတင်၍ ထုတ်ပြန်ပြီး နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစာတို့တွင် ထည့်သွင်းကြေညာရမည်။
(ခ) နည်း‌ဥပဒေခွဲ (က)အရ ကြေညာရမည့်အပြင် သက်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အဖွဲ့အစည်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဖွဲ့အစည်းများ အလုပ်ရှင်နှင့် အလုပ်သမားများ သိရှိနိုင်ရန် ဆောင်ရွက်ရမည်။ ထို့အပြင် အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားများကို အလုပ်သမားများသိရှိနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် အသိပေးပြောကြားစေခြင်း၊ ကြေညာခြင်း သို့မဟုတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်ရန် သက်ဆိုင်ရာအလုပ်ရှင်များအား ညွှန်ကြားရမည်။
၃၆။ အမျိုးသားကော်မတီသည်-
(က) အများပြည်သူ သိရှိရန် ကြေညာပြီးနောက် ရက်ပေါင်း (၆၀)ပြည့်မြောက်သည့်အခါ ကန့်ကွက်ချက်မရှိလျှင် သက်ဆိုင်ရာအနည်းဆုံးအခကြေးငွေနှုန်းထားကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ရမည်။
(ခ) နည်းဥပဒေခွဲ (က)အရ သတ်မှတ်သည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို အများပြည်သူသိရှိနိုင်ရန် အမိန့်ကြော်ငြာစာကို နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစာတို့တွင် ထည့်သွင်းကြေညာရေးတို့အတွက် ဦးစီးဌာနကို တာဝန်ပေးရမည်။

၃၇။ နည်း‌ဥပဒေ ၃၆ အရ အများပြည်သူသိရှိရန် ကြေညာသည့် အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသူ သို့မဟုတ် ကန့်ကွက်လိုသည့်အဖွဲ့အစည်း သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုလိုသူ သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုလိုသည့် အဖွဲ့အစည်းသည် ပူးတွဲပါပုံစံအတိုင်း ဖြည့်စွက်၍ ရက်သတ္တနှစ်ပတ်အတွင်း ပြည်ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသို့ တင်ပြရမည့်အပြင် မိတ္တူကို အမျိုးသားကော်မတီနှင့် ဦးစီးဌာနသို့ ပေးပို့ရမည်။

၃၈။ ပြည်ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာတိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသည် နည်း‌ဥပဒေ ၃၇ အရ တင်ပြသော အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးရန် လို၊ မလို ဆုံးဖြတ်နိုင်သည်။ ကွင်းဆင်းစစ်ဆေးရန် လိုအပ်ပါက-
(က) နည်းဥပဒေ ၃၇ အရ ကန့်ကွက်ခြင်း သို့မဟုတ် ပြင်ဆင်ရန် အဆိုပြသူအား ကွက်းဆင်းစစ်ဆေးမည့် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို သတ်မှတ်ပေးပြီး လိုအပ်သော အချက်အလက်များ ကောက်ယူရမည်။
(ခ) နည်းဥပဒေခွဲ (က)အရ ရရှိသော အချက်အလက်များနှင့် အထောက်အထားများကို မှတ်တမ်းပြုစု ထားရှိရမည်။
(ဂ) အဆိုပါ အချက်အလက်များကို ကန့်ကွက်သည့်နေ့ သို့မဟုတ် ပြင်ဆင်ရန်အဆိုပြုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပြီးစီးအောင်ပြုလုပ်ရမည်။
(ဃ) ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ရာတွင် ကန့်ကွက်သူ သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုသူသည် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ လိုက်ပါဆောင်ရွက်ခွင့်ပြုနိုင်သည်။

၃၉။ ပြည်ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာတိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသည် အဆိုပြုအနည်းဆုံးအခကြေးငွေနှုန်းထားနှင့် စပ်လျဉ်း၍ နည်းဥပေဒ ၃၇ အရ တင်ပြသည့် ကန့်ကွက်ချက် သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုချက်များနှင့် နည်းဥပဒေ ၃၈ အရ ကွင်းဆင်းစစ်ဆေးချက်များကို လေ့လာစိစစ်ပြီး အဆိုပြုနှုန်းထားကို အမှုတွဲနှင့် သက်သေခံ အထောက်အထား စာရွက်စာတမ်းများပူးတွဲ၍ အမျိုးသားကော်မတီသို့ တင်ပြရမည်။

၄၀။ အမျိုးသားကော်မတီသည်-
(က) အများပြည်သူသိရှိရန် ကြေညာပြီးနောက် ရက်ပေါင်း (၆၀)အတွင်း ကန့်ကွက်ချက် သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုချက်ရှိသည့်ကိစ္စတွင် ကန့်ကွက်သူ သို့မဟုတ် ကန့်ကွက်သည့် အဖွဲ့အစည်း သို့မဟုတ် ပြင်ဆင်ရန်အဆိုပြုသူ သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုသည့်အဖွဲ့အစည်း၏ တင်ပြချက်ကို သော်လည်းကောင်း၊ နည်းဥပဒေ ၃၉ အရ ပြည်‌ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာတိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီက တင်ပြသည့်အမှုတွဲနှင့် သက်သေခံအထောက်အထား စာရွက်စာတမ်းများ၊ စုံစမ်းမေးမြန်းချက်များ၊ စစ်ဆေးချက်များနှင့် အဆိုပြုနှုန်းထားများကို သော်လည်းကောင်း သုံးပွင့်ဆိုင်ကိုယ်စားလှယ်များဖြင့် လေ့လာစိစစ်ပြီး သက်ဆိုင်ရာ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေနှုန်းထားကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ရမည်။
(ခ) နည်းဥပဒေခွဲ (က)အရ သတ်မှတ်သည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို အများပြည်သူ သိရှိနိုင်ရန် အမိန့်ကြော်ငြာစာကို နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစာတို့တွင် ထည့်သွင်းကြေညာရေးတို့အတွက် ဦးစီးဌာနကို တာဝန်ပေးရမည်။
၄၁။ အမျိုးသားကော်မတီသည်-
(က) သတ်မှတ်ထားသော အနည်းဆုံးအခကြေငွေတို့နှင့် စပ်လျဉ်း၍ ပြောင်းလဲလာသော အခြေအနေများအရ အထူးစီးပွားရေးဇုန်များရှိ အလုပ်သမားများအတွက် သက်ဆိုင်ရာ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ သက်ဆိုင်ရာတိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီနှင့် ညှိနှိုင်း၍ တင်ပြလာသည့် အကြံပြုချက်များကိုသော်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီတို့၏ ပြန်လည်သုံးသပ်အကြံပြုချက်များကို သော်လည်းကောင်း၊ သက်ဆိုင်ရာလုပ်ငန်းဌာန၊ အဖွဲ့အစည်းများ၏ အကြံပြုချက်များကို သော်လည်းကောင်း၊ ယင်းအကြံပြုချက်များအပေါ် လုပ်ငန်းကော်မတီများ၏ သဘောထားမှတ်ချက်များကို သော်လည်းကောင်း ထည့်သွင်းစဉ်စားပြီး သတ်မှတ်ထားသော အနည်းဆုံးအခ‌ကြေးငွေနှုန်းထားကို နှစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အခါအားလျော်စွာ ပြင်ဆင်ခြင်း၊ ဆက်လက်အတည်ပြုခြင်းကို ပြုနိုင်သည်။
(ခ) နည်းဥပဒေခွဲ(က)အရ အခါအားလျော်စွာ ပြင်ဆင်သော၊ ဆက်လက်အတည်ပြုထားသော အနည်းဆုံးအခကြေးငွေနှုန်းထားအား အများပြည်သူသိရှိနိုင်ရန် အမိန့်ကြော်ငြာစာကို နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစာတို့တွင် ထုတ်ပြန်ကြေညာရေးအတွက် ဦးစီးဌာနကို တာဝန်ပေးရမည်။
(ဂ) အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းနှင့် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ခြင်းတို့ပြုရာတွင် နိုင်ငံခြားသားနှင့် ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်းများတွင် သော်လည်းကောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် သော်လည်းကောင်း လုပ်ကိုင်သည့် နိုင်ငံတော်အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေသည် ကျွမ်းကျင်မှုအလိုက် နိင်ငံခြားသား အလုပ်သမားများ နည်းတူခံစားခွင့်ရှိစေရမည်။
(ဃ) အမိန့်ကြော်ငြာစာထုတ်ပြန်၍ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ လုပ်ခ၊ လစာသို့မဟုတ် အခကြေးငွေနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်နှင့် စပ်လျဉ်း၍ဖြစ်စေ အလုပ်သမားအား ပေးထားသော အခွင့်အရေး တစ်ရပ်ရပ်ကို ထိခိုက်ခြင်းမရှိစေရ။
၄၂။ ဦးစီးဌာနသည် ဤနည်းဥပဒေများအရ ထုတ်ပြန်သော အနည်းဆုံးအခကြေးငွေအမိန့်ကြော်ငြာစာများကို-
(က) အများပြည်သူသိရှိနိုင်ရန် နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစားတို့တွင် ထည့်သွင်းကြေညာရမည့်အပြင် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီနှင့် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီများသို့ ပေးပို့အကြောင်းကြားရမည်။
(ခ) ကူးသန်း‌ရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အလုပ်သမားများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အလုပ်သမားများ သိရှိနိင်ရေးအတွက် နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ခ)နှင့် အညီ ဆောင်ရွက်စေရန် သက်ဆိုင်ရာကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအဖွဲ့အစည်းများ၏ အလုပ်ရှင်များသို့ ပေးပို့အကြောင်းကြားရမည်။

အခန်း(၉)

အလုပ်ရှင်၏အခွင့်အရေးနှင့် တာဝန်များ

၄၃။ အလုပ်ရှင်သည်-
(က) မိမိလုပ်ငန်း၏ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်မြင့်မားစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ ကျွမ်းကျင်မှုအလိုက် လုပ်ခလစာတိုးမြှင့်ပေးရမည်။
(ခ) အလုပ်သမားများ၏စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို ဥပဒေပုဒ်မ ၁၃(ခ)အရ ပြုစုရာတွင် ၁၉၅၁ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် အက်ဥပဒေတို့နှင့်အညီ ‌‌ဆောင်ရွက်ရမည်။
(ဂ) အလုပ်သမားများ မကျန်းမာခြင်း၊ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ခြင်းများကြောင့် အလုပ်မလုပ်ကိုင်နိင်သည့်အခါ-
(၁) ကျန်းမာ‌ရေးနှင့် လူမှုရေးစောင့်ရှောက်မှုရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းထားသော အာမခံထားသူဖြစ်လျှင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အရ သော်လည်းကောင်း၊
(၂) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အကျုံးမဝင်သော အလုပ်သမားဖြစ်လျှင် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရသော်လည်းကောင်း ဆောင်ရွက်ပေးရမည်။
(ဃ) အလုပ်သမားများ၏ မိသားစု သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ ၎င်းအလုပ်သမား ရထိုက်သောအခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပ‌ဒေအရ ဆောင်ရွက်ပေးရမည်။
(င) ဤဥပဒေအရအမျိုးသားကော်မတီက အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းမပြုမှီ အလုပ်သမားရရှိနေသော အခကြေးငွေသည် သတ်မှတ်ချက်အောက်လျော့နည်းနေပါက သတ်မှတ်ချက်ပြည့်မီသည်အထိ ပေးရမည်။
(စ) အချိန်ပိုင်း၊ နာရီပိုင်းအလုပ်တွင် အလုပ်လုပ်သည့် အလုပ်သမားအား အလုပ်လုပ်သည့် အချိန်အတွက် သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေကိုပေးရမည်။
(ဆ) လစားအလုပ်သမားအတွက် ရက်သတ္တပတ်လျှင် တစ်ရက်နားခွင့်ပေးရမည်။ ယင်းနားရက်တွင် အလုပ်လုပ်ရပါက တည်ဆဲဥပဒေနှင့်အညီ အချိန်ပိုလုပ်ခပေးရမည်။
(ဇ) သတ်မှတ်ထားသော အလုပ်ချိန်ထက်လျော့၍လုပ်ရပါက ထိုသို့အလုပ်လုပ်ခြင်းမှာ အလုပ်သမား၏ ဆန္ဒအရမဟုတ်လျှင် သော်လည်းကောင်း အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရလျှင် သော်လည်းကောင်း၊ အချိန်ပြည့်အလုပ်လုပ်ဘိသကဲ့သို့ အခကြေးငွေပေးရမည်။
(ဈ) သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေကို အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ ပေးရမည်။
(ည) အနည်းဆုံးအခကြေးငွေကို ငွေသားဖြင့်ပေးရန် တာဝန်ရှိသော်လည်း သီးခြားအကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များကို သတ်မှတ်ချက်များနှင့်အညီ အလုပ်သမားများ၏ ဆန္ဒအရဖြစ်စေ၊ အလုပ်သမားအများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်းသဘောတူညီချက်ဖြင့်ဖြစ်စေ၊ ငွေသားဖြင့်သော်လည်းကောင်း၊ ငွေသားတစ်ချို့တစ်ဝက်နှင့် ‌ဒေသပေါက်စျေးနှုန်းဖြင့် သော်လည်းကောင်း၊ ဒေသဓလေ့ထုံးတမ်းအရသောာ်လည်းကောင်း ပေးနိုင်သည်။
(ဋ) အလုပ်သမားများနှင့် ညှိနှိုင်း၍ ဥပဒေနှင့်အညီ အချိန်ပိုခိုင်းစေခြင်း ပြုနိုင်သည်။
(ဌ) စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအလိုက် သတ်မှတ်ထားသည့် ကျွမ်းကျင်မှုပုံစံ သို့မဟုတ် ထုတ်လုပ်မှုစံနှုန်း ပြည့်မီအောင် လုပ်ဆောင်နိုင်စွမ်း မရှိသေးသည့် အလုပ်သမားအား အစမ်းခန့်ကာလ မတိုင်မီကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်ပေးရန် လိုအပ်လျှင် ဤဥပဒေအရ သက်ဆိုင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသည် သုံးလအချိန်ကာလအတွင်း အနည်းဆုံးအခကြေးငွေ၏ ၅၀% ထက်မနည်းသော လုပ်ခ၊ လစာကိုပေးရမည်။ အစမ်းခန့်ကာလသုံးလအတွင်း အနည်းဆုံးအခကြေးငွေ၏ ၇၅%ပေးရမည်။

အခန်း(၁၀)

အလုပ်သမားများ၏တာဝန်နှင့်အခွင့်အရေးများ

၄၄။ အလုပ်သမားများသည်-
(က) မိမိတို့ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အဆင့်နှင့်အညီ ကုန်ထုတ်စွမ်းအား ပြည့်မီစေရန်ဆောင်ရွက်ရမည်။
(ခ) အလုပ်ရှင်စေလွှတ်သည့် ကျွမ်းကျင်မှုသင်တန်းတက်ရောက်ရပါက သင်တန်းတက်ရောက်ပြီး‌‌နောက် မိမိကျွမ်းကျင်မှုအဆင့်နှင့်လျော်ညီစွာ ဆက်လက်ထမ်းဆောင်ရန် တာဝန်ရှိသည်။
(ဂ) မကျန်းမာခြင်း၊ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ခြင်းများကြောင့် အလုပ်မလုပ်နိင်သည့် အခါ-
(၁) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းထားသော အာမခံထားသူဖြစ်လျှင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ ကျန်းမာရေးနှင့် လူမှု‌ရေးစောင့်ရှောက်မှု အာမခံစနစ်အရသော်လည်းကောင်း၊
(၂) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အကျုံးမဝင်သော အလုပ်သမားဖြစ်လျှင် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ သော်လည်းကောင်း ခံစားခွင့်ရှိသည်။
(ဃ) မိသားစု သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ အနည်းဆုံးအခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပ‌ဒေအရ ခံစားခွင့်ရှိသည်။
(င) လစား၊ နေ့စား၊ ပုတ်ပြတ်အလုပ်သမားများသည် ခွင့်ပြုပြီးသည့်ခွင့်ရက်နှင့်အများပြည်သူဆိုင်ရာ အလုပ်ပိတ်ရက်များကို ခံစားခွင့်ရှိသည်။
(စ) အလုပ်တွင် ကျွမ်းကျင်ပြီး လုပ်ရည်ကိုင်ရည်ရှိသော အလုပ်သမားအားပေးထားသည့် အခကြေးငွေသည် အနည်းဆုံးအခကြေးငွေထက် ပိုမိုပါက ထိုအခကြေးငွေသည် ဆက်လက်အတည်ဖြစ်စေရမည်။
(ဆ) အလုပ်ခန့်ထားမှုဆိုင်ရာ သ‌ဘောတူစာချုပ်အရဖြစ်စေ၊ အခြားပဋိညာဉ်စာချုပ်တစ်ရပ်ရပ်အရဖြစ်စေ သဘောတူလက်ခံသည့် အခကြေးငွေသည် အနည်းဆုံး အခကြေးငွေထက် လျော့နည်းလျှင် ထိုအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် သို့မဟုတ် ပဋိညာဉ်စာချုပ်ပါ အခကြေးငွေ သတ်မှတ်ချက်သည် ပျက်ပြယ်စေရမည်။

အခန်း(၁၁)

အထွေထွေ

၄၅။ ဦးစီးဌာနသည်-
(က) ဥပဒေပုဒ်မ ၁၉ အရ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီက အနည်းဆုံးအခကြေးငွေ ပေးဆောင်ရန်ဆုံးဖြတ်ပါက ထိုဆုံးဖြတ်ချက်အရ အလုပ်သမားက ရရန်ရှိသော အခကြေးငွေများကို ရက်ပေါင်း ၃၀ အတွင်းပေးသွင်းရန် အလုပ်ရှင်ထံမှ တောင်းခံရမည်။
(ခ) တောင်းခံသည့်အတိုင်း ရရန်ရှိသော အခကြေးငွေများကို အလုပ်ရှင်က ပေးသွင်းပါက ထိုငွေကို အလုပ်သမားအားပေးရမည်။

၄၆။ ဦးစီးဌာနသည် နည်းဥပဒေအရ ၄၅ အရတောင်းခံသော်လည်း သတ်မှတ်ပေးသော အချိန်အတွင်း အလုပ်ရှင်က အနည်းဆုံးအခကြေးငွေပေးရန် ပျက်ကွက်လျှင် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ၏ သဘောတူညီချက်ဖြင့် ထိုအလုပ်ရှင်အား သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုရန် စစ်ဆေးရေးအရာရှိ တစ်ဦးဦးအား တာဝန်ပေးရမည်။

၄၇။ စစ်ဆေးရေးအရာရှိသည် ဦးစီးဌာန၏ တာဝန်ပေးအပ်ချက်အရ အနည်းဆုံးအခကြေးငွေပေးသွင်းရန်ပျက်ကွက်သော အလုပ်ရှင်အပေါ် သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုနိုင်သည်။ ဥပ‌ဒေပုဒ်မ ၁၆ အရ အလုပ်သမားသည် ခံစားခွင့်ရှိသော အခကြေးငွေနှင့် အခြားခံစားခွင့်အပြည့်အဝမရရှိပါက ထိုအခကြေးငွေနှင့် ခံစားခွင့်များအတွက် တရားမကြောင်းအရ တရားစွဲဆိုတောင်းခံခွင့်ကို ထိခိုက်ခြင်း မရှိစေရ။

၄၈။ နည်းဥပဒေ ၄၅၊ ၄၆၊ ၄၇ ပါ ကိစ္စနှင့် စပ်လျဉ်း၍ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် အမျိုးသားကော်မတီ၏ လမ်းညွှန်မှုအား လိုက်နာရမည်။

ဦးမောင်မြင့်
ပြည်ထောင်စုဝန်ကြီး
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန