၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ
(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇။)
၁၃၇၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက်
(၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
| ၁။ | ဤဥပဒေကို ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေဟု ခေါ်တွင်စေရမည်။ | ||
| ၂။ | ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်- | ||
| (က) | အခကြေးငွေ ဆိုသည်မှာ အလုပ်ရှင်၏ နာရီပိုင်းအလုပ်၊ အပတ်စဉ်အလုပ်၊ လစဉ်အလုပ် သို့မဟုတ် အခြားအချိန်ပိုင်း အလုပ်တစ်ခုခုကို အလုပ်သမားက လုပ်ကိုင်ဆောင်ရွက်ပေးရသဖြင့် ရသင့်သော အခကြေးငွေနှင့် လုပ်ခလစာတိုကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခသည်လည်းကောင်း၊ အလုပ်သမား၏ စွမ်းဆောင်ရည် ကောင်းမွန်သဖြင့် သို့မဟုတ် အကျင့်စာရိတ္တ ကောင်းမွန်သဖြင့် အလုပ်ရှင်က အပိုပေးသည့် ဆုကြေးငွေများသည်လည်းကောင်း၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားငွေနှင့် အကျိုးခံစားခွင့်များသည်လည်းကောင်း ပါဝင်သည်။ သို့ရာတွင် အောက်ပါတို့ မပါဝင် - | ||
| (၁) | ခရီးစရိတ် သို့မဟုတ် ခရီးသွားလာမှုအတွက် အထူးထောက်ပံ့စရိတ်များ၊ | ||
| (၂) | လုပ်ငန်းသဘာဝအရ နှစ်ဖက်ကြိုတင်ညှိနှိူင်းထား၍ ခေတ္တစိုက်ထုတ် ကျခံသုံးစွဲငွေများ၊ | ||
| (၃) | လူမှုဖူလုံရေးအကျိုးခံစားခွင့်ငွေကြေးများ၊ | ||
| (၄) | တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အလုပ်သမားအတွက် ပေးသွင်းသည့် ထည့်ဝင်ကြေးများ၊ | ||
| (၅) | နေထိုင်ခနှင့် စားသောက်စရိတ်များ၊ လျှပ်စစ်ဓာတ်အားခ၊ ရေဖိုးနှင့် အခွန်အခများ၊ | ||
| (၆) | ဆေးကုသစရိတ်နှင့် အပန်းဖြေခများ၊ | ||
| (၇) | အလုပ်ထုတ်နစ်နာကြေးနှင့် ကရုဏာကြေးများ၊ | ||
| (၈) | ပင်စင်လစာနှင့် အငြိမ်းစား လုပ်သက်ဆုငွေ၊ | ||
| (၉) | ဝန်ကြီးဌာနက ဤဥပဒေပါ အခကြေးငွေနှင့် မသက်ဆိုင်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော အခြားငွေကြေးများ။ | ||
| (ခ) | အလုပ်ရှင် ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုတွင် အနည်းဆုံး တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အလုပ်သမားများအား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ဖြင့်ဖြစ်စေ၊ နှုတ်ကတိဖြင့်ဖြစ်စေ အလုပ်လုပ်ခိုင်းပြီး ထိုအလုပ်သမားအား အခကြေးငွေပေးရန် တာဝန်ရှိသူကိုဆိုသည်။ ယင်းစကားရပ်တွင် ကန်ထရိုက်တာသည် လည်းကောင်း၊ အလုပ်ရှင်၏ တရားဝင်စီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စား အလုပ်သမားအား စီမံအုပ်ချုပ်ရန် တာဝန်ရှိသူ၊ အလုပ်ရှင်သေဆုံးပါက ယင်း၏ အမွေဆက်ခံသူနှင့် တရားဝင်ကိုယ်စားလှယ်တို့သည်လည်းကောင်း ပါဝင်သည်။ သို့ရာတွင် ယင်းစကားရပ်၌ အလုပ်သမားခေါင်းမပါဝင်။ | ||
| (ဂ) | အလုပ်သမား ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း တစ်ခုခုတွင် အနည်းဆုံးတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အလုပ်သမားများအား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ဖြင့် ဖြစ်စေ၊ နှုတ်ကတိဖြင့်ဖြစ်စေ ကာယဉာဏအားကို အသုံးပြုပြီး အမြဲတမ်းအလုပ်၊ ယာယီအလုပ် သို့မဟုတ် ပုတ်ပြတ်အလုပ်ကို လုပ်ကိုင်၍ ရရှိသော အခကြေးငွေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူကို ဆိုသည်။ ယင်းစကားရပ်တွင် အခကြေးငွေရရှိသော အလုပ်သင်များနှင့် ပညာသင်များ၊ စာရေးနှင့် ရုံးဝန်ထမ်းများ၊ လုပ်ငန်းခွင်ပြင်ပအလုပ်သမားများ၊ အိမ်အကူနှင့် အိမ်ယာဉ်မောင်းများ၊ လုံခြုံရေး ဝန်ထမ်းများ၊ သန့်ရှင်းရေး၊ မွမ်းမံပြင်ဆင်ရေး အလုပ်သမား၊ ထမင်းချက်၊ စာပို့သူ၊ ဉယျာဉ်လုပ်သားနှင့် အထွေထွေလုပ်သားတို့ ပါဝင်သည်။ | ||
| (ဃ) | ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနကို ဆိုသည်။ | ||
| (င) | ဦးစီးဌာန ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကိုဆိုသည်။ | ||
| (စ) | စစ်ဆေးရေးအရာရှိချုပ် ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။ | ||
| (ဆ) | စစ်ဆေးရေးအရာရှိ ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ တစ်ဦးဦးကို ဆိုသည်။ | ||
အခန်း (၂)
အခကြေးငွေပေးရမည့် နည်းလမ်းများနှင့် အချိန်ကာ
| ၃။ | အလုပ်ရှင်သည်- | ||
| (က) | မိမိ၏ လုပ်ငန်းတွင် လုပ်ကိုင်နေသော အလုပ်သမားများ၏ အခကြေးငွေကို ပြည်တွင်းသုံးငွေဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုသည့်နိုင်ငံခြားသုံး ငွေဖြင့် ဖြစ်စေ ပေးချေရမည်။ ထိုသို့ ပေးချေရာတွင် အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် သဘောတူညီမှုဖြင့် ငွေသားဖြင့် ဖြစ်စေ၊ ချက်လက်မှတ်ဖြင့်ဖြစ်စေ၊ အလုပ်သမား၏ ဘဏ်စာရင်းသို့ဖြစ်စေ ပေးချေနိုင်သည်။ | ||
| (ခ) | အခကြေးငွေပေးချေရာတွင်- | ||
| (၁) | ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသောအလုပ်သမားများအား သီးခြားအကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးချေရန်ရှိပါက သတ်မှတ်ချက်များနှင့် အညီ ငွေသားဖြင့် ဖြစ်စေ၊ အလုပ်သမား၏ ဆန္ဒအရ ငွေသားတစ်ချို့တစ်ဝက်နှင့် ဒေသပေါက်စျေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်းတစ်ချို့တစ်ဝက် တွဲဖက်၍ဖြစ်စေ ပေးချေနိုင်သည်။ | ||
| (၂) | စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမားများအား ဒေသဓလေ့ထုံးထမ်းအရဖြစ်စေ၊ အလုပ်သမားအများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်းသဘောတူညီချက်အရဖြစ်စေ ငွေသားတစ်ချို့တစ်ဝက်နှင့် ဒေသပေါက်စျေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်းတစ်ချို့ တစ်ဝက်တွဲဖက်၍ ပေးချေနိုင်သည်။ ထိုသို့ပေးချေခြင်းသည် အလုပ်သမားနှင့် ယင်းမိသားစု ကိုယ်ရေးကိုယ်တာ အသုံးပြုမှုနှင့် အကျိုးအမြတ်တစ်စုံတစ်ရာအတွက် ဖြစ်ရမည့်အပြင် ပေးချေသည့် တန်ဖိုးမှာလည်း ကျိုးကြောင်းဆီလျော်ပြီး မျှတရမည်။ | ||
| (ဂ) | အလုပ်သမားတစ်ဦးဦးက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရသည့်အခါ ထိုအလုပ်သမားအား အထူးခွင့်အဖြစ် သတ်မှတ်ပြီး ရက်ပေါင်း (၆၀) အတွက် အခကြေးငွေထုတ်ပေးရမည်။ | ||
| ၄။ | အလုပ်ရှင်သည်- | ||
| (က) | နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ် သို့မဟုတ် အခြားအချိန်ပိုင်း အလုပ်တစ်ခုခုအတွက်သော်လည်းကောင်း၊ ယာယီအလုပ် သို့မဟုတ် ပုတ်ပြတ်အလုပ်တစ်ခုအတွက် သော်လည်းကောင်း အလုပ်ပြီးဆုံးသည့်အခါ ဖြစ်စေ၊ အလုပ်သမားနှင့် သဘောတူညီသည့် အချိန်ကာလတွင်ဖြစ်စေ အခကြေးငွေပေးချေရမည်။ | ||
| (ခ) | ပုဒ်မခွဲ (က)အရ အခကြေးငွေပေးချေရန် အလုပ်သမားနှင့် သဘောတူညီသည့် အချိန်ကာလအပိုင်းအခြားသည် တစ်လထက် မကျော်စေရ။ | ||
| (ဂ) | အမြဲတမ်းအလုပ်အတွက် အခကြေးငွေကို လစဉ်ပေးချေရမည်။ ထိုသို့ ပေးချေရာတွင် - | ||
| (၁) | အလုပ်သမားဦးရေ ၁၀၀ ထက်မပိုပါက အခကြေးငွေပေးရန် ကာလအပိုင်းအခြားကုန်ဆုံးသည့်နေ့တွင် ပေးချေရမည်။ | ||
| (၂) | အလုပ်သမားဦးရေ ၁၀၀ ထက်ပိုပါက အခကြေးငွေပေးချေရန် ကာလအပိုင်းအခြားကုန်ဆုံးပြီးနောက် နောက်အကျဆုံး ငါးရက်အတွင်း ပေးချေရမည်။ | ||
| (ဃ) | အလုပ်သမားအား အလုပ်ရပ်စဲသည့်အခါ ပေးထိုက်သည့် အခကြေးငွေကို အလုပ်မှ ရပ်စဲခြင်းခံရသည့်နေ့မှ အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း ပေးချေရမည်။ | ||
| (င) | အလုပ်သမားက အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားစာ ပေးပို့၍ မိမိဆန္ဒအရ အလုပ်မှနုတ်ထွက်ပါက အခကြေးငွေ ပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့်နေ့တွင် ပေးချေရမည်။ | ||
| (စ) | အလုပ်သမားသေဆုံးသည့်အခါ ထိုအလုပ်သမားအား ပေးထိုက်သည့် အခကြေးငွေကို သေဆုံးပြီးနောက် အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း သေဆုံးသူ၏ တရားဝင်အမွေဆက်ခံသူထံသို့ ပေးချေရမည်။ | ||
| (ဆ) | အခကြေးငွေအားလုံးကို အလုပ်ဖွင့်သည့်နေရက်တွင် ပေးချေရမည်။ | ||
၅။ အလုပ်ရှင်သည် သဘာဝဘေးအန္တရာယ်အပါအဝင် မမျှော်လင့်သော ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်သဖြင့် ပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပေးချေရန် အခတ်အခဲရှိပါက အလုပ်သမားများ၏ သဘောတူညီချက်ဖြင့် အခကြေးငွေများကို မည်သည့်နေ့ရက်သို့ ပြောင်းလဲပေးချေမည်ဖြစ်ကြောင်း ကျိုးကြောင်းခိုင်လုံစွာဖြင့် ဦးစီးဌာနသို့ တင်ပြရမည်။
၆။ ဦးစီးဌာနသည် ပုဒ်မ ၅အရ တင်ပြချက်ကို စိစစ်ပြီးခွင့်ပြုသင့်ပါက ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် စည်းကမ်းချက်များ သတ်မှတ်ပြီး သင့်လျော်သော အချိန်ကာလအတွင်း ရွှေ့ဆိုင်းပေးချေရန် အလုပ်ရှင်အား ခွင့်ပြုနိုင်သည်။
အခန်း(၃)
အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်း
| ၇။ | အလုပ်ရှင်သည်- | |
| (က) | သက်ဆိုင်ရာဥပဒေအရ အခကြေးငွေ ခံစားခွင့်ရှိသည့် ခွင့်ရက်များနှင့် အများပြည်သူအလုပ်ပိတ်ရက်များမှအပ အလုပ်မဆင်းသည့် ကာလအတွက် အခကြေးငွေမှ နုတ်ယူဖြတ်တောက်နိုင်သည်။ | |
| (ခ) | အခကြေးငွေတွင် ပါဝင်ခြင်းမရှိသည့် အလုပ်ရှင်မှ စီစဉ်ပေးသည့် နေထိုင်ခနှင့် ပို့ကြိုယာဉ်စရိတ်၊ စားသောက်စရိတ်များ၊ လျှပ်စစ်ဓာတ်အားခ၊ ရေဖိုးနှင့် အလုပ်သမားက ပေးဆောင်ရမည့်ဝင်ငွေခွန်၊ မှားယွင်း၍ ပိုပေးမိသော အခကြေးငွေများကို နုတ်ယူဖြတ်တောက်နိုင်သည်။ | |
| (ဂ) | အလုပ်သမား၏ တောင်းဆိုချက်အရ ကြိုတင်ထုတ်ပေးငွေ၊ စိုက်ထုတ်ပေးငွေ၊ အလုပ်သမားအတွက် စုငွေ သို့မဟုတ် ဥပဒေအရ ထည့်ဝင်ကြေးငွေတစ်ရပ်ရပ်ကို အခကြေးငွေမှ နုတ်ယူဖြတ်တောက်နိုင်သည်။ | |
| (ဃ) | တရားရုံး သို့မဟုတ် ခုံသမာဓိကောင်စီ သို့မဟုတ် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်အရ အလုပ်သမား၏ အခကြေးငွေမှ နုတ်ယူဖြတ်တောက်နိုင်သည်။ | |
၈။ အလုပ်ရှင်သည် ပုဒ်မ ၇နှင့်ပုဒ်မ ၁၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်းမှ အပ မည်သည့် ကိစ္စအတွက်မျှ နုတ်ယူဖြတ်တောက်ခြင်းမပြုရ။
၉။ အလုပ်ရှင်သည် ပုဒ်မ ၇ အရအခကြေးငွေမှ နုတ်ယူဖြတ်တောက်ရာတွင် အလုပ်သမားက တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုအတွက် နုတ်ယူဖြတ်တောက်ငွေများမှအပ အခြားနုတ်ယူဖြတ်တောက်ငွေ စုစုပေါင်းသည် အလုပ်သမားရရှိသည့် အခကြေးငွေ၏ ၅၀ ရာခိုင်နှုန်းထက် မပိုစေရ။
| ၁၀။ | အလုပ်ရှင်သည် - | ||
| (က) | ပုဒ်မ ၁၁ အရ ပေးလျော်ရန် ဒဏ်ငွေအဖြစ် သတ်မှတ်ပြီး အခကြေးငွေမှ နုတ်ယူဖြစ်တောက်ခြင်းမပြုမီ မည်သည့်ကိစ္စအတွက် မည်သို့မည်မျှ ဖြတ်တောက်မည်ကို ဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်။ | ||
| (ခ) | ပုဒ်မခွဲ (က) ပါခွင့်ပြုချက်ကို သက်ဆိုင်ရာအလုပ်ရုံ၊ လုပ်ငန်းဌာန၌ အများမြင်သာသောနေရာများတွင် ကပ်ထားရမည်။ | ||
| (ဂ) | နုတ်ယူဖြတ်တောက်သည် ပေးလျော်ရန် ဒဏ်ငွေမှာ အလုပ်သမား၏ လုပ်ဆောင်မှု သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုကြောင့် ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှု တန်ဖိုးထက်မပိုစေရ။ | ||
| (ဃ) | ပုဒ်မ ၁၁ အရ အခကြေးငွေ နုတ်ယူဖြတ်တောက်ရာတွင် - | ||
| (၁) | အလုပ်သမားအား ထုချေဖြေရှင်းခွင့် တစ်စုံတစ်ရာမပေးဘဲ ထိုအခကြေးငွေမှ နုတ်ယူဖြတ်ထောက်ခြင်းမပြုရ။ | ||
| (၂) | အလုပ်သမား၏ လစဉ်အခကြေးငွေမှ တစ်လလျှင် ၅ ရာခိုင်နှုန်းထက်ပို၍ နုတ်ယူဖြတ်တောက်ခြင်းမပြုရ။ | ||
| (င) | အသက် ၁၆နှစ်အောက် အလုပ်သမားထံမှ ဒဏ်ငွေအဖြစ် လုံးဝနုတ်ယူ ဖြတ်တောက်ခြင်း မပြုရ။ | ||
| (စ) | ချမှတ်ထားသော ဒဏ်ငွေအား ပေးချေရမည့် ကာလသတ်မှတ်ချက်ကို အလုပ်ရှင်နှင့် အလုပ်သမား သဘောတူညီချက်နှင့်အညီ ဆောင်ရွက်နိုင်သည်။ | ||
| (ဆ) | ပစ္စည်းဆုံးရှုံးမှုအတွက် ဖြတ်တောက်ငွေကို ဥပဒေအရ ဖွဲ့စည်းထားသည့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဖြင့် ညှိနှိုင်းသဘောတူညီချက်အရ သတ်မှတ်အချိန်ကာလအတွင်း နုတ်ယူဖြတ်တောက်ရမည်။ | ||
| (ဇ) | အခကြေးငွေမှ နုတ်ယူဖြတ်တောက်သည့် ငွေများကို မှတ်တမ်းတွင် ရေးသွင်း၍ စနစ်တကျ ထိန်းသိမ်းထားရမည်။ | ||
| (ဈ) | အခကြေးငွေမှ နုတ်ယူဖြတ်တောက်သည့်ငွေနှင့် စပ်လျဉ်း၍ လစဉ်အစီရင်ခံစာကို ဦးစီးဌာနသို့ တင်ပြရမည်။ | ||
| (ည) | ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)အရ နုတ်ယူဖြတ်တောက်သည့် ဒဏ်ငွေများကို စက်ရုံရှိ တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမား အဖွဲ့အစည်းနှင့် ညှိနှိုင်း၍ အလုပ်သမားများအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ၌ အသုံးပြုရမည်။ | ||
| ၁၁။ | အလုပ်ရှင်သည် အလုပ်သမား၏ အောက်ဖော်ပြပါ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုအတွက် ပေးလျော်ရန် ဒဏ်ငွေအဖြစ် သတ်မှတ်ပြီး အခကြေးငွေမှ နုတ်ယူဖြတ်တောက်နိုင်သည် - | ||
| (က) | အလုပ်သမား၏ တမင်လျစ်လျူရှုမှု၊ ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မရိုးဖြောင့်သော သဘောဖြင့် ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်ဖြစ်စေ အလုပ်ရှင်က အလုပ်သမားအား ထိန်းသိမ်းစောင့်ရှောက်ရန် အတိအလင်း အပ်နှံထားသည့် တာဝန်ရှိသော ပစ္စည်းနှင့် ငွေကြေးတစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှုသည် ထိုအလုပ်သမား၏ ပေါ့ဆမှုနှင့် မှားယွင်းမှုကြောင့် တိုက်ရိုက်ပေါ်ပေါက်လာသည့် ပျက်စီးဆုံးရှုံးမှု၊ | ||
| (ခ) | အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ ဒဏ်ငွေသတ်မှတ်ထားသည့် အလုပ်ခွင် စည်းကမ်းချက်တစ်ရပ်ရပ်ကို အလုပ်သမားက ဖောက်ဖျက်မှု။ | ||
| ၁၂။ | အလုပ်သမားသည် - | ||
| (က) | အောက်ပါအခြေအနေများ ပေါ်ပေါက်လျှင် ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမားအဖွဲ့အစည်းကဖြစ်စေ၊ စက်ရုံတွင်း လုပ်ငန်းညှိနှိုင်းရေး ကော်မတီကဖြစ်စေ ဖြေရှင်းပေးရန် အလုပ်ရှင်သို့ တောင်းဆိုနိုင်သည် - | ||
| (၁) | ရရန်ရှိသည့် အခကြေးငွေထဲမှ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ဖြတ်တောက်ခံရခြင်း၊ | ||
| (၂) | အခကြေးငွေများကို ပေးချေရမည့် ကာလထက်ကျော်လွန်၍ ပေးချေရန် ပျက်ကွက်နေခြင်း။ | ||
| (ခ) | ပုဒ်မခွဲ (က)အရ တောင်းဆိုသော်လည်း အလုပ်ရှင်က ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက နုတ်ယူဖြတ်တောက်သည့်နေ့ သို့မဟုတ် ပေးချေရန် ပျက်ကွက်သည့်နေ့မှ ခြောက်လအတွင်း စစ်ဆေးရေးအရာရှိထံသို့ ဖြေရှင်းဆောင်ပေးရန် တင်ပြနိုင်သည်။ | ||
| ၁၃။ | (က) | စစ်ဆေးရေးအရာရှိသည် ပုဒ်မ၁၂၊ ပုဒ်မခွဲ (ခ)အရ တင်ပြချက်ကို စိစစ်၍ လိုအပ်ပါက သက်ဆိုင်ရာပုဂ္ဂိုလ်များအား စစ်ဆေးပြီး သင့်လျော်သည့် အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ | |
| (ခ) | အလုပ်ရှင် သို့မဟုတ် အလုပ်သမားသည် ပုဒ်မခွဲ (က)အရ ချမှတ်သည့် အမိန့်ကို ကျေနပ်မှုမရှိပါက စစ်ဆေးရေးအရာရှိချုပ်ထံ ရက်ပေါင်း ၃၀ အတွင်း အယူခံနိုင်သည်။ | ||
| (ဂ) | စစ်ဆေးရေးအရာရှိချုပ်သည် ပုဒ်မခွဲ (ခ)အရ အယူခံမှုကို စိစစ်၍ အလုပ်ရှင်နှင့် အလုပ်သမားတို့ကို ကြားနာပြီး သင့်လျော်သော အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ | ||
| (ဃ) | စစ်ဆေးရေးအရာရှိချုပ်က ချမှတ်သည့်အမိန့်သည် အပြီးအပြတ် ဖြစ်သည်။ | ||
အခန်း(၄)
အချိန်ပို အခကြေးငွေ
၁၄။ အလုပ်သမားသည် အချိန်ပို လုပ်ကိုင်ရပါက အချိန်ပိုအခကြေးငွေနှုန်းထားကို ဥပဒေအရ သတ်မှတ်သည့် နှုန်းထားအတိုင်း ခံစားခွင့်ရှိသည်။
အခန်း(၅)
စစ်ဆေးရေးအရာရှိချုပ်နှင့် စစ်ဆေးရေးအရာရှိ၏ တာဝန်များ
၁၅။ ဝန်ကြီးဌာနသည် ဤဥပဒေပါအခကြေးငွေပေးခြင်းနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော စစ်ဆေးမှုများနှင့် ကြီးကြပ်မှုများ ပြုလုပ်နိုင်ရန် အလို့ငှာ စစ်ဆေးရေးအရာရှိများကို လိုအပ်သလို ခန့်အပ်တာဝန်ပေးနိုင်သည်။
| ၁၆။ | စစ်ဆေးရေးအရာရှိချုပ်သည် - | |
| (က) | စစ်ဆေးရေးအရာရှိများအား နယ်မြေခွဲခြားသတ်မှတ်၍ လွှဲအပ်တာဝန်ပေးနိုင်သည်။ | |
| (ခ) | ဤဥပဒေပါ ပြစ်မှုကျူးလွန်သော အလုပ်ရှင်အား သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုစေရန် စစ်ဆေးရေးအရာရှိတစ်ဦးဦးကို လွှဲအပ်တာဝန်ပေးနိုင်သည်။ | |
| ၁၇။ | စစ်ဆေးရေးအရာရှိသည် - | |
| (က) | ဤဥပဒေပါ ကိစ္စရပ်များကို ဆောင်ရွက်ရန် အကျုံးဝင်သည့် မည်သည့်လုပ်ငန်းခွင်ကိုမဆို စစ်ဆေးရေးအရာရှိ သက်သေခံကတ်ပြားကို ပြသပြီး သင့်လျော်သည်ဟု ယူဆသော အချိန်တွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်သည်။ ညဉ့်အချိန် ထိုသို့ဝင်ရောက်ပါက သက်သေနှစ်ဦးနှင့်အတူ ဝင်ရောက်ရမည်။ | |
| (ခ) | ပုဒ်မခွဲ (က)အရ ဝင်ရောက်ကြည့်ရှုစစ်ဆေးရာတွင် အခကြေးငွေပေးချေမှု၊ အခကြေးငွေမှ နုတ်ယူဖြတ်တောက်မှုနှင့် စပ်လျဉ်းသည့် မှတ်ပုံတင်စာအုပ်၊ မှတ်တမ်းစာအုပ်၊ စာရင်းဇယား၊ စာရွက်စာတမ်းအထောက်အထားများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် လိုအပ်သည့် ပုဂ္ဂိုလ်များကို စစ်ဆေးမေးမြန်းခြင်း ပြုနိုင်သည်။ | |
| (ဂ) | အခကြေးငွေပေးချေမှုနှင့် စပ်လျဉ်း၍ လိုအပ်သည့် စာရင်းဇယားများ၊ စာရွက်စာတမ်း အထောက်အထားများကို မိတ္တူရယူခြင်းနှင့် လိုအပ်ပါက မူရင်းများကို သက်သေနှစ်ဦးနှင့်အတူ ရှာဖွေပုံစံဖြင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်း ပြုနိုင်သည်။ | |
အခန်း(၆)
တရားစွဲဆိုခြင်း
| ၁၉။ | (က) | စစ်ဆေးရေးအရာရှိသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ဖောက်ဖျက်သူအားစစ်ဆေးရေးအရာရှိချုပ်၏ ခွင့်ပြုမိန့်ဖြင့် သက်ဆိုင်ရာတရားရုံးတွင် ဤဥပဒေအရ တရားစွဲဆိုရမည်။ |
| (ခ) | ပုဒ်မခွဲ (က)အရ တရားစွဲဆိုခြင်းကြောင့် အလုပ်သမားက ရရန်ရှိသော အခကြေးငွေများ ရရှိရေးအတွက် တရားမအကြောင်းအရ တရားစွဲဆို တောင်းခံပိုင်ခွင့်ကို မထိခိုက်စေရ။ | |
| (ဂ) | အလုပ်သမားသည် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ)အရ စစ်ဆေးရေးအရာရှိထံသို့ ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြခြင်းမပြုဘဲ နုတ်ယူဖြတ်တောက်ငွေနှင့် နစ်နာကြေးငွေများကို ပေးချေရန် သက်ဆိုင်ရာတရားရုံးသို့ တရားမကြောင်းအရ တရားစွဲဆိုနိုင်သည်။ | |
| ၂၀။ | တရားရုံးသည် အခကြေးငွေပေးချေရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုမှာ အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဖြစ်သည်ဟု ဆုံးဖြတ်လျှင် အခကြေးငွေချေခြင်းကို ဆိုင်းငံ့ခွင့် သို့မဟုတ် ကင်းလွတ်ခွင့်ပြုနိုင်သည် - | |
| (က) | သဘာဝဘေးအန္တရာယ် အပါအဝင်မမျှော်လင့်သော အရေးပေါ်အခြေအနေ ပေါ်ပေါက်လာသဖြင့် အခကြေးငွေကို ပေးချေနိုင်မှုမရှိခြင်း၊ | |
| (ခ) | အလုပ်ရှင်သည် ကြွေးမြီ မပေးဆပ်နိုင်သည့် လူမွဲအဖြစ် ကြေညာခံထားရသူဖြစ်ခြင်း၊ | |
| (ဂ) | သက်ဆိုင်ရာအလုပ်သမားက ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ လာရောက်ထုတ်ယူရန် ပျက်ကွက်ခြင်း သို့မဟုတ် ပေးချေသည့် အခကြေးငွေကို လက်ခံရယူရန် ပျက်ကွက်ခြင်း။ | |
| ၂၁။ | ပြန်လည်တောင်းခံသော အခကြေးငွေ သို့မဟုတ် ဖြတ်တောက်ထားသည့် အခကြေးငွေများနှင့် စပ်လျဉ်း၍ အောက်ပါကိစ္စတစ်ရပ်ရပ်တွင် တရားစွဲဆိုခြင်းမပြုရ- | |
| (က) | စစ်ဆေးရေးအရာရှိထံသို့ လျှောက်ထားသည့် ကိစ္စ မပြီးပြတ်သေးခြင်း၊ | |
| (ခ) | တောင်းခံလျှောက်ထားသူအား ပြန်လည်ထုတ်ပေးရန် ညွှန်ကြားပြီးသည့် ငွေဖြစ်နေခြင်း၊ | |
| (ဂ) | တောင်းခံလျှောက်ထားသူအား ပေးရန်မလိုသောငွေဟု အတည်ပြုပြီးသော ငွေဖြစ်နေခြင်း။ | |
အခန်း(၇)
တားမြစ်ချက်များ
၂၂။ မည်သည့်အလုပ်ရှင်မျှ ပုဒ်မ ၄၊ ၅၊ ၈၊ ၉နှင့် ၁၁ တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း မပြုရ။
၂၃။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းမပြုရ။
အခန်း(၈)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၂၄။ မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၂၂ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏအနည်းဆုံး ကျပ် ၂၀ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အလုပ်သမားရရန်ရှိသည့် အခကြေးငွေကို အလုပ်သမားအား ပေးချေရန် အမိန့်ချမှတ်ရမည်။
၂၅။ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၂၄ အရ ပြစ်မှုစီရင်ခြင်းခံရပြီး ထိုပြစ်မှုကိုပင် ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ခြောက်လထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ် ၅၀သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အလုပ်သမားရရန်ရှိသည့် အခကြေးငွေကို အလုပ်သမားအား ပေးချေရန် အမိန့်ချမှတ်ရမည်။
၂၆။ မည်သူမဆို ပုဒ်မ ၂၃ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။
၂၇။ မည်သူမဆို အခကြေးငွေပေးချေခြင်း သို့မဟုတ် အခကြေးငွေမှ နုတ်ယူဖြတ်တောက်ခြင်းနှင့် စပ်လျဉ်း၍ အလုပ်ရှင် သို့မဟုတ် အလုပ်သမားအား ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် စွပ်စွဲတိုင်ကြားကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော တောင်ဒဏ်ဖြစ်စေ၊ ကျပ် ငါးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခန်း (၉)
အထွေထွေ
၂၈။ ဤဥပဒေ ပြဋ္ဌာန်းချက်ပါ အခွင့်အရေးတစ်ရပ်ရပ်အောက် လျော့နည်း၍ ချုပ်ဆိုသည့် မည်သည့် သဘောတူညီချက် သို့မဟုတ် မည်သည့်သဘောတူစာချုပ်မဆို ပျက်ပြယ်စေရမည်။
| ၂၉။ | ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် - | |
| (က) | ဝန်ကြီးဌာနသည် နည်းဥပဒေများနှင့် စည်းမျည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြနိုင်သည်။ | |
| (ခ) | ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ | |
၃၀။ The Payment of Wages Act, 1936 ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်