ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ
၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၅)
၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်
၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်
နိဒါန်း
အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာစေရန်လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားနိုင်စေရန်လည်းကောင်း ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
| ၁။ | ဤဥပဒေကို အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ဟုခေါ်တွင်စေရမည်။ | ||
| ၂။ | ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ | ||
| (က) | အလုပ်သမား ဆိုသည်မှာ အလုပ်ရှင်ထံ ကာယအား၊ ဉာဏအား အသုံးပြု၍ အခကြေးငွေရယူပြီး လုပ်ကိုင်သူကိုဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သင်၊ အစမ်းခန့်နှင့် အငြင်းပွားမှု ဖြစ်ပွားနေစဉ်အတွင်း အလုပ်မှ ရပ်စဲခံရသူ သို့မဟုတ် အလုပ်ထုတ်ခံရသူ အလုပ်သမားများလည်း ပါဝင်သည်။ သို့ရာတွင် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်၏ ကွက်ကဲမှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများမပါဝင်။ | ||
| (ခ) | အလုပ်သမားအဖွဲ့အစည်း ဆိုသည်မှာ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ ဖွဲ့စည်းသော အခြေခံအလုပ်သမားအဖွဲ့အစည်း၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲအစည်း၊ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်တို့ကို ဆိုသည်။ | ||
| (ဂ) | အလုပ်ရှင် ဆိုသည်မှာ မိမိ၏ လုပ်ငန်းအတွက် လုပ်အားကိုရရှိရန် အလုပ်သမားအား အခကြေးငွေပေးရန် တာဝန်ရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် လုပ်ငန်းအမွေ ဆက်ခံသူ သို့မဟုတ် ၎င်း၏ တရားဝင်ကိုယ်စားလှယ်၊ အခွင့်ရကိုယ်စားလှယ်၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ တည်ထောင်သော ကုမ္ပဏီဖြစ်ပါက လုပ်ငန်းကို ကြီးကြပ်အုပ်ချုပ်မည့် အကြီးအကဲနှင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များလည်း ပါဝင်သည်။ | ||
| (ဃ) | အလုပ်ရှင်အဖွဲ့အစည်း ဆိုသည်မှာ ဤဥပဒေအရဖြစ်စေ၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဖြစ်စေ ဖွဲ့စည်းသည့် အလုပ်ရှင်အဖွဲ့အစည်းကို ဆိုသည်။ | ||
| (င) | လုပ်ငန်း ဆိုသည်မှာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် သို့မဟုတ် ဖက်စပ်ပိုင်ဖြစ်သည့် စီးပွားရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်မှုလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုခုကို ဆိုသည်။ | ||
| (စ) | မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှု ပြတ်တောက်ရပ်ဆိုင်စေခြင်းဖြင့် အများပြည်သူ၏ အသက်ကျန်းမာရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော အောက်ပါဝန်ဆောင်မှုလုပ်ငန်းကိုဆိုသည်။ | ||
| (၁) | ရေပေးဝေရေးလုပ်ငန်း | ||
| (၂) | လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း | ||
| (၃) | မီးသတ်လုပ်ငန်း | ||
| (၄) | ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း | ||
| (၅) | တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း | ||
| (၆) | ဝန်ကြီးဌာနက မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသည့် လုပ်ငန်းများ | ||
| (ဆ) | အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အောက်ဖော်ပြပါ လုပ်ငန်းများကို ဆိုသည်။ | ||
| (၁) | သယ်ယူပို့ဆောင်ရေးလုပ်ငန်း | ||
| (၂) | ဆိပ်ကမ်းလုပ်ငန်းနှင့် ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်ငန်း | ||
| (၃) | စာတိုက်၊တဲလက်စ် သို့မဟုတ် ဖက်(စ်)လုပ်ငန်း | ||
| (၄) | သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာလုပ်ငန်း | ||
| (၅) | အများပြည်သူတို့အတွက် ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်း ဖြန့်ဖြူးသည့်လုပ်ငန်း | ||
| (၆) | အညစ်အကြေးသိမ်းဆည်းရေး သို့မဟုတ် ကျန်းမာသန့်ရှင်းရေးလုပ်ငန်း | ||
| (၇) | အများပြည်သူတို့အား လျှပ်စစ်ဓါတ်အား သို့မဟုတ် လောင်စာစွမ်းအင် ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးသည့်လုပ်ငန်း | ||
| (၈) | အများပြည်သူဆိုင်ရာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း | ||
| (၉) | ပြည်ထောင်စုအစိုးရက အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဟု အခါအားလျော်စွာ သတ်မှတ်သည့်လုပ်ငန်း | ||
| (ဇ) | အလုပ်ပိတ်ခြင်း ဆိုသည်မှာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု တစ်ခုခုတွင် ညှိနှိုင်း၍ မရနိုင်သည့် အခြေအနေ၌ အလုပ်ရှင်က လုပ်ငန်းတစ်ခုခု၏ အလုပ်လုပ်သော နေရာကို ယာယီပိတ်ခြင်း၊ အလုပ်ကို ခေတ္တရပ်ဆိုင်းထားခြင်း သို့မဟုတ် အလုပ်ခွင်ရှိ အလုပ်သမားများအား ဆက်လက်အလုပ်လုပ်ခွင့် မပြုခြင်းကို ဆိုသည်။ | ||
| (ဈ) | သပိတ်မှောက်ခြင်း ဆိုသည်မှာ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှု တစ်ခုခုတွင် ညှိနှိုင်း၍ မရနိုင်သည့်အခြေအနေ၌ လူမှုရေး သို့မဟုတ် အလုပ်အကိုင်ဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ အလုပ်သမားအချို့ကဖြစ်စေ၊ အားလုံးကဖြစ်စေ၊ လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် အလုပ်သမားအဖွဲ့အစည်းများက ဖြစ်စေဆုံးဖြတ်၍ အလုပ်ရပ်ဆိုင်းခြင်း၊ အလုပ်လုပ်ကိုင်ရန် ဖြစ်စေ၊ အလုပ်ဆက်လက်လုပ်ကိုင်ရန်ဖြစ်စေ ငြင်းဆန်ခြင်း၊ အလုပ်နှောင့်နှေးစေရန် ပြုလုပ်ခြင်း သို့မဟုတ် အလုပ်သမားအများစု သဘောတူညီမှုဖြင့် ကုန်ထုတ်လုပ်မှုကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ ထိခိုက်ကျဆင်းစေသည့် စုပေါင်းလုပ်ဆောင်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သမားများ၏ အသက် သို့မဟုတ် ကျန်းမာရေးအပေါ် ရုတ်တရက် ပြင်းထန်စွာ အန္တရာယ်ကျရောက်မည်ဟု ယုတ္တိတန်စွာ ယုံကြည်သည့်အကြောင်းကြောင့် လုပ်ငန်းခွင်မှ ထွက်ခွာသွားနိုင်သော ယင်းတို့၏ အခွင့်အရေးကို ကျင့်သုံးခြင်း မပါဝင်။ | ||
| (ည) | အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် ဆိုသည်မှာ အလုပ်ခန့်ထားမှု၊ အလုပ်လုပ်ကိုင်မှုနှင့် စပ်လျဉ်း၍ အလုပ်ရှင်နှင့် အလုပ်သမားတို့ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်သည့် သဘောတူညီချက်ကိုဆိုသည်။ | ||
| (ဋ) | စုပေါင်းတောင်းဆိုဆွေးနွေးညှိနှိုင်းမှု ဆိုသည်မှာ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်အဖွဲ့အစည်းများနှင့် အလုပ်သမားများ သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းများအကြား အလုပ်လုပ်ကိုင်မှု အခြေအနေနှင့် စည်းကမ်းချက်များ၊ ယင်းတို့၏ အလုပ်သမားရေးရာ ဆက်ဆံမှုများ သို့မဟုတ် အငြင်းပွားမှု မဖြစ်ပွားစေရန် ကာကွယ်မှုနှင့် ဖြေရှင်းမှုများကို စုပေါင်းဆွေးနွေးညှိနှိုင်းပြီး စုပေါင်းသဘောတူညီချက်ချမှတ်နိုင်ရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကို ဆိုသည်။ | ||
| (ဌ) | စုပေါင်းသဘောတူညီချက် ဆိုသည်မှာ စုပေါင်းတောင်းဆို ဆွေးနွေးညှိနှိုင်းမှု အရ အလုပ်သမားများ၏ လုပ်ငန်းခွင်နှင့် အလုပ်လုပ်ကိုင်မှုအခြေအနေများ သတ်မှတ်ခြင်း၊ အလုပ်ရှင်များနှင့် အလုပ်သမားများ၊ ယင်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြားတွင် ဆက်ဆံမှုဆိုင်ရာ စည်းကမ်းချက်များသတ်မှတ်ခြင်း၊ အလုပ်သမား အဖွဲ့အစည်းများ၏ တရားဝင်ရပ်တည်မှုကို အသိအမှတ်ပြုဆောင်ရွက်ခြင်းနှင့် အလုပ်သမားများအတွက် လူမှုကာကွယ်စောင့်ရှောက်မှု အာမခံချက်များကို မြှင့်တင်ခြင်းတို့ အပါအဝင် အလုပ်လုပ်ကိုင်မှု ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ စာဖြင့်ချုပ်ဆိုသည့် နှစ်ဖက်သဘောတူညီချက်ကိုဆိုသည်။ | ||
| (ဍ) | အငြင်းပွားမှု ဆိုသည်မှာ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမားသို့မဟုတ် အလုပ်သမားများ သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းများ၏ အလုပ်ခန့်ထားခြင်း၊ အလုပ်လုပ်ကိုင်ခြင်း၊ အလုပ်ရပ်စဲခြင်းတို့နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ လုပ်သက်ဆု၊ လုပ်အားဆုနှင့် စရိတ် အပါအဝင် အလုပ်လုပ်ကိုင်မှု သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အလုပ်နှင့်သက်ဆိုင်သည့် ထိခိုက်နစ်နာမှုများ၊ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများ သို့မဟုတ် လုပ်ငန်းခွင်ကြောင့် ဖြစ်ပေါ်သော ရောဂါများအတွက် လျော်ကြေးနှင့်စပ်လျဉ်း၍ သော်လည်းကောင်း၊ အလုပ်သမားများ၏ နားရက်၊ ခွင့်ကိစ္စအပါအဝင် အလုပ်သမားရေးရာ အခြားကိစ္စတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အလုပ်ရှင်တစ်ဦး သို့မဟုတ် အလုပ်ရှင်များ သို့မဟုတ် ယင်းတို့အား ကိုယ်စားပြုသည့် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမားတစ်ဦး သို့မဟုတ် အလုပ်သမားများ သို့မဟုတ် ယင်းတို့အား ကိုယ်စားပြုသည့် အလုပ်သမားအဖွဲ့အစည်းတို့အကြား ဖြစ်ပွားသော အငြင်းပွားမှု သို့မဟုတ် သဘောထားကွဲလွဲမှုကို ဆိုသည်။ | ||
| (ဎ) | အခွင့်အရေးဆိုင်ရာ အငြင်းပွားမှု ဆိုသည်မှာ အလုပ်ရှင် သို့မဟုတ် အလုပ်သမားများ၏ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုကို ဆိုသည်။ | ||
| (ဏ) | အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှု ဆိုသည်မှာ စုပေါင်းသဘောတူညီချက်နှင့် စပ်လျဉ်းသော အငြင်းပွားမှု၊ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များနှင့် အကျုံးဝင်မှုမရှိသော်လည်း အလုပ်သမားအများစု၏ ရသင့်ရထိုက်သော အကျိုးစီးပွားနှင့် သက်ဆိုင်သည့် အငြင်းပွားမှုများနှင့် လုပ်ငန်းခွင်ဆက်ဆံရေးနှင့် စပ်လျဉ်းသော အငြင်းပွားမှုကို ဆိုသည်။ | ||
| (တ) | ညှိနှိုင်းရေးကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီကို ဆိုသည်။ | ||
| (ထ) | ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို ဆိုသည်။ | ||
| (ဒ) | ခုံသမာဓိအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့ကို ဆိုသည်။ | ||
| (ဓ) | ခုံသမာဓိကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီကို ဆိုသည်။ | ||
| (န) | ခုံအဖွဲ့ ဆိုသည်မှာ အငြင်းပွားမှု တစ်မှုချင်းအလိုက် ဆုံးဖြတ်ချက်ချမှတ်ရန် ခုံသမာဓိကောင်စီက သတ်မှတ်ချက်နှင့်အညီ ဖွဲ့စည်းသည့် ခုံအဖွဲ့ကိုဆိုသည်။ | ||
| (ပ) | ဆုံးဖြတ်ချက် ဆိုသည်မှာ အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ခုံသမာဓိကောင်စီ သို့မဟုတ် ခုံအဖွဲ့က ချမှတ်သော ဆုံးဖြတ်ချက်ကို ဆိုသည်။ | ||
| (ဖ) | ဝန်ကြီးဌာန ဆိုသည်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ဆိုသည်။ | ||
| (ဗ) | ဝန်ကြီး ဆိုသည်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကို ဆိုသည်။ | ||
| (ဘ) | ဦးစီးဌာန ဆိုသည်မှာ အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနကို ဆိုသည်။ | ||
အခန်း(၂)
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း
| ၃။ | အလုပ်သမား ၃၀ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုခုတွင် စုပေါင်းသဘောတူညီချက်ကို ဆွေးနွေးရရှိနိုင်ရန် အလုပ်ရှင်သည်- | ||
| (က) | အလုပ်သမားအဖွဲ့အစည်းရှိလျှင် စုပေါင်းတောင်းဆိုဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိင်ရေးအတွက် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲ့စည်းရမည်။ | ||
| (၁) | အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းက အဆိုပြုသည့် အလုပ်သမားကိုယ်စားလှယ်သုံးဦးစီ | ||
| (၂) | အလုပ်သမား ကိုယ်စားလှယ် ဦးရေနှင့် အရေအတွက် တူညီသည့် အလုပ်ရှင်ကိုယ်စားလှယ်များ | ||
| (ခ) | အလုပ်သမားအဖွဲ့အစည်းမရှိလျှင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲစည်းရမည်။ | ||
| (၁) | အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ် သုံးဦး | ||
| (၂) | အလုပ်ရှင် ကိုယ်စားလှယ် သုံးဦး | ||
| ၄။ | - | ||
| (က) | ပုဒ်မ ၃အရ ဖွဲ့စည်းသည့် ညှိနှိုင်းရေးကော်မတီတွင် အလုပ်ရှင်ဘက်မှဖြစ်စေ၊ အလုပ်သမား ဘက်မှ ဖြစ်စေ ကိုယ်စားလှယ်လစ်လပ်ပါက သက်ဆိုင်ရာဘက်မှလိုအပ်သလို ဖြည့်စွက်ရမည်။ | ||
| (ခ) | ညှိနှိုင်းရေးကော်မတီ၏ သက်တမ်းသည် နှစ်နှစ်ဖြစ်သည်။ | ||
| ၅။ | ညှိနှိုင်းရေးကော်မတီသည် အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းအကြားတွင် ဆက်ဆံမှု ကောင်းမွန်စေရေး၊ အလုပ်လုပ်ကိုင်မှုအခြေအနေ၊ စည်းကမ်းချက်များ ဆွေးနွေး ညှိနှိုင်းရေးနှင့် အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ရမည်။ | ||
| ၆။ | - | ||
| (က) | အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းဘက်ဖြစ်စေ၊ အလုပ်ရှင်ဘက်က ဖြစ်စေ ၎င်းတို့၏ နစ်နာချက်ကို ညှိနှိုင်းရေးကော်မတီသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ဖြင့် တောင်းဆိုတိုင်ကြားလာပါက ညှိနှိုင်းရေးကော်မတီသည် တောင်းဆိုချက်ကို လက်ခံရရှိသည့် နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းရမည်။ | ||
| (ခ) | ညှိနှိုင်းရေးကော်မတီသည် ဆောင်ရွက်မှုအခြေအနေကို ဖြေရှင်းမှုမှတ်တမ်း ရေးသားထားရှိ၍ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ အစီရင်ခံစာပေးပို့ရမည်။ | ||
| ၇။ | အလုပ်သမား ၃၀ ဦး မပြည့်သဖြင့် ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းမရှိသည့် လုပ်ငန်းတွင် နစ်နာချက်ကို အလုပ်ရှင်ထံတောင်းဆိုပါက အလုပ်ရှင်သည် အလုပ်သမားများ သို့မဟုတ် ယင်းတို့၏ကိုယ်စားလှယ်များနှင့် တောင်းဆိုချက်ကိုလက်ခံရရှိသည့် နေ့ရက်မှခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းပြီး ဖြေရှင်းမှုမှတ်တမ်းရေးသားထားရှိ၍ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တောင်းခံသည့်အခါ ယင်းမှတ်တမ်းကို ပေးပို့ရမည်။ | ||
| ၈။ | လုပ်ငန်းတစ်ခုတည်းတွင် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များ ပူးတွဲရှိနေခဲ့လျှင် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းနှင့် ယင်းတို့၏ အနေအထားလျော့ပါးစေရန် အလုပ်ရှင်သည် သက်ဆိုင်ရာအလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များကို အသုံးပြု၍ ဆောင်ရွက်ခြင်းမပြုရ။ | ||
| ၉။ | ပုဒ်မ ၆ သို့မဟုတ် ပုဒ်မ ၇ အရ ဆွေးနွေးညှိနှိုင်းရာတွင်- | ||
| (က) | ပြေငြိမ်းမှုရရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများသည် စုပေါင်းသဘောတူညီချက် ချုပ်ဆိုပြီး သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ မိတ္တူပေးပို့ရမည်။ | ||
| (ခ) | ပြေငြိမ်းမှုမရရှိသည့် အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဖျန်ဖြေရေးကို ဆက်လက်ခံယူလိုပါက အလုပ်ရှင် သို့မဟုတ် အလုပ်သမားသည် သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သို့ တိုင်ကြားနိုင်သည်။ | ||
| (ဂ) | စုပေါင်းသဘောတူညီချက်ကို လိုက်နာမှုမရှိပါက နစ်နာသူသည် သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။ | ||
| (ဃ) | စုပေါင်းသဘောတူညီချက်၏ သက်တမ်းကာလမှာ တစ်နှစ်ဖြစ်ရမည်။ အဆိုပါ သက်တမ်းကာလအတွင်း သဘောတူညီထားသည့်အချက်နှင့် စပ်လျဉ်း၍ ထပ်မံတောင်းဆိုခြင်းမပြုရ။ | ||