Daily Rate 7800
အနည်းဆုံးအခကြေးငွေ နှုန်းထားကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေ၊ ပုဒ်မ ၅ အရ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်သည်။ ယခုလက်ရှိ အလုပ်ချိန် ၈ နာရီ တစ်ရက်အတွက် ၄၈၀၀ ကျပ်ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၈) ဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။
ထို ၄၈၀၀ ကျပ်သတ်မှတ်ပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အနည်းဆုံးအခကြေးငွေနှုန်းထားသစ် ပြောင်းလဲသတ်မှတ်နိုင်ခြင်း မရှိသေးပါ။ သို့သော် -
- ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃) ဖြင့် အလုပ်ချိန် ၈ နာရီတစ်ရက်အတွက် ပထမအကြိမ် ထောက်ပံ့ကြေး ၁၀၀၀ ကိုလည်းကောင်း၊
- ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄) ဖြင့် အလုပ်ချိန် ၈ နာရီတစ်ရက်အတွက် ဒုတိယအကြိမ် ထောက်ပံ့ကြေး ၁၀၀၀ ကိုလည်းကောင်း၊
- ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅) ဖြင့် အလုပ်ချိန် ၈ နာရီတစ်ရက်အတွက် ဒုတိယအကြိမ် ထောက်ပံ့ကြေး ၁၀၀၀ ကိုလည်းကောင်း၊
သတ်မှတ်ကြေညာခဲ့သည်။ ယင်းထောက်ပံ့ကြေး စုစုပေါင်း ၃၀၀၀ ကျပ် (၁၀၀၀ + ၁၀၀၀ + ၁၀၀၀) ကို အလုပ်လုပ်သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန်ဖြစ်သည်။ သို့သော် အချိန်ပိုကြေးတွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ခြင်းမပြုလိုပါက မတွက်ချက်ဘဲနေနိုင်ကြောင်း သက်ဆိုင်ရာ ဦးစီးအရာရှိများက ရှင်းလင်းပြောကြားခဲ့သည်များ ရှိသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစ၍ တစ်ရက်လုပ်ခနှုန်းထားမှာ အနည်းဆုံး ၇၈၀၀ ကျပ် ရှိရမည်ဖြစ်သည်။ သို့သော်လည်း လုပ်သားဈေးကွက်လိုအပ်ချက်အရ ၂၀၂၅ ခုနှစ်အတွင်းတွင် စက်ရုံ၊ အလုပ်ရုံများ၌ တစ်ရက်လုပ်ခနှုန်းထားမှာ ၁၀,၀၀၀ ကျပ်မှ ၁၁,၅၀၀ ကျပ်အထိ တိုးလာသည်။
သတိပြုရန်အချက်များ
အနည်းဆုံးအခကြေးငွေနှုန်းထားသည် တစ်နည်းအားဖြင့် အလုပ်ချိန် ၈ နာရီ တစ်ရက်အတွက် အနည်းဆုံးပေးရမည့် ပုံသေလုပ်ခနှုန်းထားဖြစ်သည်။ ၎င်းနှုန်းထားအပေါ်မူတည်၍ -
- အချိန်ပိုကြေးတွက်ချက်ရာတွင် သတ်မှတ်ထားသော အချိန်ပိုပုံသေနည်းကို အသုံးပြုရခြင်း
- မယူဖြစ်သော လုပ်သက်ခွင့်ရက်များအတွက် ငွေကြေးခံစားခွင့်ပေးရာတွင် အခြေခံတွက်ချက်ရခြင်း
- လူမှုဖူလုံရေး ထည့်ဝင်ကြေးနှုန်းထား တွက်ချက်ရာတွင် အခြေခံတွက်ချက်ရခြင်း
- ဆေးလက်မှတ်ခွင့်ရက်နှင့် မီးဖွားခွင့်ရက်များအတွက် ငွေကြေးအကျိုးခံစားခွင့်နှုန်းထားများ တွက်ချက်ရာတွင် အခြေခံတွက်ချက်ရခြင်း
စသည့် နောက်ဆက်တွဲ အကြောင်းအရာများရှိနေခြင်းကြောင့် အလုပ်သမားအားပေးသည့် Payslip နှင့် လစာပေးဇယား Salary Table တို့တွင် တစ်ရက်လုပ်ခ (ဒေးကြေး) ကော်လံတိုင်၌ မည်သည့်ကိန်းဂဏန်းရေးမည်ကို သေသေချာချာ စဥ်းစားတွက်ချက်၍ ရွေးချယ်သင့်သည်။