Severance Payment
အလုပ်ထုတ်နစ်နားကြေးနှုန်းထားများကို အမိန့်ကြော်ငြာစာအမှတ် ၈၄/၂၀၁၅ ထုတ်ပြန်၍ သတ်မှတ်ထားသည်။
အလုပ်ရှင်သည် အလုပ်သမား သို့မဟုတ် အလုပ်သမားများအား အလုပ်မှ ရပ်စဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ တစ်ဆက်တည်းလုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ) ဖြင့် အောက်ပါ နစ်နာကြေးနှုန်းထားများအတိုင်းပေးရန် သတ်မှတ်ထားသည်။
| စဥ် | လုပ်သက် | နှုန်းထား |
|---|---|---|
| (က) | ၆ လပြည့်ပြီး ၁ နှစ်မပြည့်သေးပါက | လဝက်လစာ |
| (ခ) | ၁ နှစ်ပြည့်ပြီး ၂ နှစ်မပြည့်သေးပါက | တစ်လစာ |
| (ဂ) | ၂ နှစ်ပြည့်ပြီး ၃ နှစ်မပြည့်သေးပါက | တစ်လခွဲ လစာ |
| (ဃ) | ၃ နှစ်ပြည့်ပြီး ၄ နှစ်မပြည့်သေးပါက | သုံးလစာ |
| (င) | ၄ နှစ်ပြည့်ပြီး ၆ နှစ်မပြည့်သေးပါက | လေးလစာ |
| (စ) | ၆ နှစ်ပြည့်ပြီး ၈ နှစ်မပြည့်သေးပါက | ငါးလစာ |
| (ဆ) | ၈ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်သေးပါက | ခြောက်လစာ |
| (ဇ) | ၁၀ နှစ်ပြည့်ပြီး ၂၀ နှစ်မပြည့်သေးပါက | ရှစ်လစာ |
| (ဈ) | ၂၀ နှစ်ပြည့်ပြီး ၂၅ နှစ်မပြည့်သေးပါက | တစ်ဆယ်လစာ |
| (ည) | ၂၅ နှစ်နှင့် အထက် | ၁၃ လစာ |
မှတ်သားရန် အချက်များ
နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ) ဆိုသည်မှာ အလုပ်သမားတစ်ဦးချင်းစီ နောက်ဆုံးရသောလစာ Payslip ထဲမှ အချိန်ပိုလုပ်ခ ကော်လံတိုင်ကိုပယ်ပြီး ကျန်တာအားလုံးပေါင်း၍ ရသော ငွေပမာဏကို ဆိုလိုခြင်းဖြစ်သည်။ အလုပ်သမားများနှင့် မည်သို့မည်ပုံသဘောတူညီချက်ယူ၍ ဆောင်ရွက်သည် သို့မဟုတ် WCC တွင် ဆွေးနွေး၍ မည်သို့မည်ပုံဆောင်ရွက်သည်ဆိုရုံဖြင့် (ငွေပမာဏ ပို၍နည်းနေမည်ဆိုပါက) ၎င်းအချက်ကို လွှမ်းမိုးနိုင်ခြင်းမရှိပါ။
နောက်ဆုံးထုတ်လစာ ဟုဆိုသည့်အတွက် နောက်ဆုံးလ ကို သတ်မှတ်ရာတွင်လည်း အငြင်းပွားမှုများ ဖြစ်တတ်သည်။ အလုပ်သမားများဘက်မှ တောင်းဆိုမှုရှိသည့်အပြင် ၎င်းနောက်ဆုံးလမှာ အခြားလများထက် သိသိသာသာ လုပ်ခလစာလျော့နည်းနေပြီး ထိုသို့နည်းရခြင်းမှာလည်း အလုပ်ရှင်က တမင်ရည်ရွယ် စီမံခဲ့သည်ဟု ထင်မြင်ယူဆရလျှင် နောက်ဆုံး ၃ လအနက်မှ အလုပ်သမားများအတွက် အကောင်းဆုံး (လုပ်ခလစာအများဆုံး) လကို နောက်ဆုံးလ အဖြစ် သတ်မှတ်ပေးရလိမ့်မည်ဟု အငြင်းပွားမှုတစ်ခုတွင် ထုတ်ဖော်ပြောခဲ့သော ဦးစီးအရာရှိတစ်ဦး၏ ပြောကြားချက်ကို မှတ်သားဖူးသည်။