Back

၁၉၄၈ ခုနှစ်၊ အလုပ်အကိုင်ဆိုင်ရာ စာရင်းစစ်တမ်းယူခြင်း အက်ဥပဒေ

[၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၅၄]

 အလုပ်သမားများနှင့် ပတ်သက်၍ အချို့စာရင်းစစ်တမ်း ကောက်ယူရန် လွယ်ကူစိမ့်သောငှါ၊ အောက်ပါအတိုင်း အက်ဥပဒေအဖြစ်ဖြင့် ပြဋ္ဌာန်းလိုက်သည်။
အမည်တို့ တည်ရာနယ်အဝှန်းနှင့် စတည်ရန် နေ့ရက်။
၁။ (၁) ဤအက်ဥပဒေကို အလုပ်အကိုင်ဆိုင်ရာ စာရင်းစစ်တမ်းယူခြင်းအက်ဥပဒေဟူ၍ ခေါ်ရမည်။
(၂) ဤအက်ဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတဝှန်းလုံးနှင့် သက်ဆိုင်ရမည်။
(၃) ဤအက်ဥပဒေစ၍ အာဏာတည်ရန်အလို့ငှာ၊ နိုင်ငံတော်သမတကအခါကာလအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြော်ငြာ၍ သတ်မှတ်သည့်နယ်များနှင့် နေ့ရက်တွင် အာဏာတည်စေရမည်။
အဓိပ္ပါယ်ဖော်ပြချက်။
၂။ ။ ဤအက်ဥပဒေတွင် "ပြဋ္ဌာန်းသည်" ဆိုသည်မှာ၊ ဤအက်ဥပဒေအရ ပြုလုပ်သည့်နည်းဥပဒေများတွင်ဖြစ်စေ၊ ထိုနည်းဥပဒေများအရပြဋ္ဌာန်းသည့်ပုံစံတခုခုတွင် ဖြစ်စေ၊ ပြဋ္ဌာန်းသည်ကို ဆိုလိုသည်။
စာရင်းစစ်တမ်းကောက်ယူခြင်း။
၃။ နိုင်ငံတော်သမတသည်၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြော်ငြာ၍ ထိုအမိန့်ကြော်ငြာစာတွင် သီးခြားဖေါ်ပြသည့် နေရာများတွင်၊ အလုပ်သမားများအကျိုးတိုးပွါးရေးမှစ၍၊ အလုပ်သမားများ၏ အလုပ်အကိုင် အခြေအနေများနှင့် ဆိုင်သမျှ ကိစ္စများကို စာရင်းကောက်ယူရန် ဆင့်ဆိုနိုင်သည်။
ထိုကိစ္စများတွင် အထူးသဖြင့် အောက်ပါတို့လည်း ပါဝင်သည်။
(၁) အသုံးအဆောင် ပစ္စည်းစျေးနှုန်းများ။
(၂) အလုပ်ဆင်းသူ၊ မဆင်းသူ။
(၃) နေရေးထိုင်ရေးအခြေအနေများ၊ ဤအချက်တွင် နေအိမ်စီမံပေးရေး၊ ရေပေးရေးမှစ၍ သန့်ရှင်း စင်ကြယ်ရေးလည်းပါဝင်သည်။
(၄) ကြွေးမြီတင်ရှိခြင်း။
(၅) နေအိမ်ငှါးရမ်းခများ။
(၆) လုပ်ခများနှင့် အခြားဝင်ငွေများ။
(၇) အိုနာစာရံပုံငွေနှင့် အခြားရံပုံငွေများ။
(၈) အကျိုးခံစားခွင့်များနှင့် အခြားသက်သာခွင့်များ
(၉) အလုပ်ချိန်နာရီများ။
(၁၀) အလုပ်လက်ရှိနှင့် အလုပ်လက်မဲ့။
(၁၁) လုပ်ကိုင်ရေး ငြင်းခုံမှုများ၊ ဤအချက်တွင် အလုပ်လုပ်ရပ်စဲခြင်းကြောင့် ဖြစ်စေ၊ အလုပ်ရုံပိတ်ထားခြင်းကြောင့်ဖြစ်စေ၊ ထိခိုက်နစ်နာသည့် အလုပ်သမားဦးရေနှင့်အလုပ်မလုပ်ရ၍ ဆုံးရှုံးရသည့် နေ့ရက်များပါဝင်သည်။
(၁၂) ဖျားနာခြင်း။
(၁၃) အလုပ်သမားဦးရေနှင့် လုပ်သားအမျိုးအစား၊
(၁၄) အားလပ်ခွင့်နှင့်အလုပ်ပိတ်ရက်များ။
(၁၅) ကုန်ထွက်စွမ်းရည်။
ထို့ကြောင့် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည်၊ ဤကဲ့သို့ ကောက်ယူသော စာရင်းစစ်တမ်းများနှင့်လည်း သက်ဆိုင်ရမည်။
စာရင်းစစ်တမ်းကောက်ယူရေးအာဏာပိုင်ခန့်ခြင်း။
၄။ ။ နိုင်ငံတော်သမတသည်၊ ဤအက်ဥပဒေအရစာရင်းစစ်တမ်း ကောက်ယူရန်ကိစ္စအလို့ငှါ၊ အရာရှိတဦးကို စာရင်းစစ်တမ်းကောက်ယူရေးအာဏာပိုင်အဖြစ် ခန့်ထားနိုင်သည်။
စာရင်းချုပ်များနှင့် အကြောင်းအရာများတောင်းယူရန် စာရင်းကောက်ယူရေးအာဏာပိုင်၏ အာဏာ
၅။ (၁) စာရင်းစစ်တမ်းကောက်ယူရေးအာဏာပိုင်သည်၊ ပြဋ္ဌာန်းသည့် အချိန်ကာလ အပိုင်းအခြားတွင်၊ ပြဋ္ဌာန်းသည့် ပုံစံဖြင့် ပြဋ္ဌာန်းသည့် အကြောင်းအရာများပါဝင်သော စာရင်းကောက်ယူမည့် ကိစ္စတစုံတရာနှင့် ပတ်သက်သော အကြောင်းအရာ၊ သို့တည်းမဟုတ် စာရင်းချုပ်ကို ပြဋ္ဌာန်းသည့်အာဏာပိုင်ထံ၊ သို့တည်းမဟုတ် ပြဋ္ဌာန်းသောသူထံတင်သွင်းရန်၊ တဦးတယောက်သောသူသ့ နို့တစ်စာချအပ်၊ သို့တည်းမဟုတ် ချအပ်စေနိုင်သည်။
(၂) ပုဒ်မခွဲ (၁)တွင် ရည်ညွှန်ထားသည့် နို့တစ်စာကို စာတိုက်မှချအပ်နိုင်သည်။
မှတ်တမ်း၊ သို့တည်းမဟုတ် စာချုပ်စာတမ်းကို ဝင်ရောက်ကြည့်ရှုနိုင်သည့် အခွင့်အရေး။
၆။ စာရင်းစစ်တမ်းကောက်ယူရေး အာဏာပိုင်ကဖြစ်စေ၊ ထိုအာဏာပိုင်က ကြည့်ရှုရန် ကိစ္စအလို့ငှါ၊ စာဖြင့်အာဏာ လွှဲအပ်ထားသူတဦးတယောက်ကဖြစ်စေ၊ ဤအက်ဥပဒေအရစာရင်းစစ်တမ်းများ ကောက်ယူရန် ကိစ္စအလို့ငှါ၊ ဤအက်ဥပဒေအရ အကြောင်းအရာ၊ သို့တည်းမဟုတ် စာရင်းချုပ် တစုံတရာတင်သွင်းရန် ဆင့်ဆိုထားသူ၏လက်ရှိ သက်ဆိုင်ရာမှတ်တမ်း၊ သို့တည်းမဟုတ် စာချုပ်စာတမ်းတခုခုကို ဝင်ရောက်ကြည့်ရှုနိုင်သည်။ ထိုပြင်ဤသို့သောမှတ်တမ်း၊ သို့တည်းမဟုတ် စာချုပ်စာတမ်းရှိမည်ဟု မိမိယုံကြည်သော အဆောက်အအုံများသို့ သင့်တော်သည့်အချိန်၌ ဝင်ရောက်နိုင်သည့်ပြင်၊ ဤအက်ဥပဒေအရ တင်သွင်းရန်ဆင့်ဆိုထားသည့် အကြောင်းအရာတခုခုရရှိနိုင်ရန်အလို့ငှါ၊ မေးမြန်လိုသည့်ကိစ္စများကိုလည်း မေးမြန်းစုံစမ်းနိုင်သည်။
စာရင်းချုပ်များနှင့် အကြောင်းအရာများကို ထုတ်ပြန်ကြော်ငြာခြင်းနှင့် ပတ်သက်သည့်ကန့်သတ်ချက်။
၇။ (၁) ဤအက်ဥပ‌ဒေပါ ကိစ္စများအလို့ငှါ၊ တင်သွင်းထားသည့်စာရင်းချုပ်တခုကို၎င်း၊ ထိုစာရင်း၏အစိတ်အပိုင်းကို၎င်း၊ သီးခြားဖြစ်သောလုပ်ငန်းတခုခုနှင့် စပ်လျဉ်းသည့် အကြောင်းအရာကို၎င်း၊ အခါကာလ အားလျော်စွာ ထိုစာရင်းချုပ်၊ သို့တည်းမဟုတ် အကြောင်းအရာနှင့် ဆိုင်သော လုပ်ငန်ပိုင်းဆိုင်သူကဖြစ်စေ၊ ပိုင်ဆိုင်သူ၏ အာဏာရ ကိုယ်စားလှယ်ဖြစ်စေ၊ သဘောတူကြောင်းစာကို ကြိုတင်မရရှိဘဲ၊ အကြောင်းတခုခုတည်းသီးခြားဖြစ်သော လုပ်ငန်းတခုကို ရည်ညွှန်းသည်ဟု ညွှန်ပြယူဆသိရှိနိုင်ရန်ဖော်ပြသည့် နည်းလမ်းမျိုးဖြင့် ထုတ်ပြန်ကြော်ငြာခြင်းမပြုရ။
(၂) ဤအက်ဥပဒေအရဖြစ်စေ၊ ရာဇသတ်ကြီးဥပဒေအရဖြစ်စေ၊ တရားစွဲဆိုရန်ကိစ္စများမှတပါး၊ ဤအက်ဥပဒေအရ စာရင်းစစ်တမ်းကောက်ယူခြင်းနှင့် ပတ်သက်၍ လုပ်ကိုင်သူမဟုတ်သူ မည်သူကိုမျှ ပုဒ်မခွဲ (၁)တွင်ရည်ညွှန်းထားသည့် စာရင်းချုပ်၊ သို့တည်းမဟုတ် အကြောင်းအရာတစုံတရာကိုကြည့်ရှုခွင့်မပြုရ။
ပြစ်ဒဏ်။
၈။ တဦးတယောက်သောသူအား၊ အကြောင်းအရာတခုခု၊ သို့တည်းမဟုတ် စာရင်းချုပ်တခုခုကို တင်သွင်းရန်ဆင့်ဆိုသောအခါ၊ ထိုသူက-
(က) ဤအက်ဥပဒေအရ၊ လိုအပ်သည့် အကြောင်းအရာ၊ သို့တည်းမဟုတ် စာရင်းချုပ်ကို တင်သွင်းရန် တမင်သက်သက် ငြင်းဆို၊ သို့တည်းမဟုတ် တရားသော အကြောင်းပြချက် မရှိဘဲ ပျက်ကွက်လျှင်သော်၎င်း၊
(ခ) မမှန်ဟုမိမိသိသောအကြောင်းအရာ၊ သို့တည်းမဟုတ် စာရင်းချုပ်တစုံတရာကို တမင်သက်သက် တင်သွင်း သို့တည်း မဟုတ်တင်သွင်းစေလျှင်သော်၎င်း၊
(ဂ) ဤအက်ဥပဒေအရ တင်သွင်းရန် လိုအပ်သည့် အကြောင်းအရာတခုခုရရှိလိုအပ်သည့် မေးခွန်းတခုခုကို ဖြေဆိုရန် ငြင်းပယ်၊ သို့တည်းမဟုတ် တမင်သက်သက်မမှန်သော အဖြေကိုပေးလျှင် သော်၎င်း၊ တဦး တယောက်သောသူက၊ ပုဒ်မ ၆ အရ ပေးအပ်ထားသော သက်ဆိုင်ရာ မှတ်တမ်းများနှင့် စာချုပ်စာတမ်းများကို ကြည့်ရှုနိုင်သည့်အခွင့်အရေး၊ သို့တည်းမဟုတ် အဆောက်အအုံတခုခုသို့ ဝင်ရောက်နိုင်သည့် အခွင့်အရေးကို တားမြစ်ပိတ်ပင်လျှင် သော်၎င်း၊ ထိုသူကို ပြစ်မှုအသီးသီးအတွက် တမှုကို ငါးရာထိ ငွေဒဏ်စီရင်ခြင်းခံထိုက်စေရမည်။ ထို့ပြင် ပြစ်မှုအသီးသီးအတွက် တမှုကိုငါးရာထိ ငွေဒဏ်စီရင်ခြင်းခံထိုက်စေရမည်။ ထို့ပြင် ဆက်လက်ကျူးလွန်သည့် ပြစ်မှု တစုံတရာဖြစ်သည့် အချက်တွင် ပဋ္ဌမပြစ်မှုကျူးလွန်ပြီးနောက်၊ နောက်ထပ်ဆက်လက်ကျူးလွန်သော ပြစ်မှု၏ ကာလအပိုင်းအခြားအတွက် တနေ့လျှင် နှစ်ရာထိ ငွေဒဏ်စီရင်ခြင်းခံထိုက်စရေမည်။ ထို့ပြင်မမှန်သော အကြောင်းအရာ မမှန်သောစာရင်းချုပ်များ၊ သို့တည်းမဟုတ် မမှန်သော အဖြေများနှင့် စပ်လျဉ်း၍၊ ပြစ်မှုကိုမှန်သော အကြောင်းအရာ၊ သို့တည်းမဟုတ် မှန်သော စာရင်းချုပ်၊ သို့တည်းမဟုတ် မှန်သောအဖြေများကို ရရှိသည့်တိုင်အောင် ဆက်လက်ကျူးလွန်နေသည်ဟူ၍ မှတ်ယူရမည်။
အကြောင်းအရာ၊ သို့တည်းမဟုတ် စာရင်းချုပ်များကို နည်းလမ်း တကျမဟုတ်ဘဲ ပေါက်ကြား‌အောင် ပြုလုပ်ထုတ်ဖော်ပြောဆိုသည့်အတွက် ပြစ်ဒဏ်
၉။ ဤအက်ဥပဒေအရ စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍၊ လုပ်ကိုင်သူ တဦးတယောက်က ဤအက်ဥပဒေအရ အလုပ်ဝတ်တရားများကို ဆောင်ရွက်ရန် ကိစ္စများမှ တပါး၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရဖြစ်စေ၊ ရာဇသတ်ကြီး ဥပဒေအရ ဖြစ်စေ၊ ပြစ်မှုတစုံတရာအတွက် တရားစွဲဆိုရန် ကိစ္စများမှတပါး၊ ဤအက်ဥပဒေအရ ပေးသည့်အကြောင်းအရာတခုခုကိုဖြစ်စေ၊ တင်သွင်းသည့်စာရင်းချုပ်ပါအကြောင်းအရာများကိုဖြစ်စေ၊ အစိုးရကစာရင်းကို ထုတ်ပြန်ကြော်ငြာခြင်းမပြုမီ နည်းလမ်းမကျဘဲ တမင်သက်သက်ပေါက်ကြားအောင် ပြုလုပ်ထုတ်ဖေါ်ပြောဆိုလျှင်၊ ထိုသူသည်ခြောက်လထိ ထောင်ဒဏ်ဖြစ်စေ၊ တထောင်ထိငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့်ငွေဒဏ်နှစ်ရပ်ဖြစ်စေ စီရင်ခြင်းခံရမည်။
ပြစ်မှုများကိုအရေးယူခြင်း
၁၀။ စာရင်းစစ်တမ်း ကောက်ယူရေး အာဏာပိုင်က ဖြစ်စေ၊ ထိုအာဏာပိုင်၏ အခွင့်အမိန်နှင့်ဖြစ်စေ၊ စွဲဆိုသည်မဟုတ်လျှင်၊ ပုဒ်မ ဂ အရ၊ မည်သည့် တရားစွဲဆိုကိုမျှ မပြုမလုပ်ရ။ ထို့ပြင်အစိုးရကဖြစ်စေ၊ အစိုးရအခွင့်အမိန့်နှင့်ဖြစ်စေ၊ စွဲဆိုသည်မဟုတ်လျှင် ပုဒ်မ ၉ အရမည်သည့်တရားစွဲဆိုမှုကိုမျှ မပြုလုပ်ရ။
နည်းဥပဒေများပြုလုပ်ရန် နိုင်ငံတော်သမတ၏ အာဏာ။
၁၁။ (၁) နိုင်ငံတော်သမတပြုလုပ်မည့် နည်းဥပဒေများကို အမိန့်ကြော်ငြာစာတွင် ကြိုတင်ထုတ်ပြန် ကြော်ငြာရမည် ဆိုသောစည်းကမ်းချက်ကို မဆန့်ကျင်ဘဲ၊ ဤအက်ဥပဒေပါ ကိစ္စများကိုဆောင်ရွက်ရန် အလို့ငှါ၊ နည်းဥပဒေများကို ပြုလုပ်နိုင်သည်။
(၂) အထက်ဆိုခဲ့သည့် အာဏာများ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ ပုဒ်မ ၆အရ၊ အပ်နှင်းထားသော စာချုပ်စာတမ်းများ ကြည့်ရှုနိုင်သည့်အခွင့်အရေး အဆောင်အအုံသို့ ဝင်ရောက်နိုင်သည့်အခွင့်အရေးကို ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ စည်းမျဉ်းသတ်မှတ်ရန် နည်းဥပဒေများကို ဤပုဒ်မအရ ပြုလုပ်နိုင်သည်။