Back

၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှု ကန့်သတ်ရေး အက်ဥပဒေ။

[၁၉၅၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၉]

 အောက်ပါအတိုင်းအက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။
အမည်နှင့်စတင်အာဏာတည်သည့်နေ့ရက်
၁။ (၁) ဤအက်ဥပဒေကို၊ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေဟုခေါ်တွင်စေရမည်။
(၂) ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည့်ပြင် နိုင်ငံတော် သမတသည်၊ အရပ်ဒေသများကို၎င်း လုပ်ငန်းအမျိုးအစားကို၎င်း ပိုင်းခြင်းပြီး၊ နေ့ရက်များကို ခွဲခြား၍ သတ်မှတ်နိုင်သည်။
အဓိပ္ပါယ်ဖော်ပြချက်
၂။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-
(က) "အလုပ်သမား" ဆိုသည်မှာ၊ ကျွမ်းကျင်မှု လိုသော အလုပ်ကိုသော်၎င်း၊ အသင့်အတင့်ကျွမ်းကျင်မှုလိုသော အလုပ်ကိုသော်၎င်း၊ ကျွမ်းကျင်မှုမလိုသောအလုပ်ကိုသော်၎င်း၊ စာရေးစာချီအလုပ်ကိုသော်၎င်း၊ အလုပ်သင်အလုပ်ကိုသော်၎င်း လုပ်ကိုင်သူတဦးဦးကိုဆိုလိုသည်။
(ခ) "အလုပ်ရှင်" ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရဌာနခွဲ အစိုးရလက်အောက်ခံ ဘုတ်အဖွဲ့၊ ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မီတီ၊ ဘဏ်နှင့် အခြားအဖွဲ့အစည်းတခုခုတွင် ၎င်း၊ အမြဲတန်းဖြစ်စေ၊ ယာယီဖြစ်စေ လုပ်ကိုင်သော အလုပ်သမားငါးဦးနှင့် ငါးဦးအထက်လုပ်ကိုင်သည့် သမဝါယမပိုင်၊ သို့မဟုတ် ပုဂ္ဂလိကပိုင်လုပ်ငန်းတခုခုတွင်၎င်း၊ အလုပ်သမားခန့်ထားပိုင်ခွင့်ရှိသူ၊ သို့မဟုတ် ယင်းသို့ခန့်ထားပိုင်ခွင့်ကို လွှဲအပ်ထားခြင်းခံရသူကိုဆိုလိုသည်။
(ဂ) "နိုင်ငံတော်သမတ" ဆိုသည်မှာ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်သမတကိုဆိုလိုသည်။
(ဃ) "အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာန" ဆိုသည်မှာ၁၉၅၀ ခုနှစ်၊ အလုပ်အကိုင်နှင့် သင်ကြားလေ့ကျင့်ရေးအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲစည်းတည်ဆောက်ထားသည့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနကို ဆိုလိုသည်။

အပိုင်း ၁

အလုပ်သမားများခန့်ထားမှု

အလုပ်ခန့်ထားမှု ကန့်သတ်ချက်နှင့် ကန့်သတ်ချက်ရပ်စဲခြင်း။
၃။ (၁) မည်သည့်အလုပ်ရှင်မဆို၊ မိမိဌာနတွင်ဖြစ်စေ၊ လုပ်ငန်းတွင်ဖြစ်စေ လုပ်ကိုင်သည့်အလုပ်သမားနေရာတခုခုလစ်လပ်သောအခါတိုင်း၊ သို့တည်းမဟုတ် အလုပ်သစ်ပေါ်ပေါက်သည့် အခါတိုင်း ထို့သို့လစ်လပ်သည့်နေ့ရက် သို့တည်းမဟုတ် ထိုအလုပ်သစ်ပေါ်ပေါက်သည့် နေ့ရက်မှ ခုနှစ်ရက်အတွင်း လစ်လပ်ကြောင်းကိုဖြစ်စေ၊ ပေါ်‌ပေါက်ကြေးကိုဖြစ်စေ၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနသို့ အကြောင်းကြားစာပေးပို့ရမည့်ပြင်၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနသို့ အကြောင်းကြားစာတွင် အပြည့်အစုံဖော်ပြရမည်။
(၂) အလုပ်ရှင်သည်၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနက ပုဒ်မခွဲ (၃)အရ ပေးသည့်စာရင်းကို ရရှိသည့်နေရက်မှ ခုနှစ်ရက်အတွင်း လစ်လပ်သောနေရာ၊ သို့တည်းမဟုတ် အလုပ်သစ်နေရာအတွက် ထိုစာရင်းတွင်အမည်ပါရှိသော အလုပ်သမားများထဲမှ သင့်တော်သူကို ရွေးချယ်ခန့်ထားရမည်၊ ထိုသို့ခန့်ထားခြင်းခံရသော အလုပ်သမားသည်၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ဌာနတွင် အမည်တင်ထားပြီးသူဖြစ်ရမည်။
(၃) အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးဌာနသည်၊ ပုဒ်မခွဲ (၁)တွင် ရည်ညွှန်းသည့် အကြောင်းကြားစာကိုရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း၊ အလုပ်သမားများ၏ အမည်စာရင်းကို အလုပ်ရှင်ထံသို့ပေးပို့ရမည်။
(၄) အလုပ်ရှင်က ပုဒ်မခွဲ (၁)အရ၊ အကြောင်းကြားစာ ပေးပို့ပြီးနောက်၊ ပုဒ်မခွဲ (၃)တွင် သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြားအတွင်း အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနက အလုပ်ရှင်ထံသို့ အလုပ်သမားများ မပေးသွင်းနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့လျှင် ဤပုဒ်မခွဲပါ ကန့်သတ်ချက်များသည်၊ ထိုလစ်လပ်သော၊ သို့တည်းမဟုတ် အသစ်ပေါ်ပေါက်သောနေရာနှင့် စပ်လျဉ်း၍ အတည်ဖြစ်ခြင်းမှ ရပ်စဲစေရမည်။
ခြွင်းချက်။ ။ သို့ရာတွင် လစ်လပ်သော၊ သို့တည်းမဟုတ် အသစ်ပေါ်ပေါက်သောနေရာတခုခုတွင်၊ အလုပ်ရှင်က တည်ဆဲအလုပ်ခန့်ထားရေး စည်းမျဉ်းဥပဒေများအရ၊ မိမိ၏ဌာနမှသော်၎င်း၊ လုပ်ငန်းမှသော်၎င်း သင့်တော်သောအလုပ်သမားများကို တိုးတက်ပြောင်းလဲခန့်ထားနိုင်သည်။ ထို့ပြင် ထိုသို့လစ်လပ်သော၊ သို့တည်းမဟုတ် အသစ်ပေါ်ပေါက်သော နေရာတခုခုတွင် ခန့်ထားရန် မလိုလျှင်၊ ယင်းသို့မလိုသည့်အကြောင်း အချက်အလက်အပြည့်အစုံကို၊ ပုဒ်မခွဲ (၁)အရ ပေးပို့သည့်အကြောင်းကြားစာနှင့်တကွ၊ အလုပ်အကိုင်နှင့် အလုပ်သမာရှာဖွေရေးဌာနသို့ ပေးပို့ရမည်။
(၄) ပုဒ်မ ၁၏ ပုဒ်မခွဲ (၂) အရသတ်မှတ်ထားသည့် အရပ်ဒေသ၌ရှိသော သတ်မှတ်သည့်လုပ်ငန်းများတွင် ဤအက်ဥပ‌ဒေစတင်အာဏာမတည်မီက၊ အလုပ်လုပ်ကိုင်နေကြသော အလုပ်သမား အားလုံး၏ အမည်စာရင်းကို ဤအက်ဥပဒေစတင်အာဏာတည်ပြီးသည့်နောက် သုံးလအတွင်း သက်ဆိုင်ရာအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနတွင် သက်ဆိုင်ရာအလုပ်ရှင်က ပေးပို့တင်သွင်းထားကြရမည်။

အပိုင်း ၂

အရပ်ရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ။

နည်းဥပဒေပြုအာဏာ
၅။ နိုင်ငံတော်သမတသည်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်စေရန်အလို့ငှါ၊ ဤအက်ဥပ‌ဒေနှင့်အညီ၊ နည်းဥပဒေများပြုနိုင်သည်။
ပြစ်ဒဏ်။
၆။ (၁) အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနသည် ဤအက်ဥပဒေပါပြဋ္ဌာန်းချက် တခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရ၊ ပြုသည့်နည်းဥပဒေတခုခုကိုဖြစ်စေ၊ ဆန့်ကျင်လျှင်၊ သို့တည်းမဟုတ် လိုက်နာရန်ပျက်ကွက်လျှင်၊ ထိုဌာန၏ မန်နေဂျာသည်၊ သို့တည်းမဟုတ် တာဝန်ခံအရာရှိသည်၊ ဌာနဆိုင်ရာအရေးယူခြင်းခံရမည်။
(၂) ဤပုဒ်မအရ ဖြစ်သောပြစ်မှုကို အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနတွင် အမည်တင်သွင်းထားသည့် သက်ဆိုင်ရာ နစ်နာသူအလုပ်သမား၊ သို့တည်းမဟုတ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနသို့ လာရောက်အမည်တင်သွင်းသော နစ်နာသူအလုပ်သမားတို့ကသာ တိုင်တန်းနိုင်ခွင့်ရှိသည်။
(၃) ပုဒ်မခွဲ (၂)အရ တိုင်တန်းသော အလုပ်သမားသည်၊ မိမိ၏တိုင်တန်းချက်တွင်၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနကို မိမိကိုယ်တိုင်သိလျက်နှင့် မမှန်ကန်သော စွပ်စွဲချက်များဖြင့် စွပ်စွဲလျှင်၊ သုံးလထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးရာထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရာလုံးဖြစ်စေ စီရင်ခြင်းခံရမည်။
သို့ရာတွင် ဤပုဒ်မခွဲအရ စီရင်သည့်ငွေဒဏ်သည်၊ ကျပ်တရာအောက်မနည်းစေရ။
မည်သူသည် အလုပ်ရှင်ဖြစ်ကြောင်း ဆုံးဖြတ်ချက်။
၇။ (၁) အလုပ်ရှင်သည် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ဌာနတခုဖြစ်လျှင်၊ ထိုဌာနတွင် ပါဝင်သူတို့အနက်၊ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါ အလုပ်ရှင်အဖြစ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနတွင် အမည်တင်သွင်းထားသူမည်သူမဆို၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေတခုခုကိုဖြစ်စေ ဆန့်ကျင်လျှင်၊ သို့တည်းမဟုတ် လိုက်နာရန်ပျက်ကွက်လျှင် ဌာနဆိုင်ရာအရေးယူခြင်းခံရမည်။
သို့ရာတွင် ယင်းသို့အမည်တင်သွင်းထားခြင်းမရှိလျှင်၊ ထိုဌာန၏ အတွင်းဝန်သည်၊ ထိုပြစ်မှုအတွက် ဌာနဆိုင်ရာအရေးယူခြင်းခံရမည်။
(၂) အလုပ်ရှင်သည် တရားဥပဒေအရ ဖွဲ့စည်းထားသော ဘုတ်အဖွဲ့၊ သို့တည်းမဟုတ် ကော်ပိုရေးရှင်းဖြစ်လျှင်၊ ထိုအဖွဲ့၊ သို့တည်းမဟုတ် ကော်ပိုရေးရှင်းလက်အောက်တွင် အမှုထမ်းရွက်နေသူတို့အနက်၊ ဤအက်ဥပဒေပါကိစ္စများအလို့ငှါ အလုပ်ရှင်အဖြစ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနတွင် အမည်တင်သွင်းထားသူသည်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက် တခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေတခုခုကိုဖြစ်စေ၊ ဆန့်ကျင်လျှင်၊ သို့တည်းမဟုတ် လိုက်နာရန်ပျက်ကွက်လျှင်၊ ဌာနဆိုင်ရာ အ‌ရေးယူခြင်းခံရမည်။
သို့ရာတွင် ယင်းသို့အမည်တင်သွင်းထားခြင်းမရှိလျင်၊ ထိုဘုတ်အဖွဲ့ သို့တည်းမဟုတ် ကော်ပိုရေးရှင်းသော်၎င်း၊ အထွေထွေမန်နေဂျာသည်သော်၎င်း၊ တာဝန်ခံအုပ်ချုပ်သူသည် သော်၎င်း ဌာနဆိုင်ရာအရေးယူခြင်းခံရမည်။
(၃) အလုပ်ရှင်သည် ဒေသန္တရအာဏာပိုင်အဖွဲ့၊ သို့တည်းမဟုတ် ဖက်စပ်လုပ်ငန်း သို့တည်းမဟုတ် သီးခြားပုဂ္ဂိုလ်များပါဝင်သည့်အဖွဲ့ဖြစ်လျှင်၊ ထိုဒေသန္တရအာဏာပိုင်အဖွဲ့၏ ဥက္ကဋ္ဌသည်၊ သို့တည်းမဟုတ် ထိုဖက်စပ်လုပ်ငန်းတွင် ဖက်စပ်ပါဝင်သူများ၊ သို့တည်းမဟုတ် ထို့အဖွဲ့တွင်ပါဝင်သူများအနက် မည်သူမဆို၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက် တခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေ တခုခုကိုဖြစ်စေ၊ ဆန့်ကျင်လျှင်၊ သို့တည်းမဟုတ် လိုက်နာရန်ပျက်ကွက်လျှင်၊ ပဋ္ဌမပြစ်မှုအတွက် ကျပ်ငါးရာထိငွေဒဏ် စီရင်ခြင်းခံရမည်။ ထိုပြင်ဒုတိယအကြိမ်မှစ၍ နောက်ထပ်ကျူးလွန်သည့်ပြစ်မှုအသီးသီးအတွက် အနည်းဆုံးတလ၊ အများဆုံးသုံးလထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ အနည်းကျပ်သုံးရာ၊ အများဆုံး ကျပ်ငါးရာထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။/td>
သို့ရာတွင် ထို့ဒေသန္တရအာဏာပိုင်အဖွဲ့၊ သို့တည်းမဟုတ် ထိုဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် ထိုအဖွဲ့တွင်ပါဝင်သူတို့အနက်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၌ နေထိုင်သူတဦးတယောက်ကို၊ ဤအက်ဥပ‌ဒေပါကိစ္စများအလို့ငှါ၊ အလုပ်ရှင်အဖြစ်ရွေးချယ်ထားပြီးဖြစ်ကြောင်းဖြင့် ထိုဒေသန္တရအာဏာပိုင်အဖွဲ့၊ သို့တည်းမဟုတ် ထိုဖက်စပ်လုပ်ငန်း၊ သို့တည်းမဟုတ် ထိုအဖွဲ့က၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနသို့အမည်တင်သွင်းထားရန် လျှောက်ထားရမည်။ ထို့ပြင် ထိုသူသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သမျှကာလပတ်လုံး မိမိအားအမည်တင်သွင်းထားခြင်းကို ပယ်ဖျက်သည့် နောက်ထပ်လျှောက်လွှာကို အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာနက မရမီသော်၎င်း၊ မိမိသည်ထိဒေသန္တရအာဏာပိုင်အဖွဲ့တွင်၊ သို့တည်းမဟုတ် ထိုဖက်စပ်လုပ်ငန်းတွင်၊ သို့တည်းမဟုတ် ထိုအဖွဲ့တွင် အဖွဲဝင်အဖြစ်မှ၊ သို့တည်းမဟုတ် အစုပါဝင်သူအဖြစ်မှ၊ သို့တည်းမဟုတ် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်းမပြုမီသော်၎င်း ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါ၊ အလုပ်ရှင်ဖြစ်သည်ဟု မှတ်ယူရမည်။
(၄) အလုပ်ရှင်သည်၊ အများပိုင်ကုမ္ပဏီဖြစ်လျှင်၊ ထိုကုမ္ပဏီ၏ လူကြီးများအနက်၊ မည်သည့်ဒါရိုက်တာလူကြီးကိုမဆို၊ သို့တည်းမဟုတ် အနည်းပိုင်ကုမ္ပဏီဖြစ်လျှင်၊ ထိုကုမ္ပဏီတွင် အစုပါဝင်သူများအနက်၊ မည်သည့်အစုပါဝင်သူကိုမဆို၊ ဤအက်ဥပဒေပါပြဋ္ဌာန်းချက်တခုခုကိုဖြစ်စေ၊ ဤအက်ဥ၌ဒေအရပြုသည့် နည်းဥပဒေတခုခုကို ဖြစ်စေဆန့်ကျင်လျှင်၊ သို့တည်းမဟုတ် လိုက်နာရန်ပျက်ကွက်လျှင်၊ ပဋ္ဌမပြစ်မှုအတွက် ကျပ်ငါးရာထက် မပိုသောငွေဒဏ်စီရင်ခြင်းခံရမည်။ ထို့အပြင် ဒုတိယအကြိမ်မှစ၍ နောက်ထပ်ကျူးလွန်သည့် ပြစ်မှုအသီးသီးအတွက် အနည်းဆုံးတလ၊ အများဆုံးသုံးလထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သုံးရာ၊ အများဆုံးကျပ်ငါးရာထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
သို့ရာတွင် ထိုကုမ္ပဏီသည်၊ အများပိုင်ကုမ္ပဏီဖြစ်လျှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံနေထိုသည့်ဒါရိုက်တာလူကြီးတဦးကိုသော်၎င်း၊ အနည်းပိုင်ကုမ္ပဏီဖြစ်လျှင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သည့် အစုပါဝင်သူတဦးကိုသော်၎င်း၊ ဤအက်ဥပဒေပါကိစ္စများအလို့ငှါ အလုပ်ရှင်အဖြစ်ရွေးချယ်ထားပြီးဖြစ်ကြောင်းဖြင့်၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးဌာန သို့အမည်တင်သွင်းထားရန် လျှောက်ထားရမည်၊ ထို့ပြင် ယင်းသို့ အမည်တင်သွင်းထားသည့် ဒါရိုက်တာလူကြီးသည်၊ သိုတည်မဟုတ် အစုပါဝင်သူသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သမျှကာလပတ်လုံး မိမိအား အမည်တင်သွင်းထားခြင်းကို ပယ်ဖျက်သည့် နောက်ထပ်လျှောက်လွှာကို၊ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးဌာနက မရမီသော်၎င်း၊ မိမိသည်၊ ဒါရိုက်တာလူကြီးအဖြစ်မှ သို့တည်းမဟုတ် အစုပါဝင်သူအဖြစ်မှ ရပ်စဲခြင်းမပြုမီသော်၎င်း ဤအက်ဥပဒေပါကိစ္စများအလို့ငှါ၊ အလုပ်ရှင်ဖြစ်သည်ဟု မှတ်ယူရမည်။
ပြစ်မှုများကိုအရေးယူပိုင်ခွင့်။
၈။ ပဋ္ဌမတန်း ရာဇဝတ်တရားသူကြီးရုံးအောက်နိမ့်သော မည်သည့်တရားရုံးကမျှ၊ ဤအက်ဥပဒေအရဖြစ်သောပြစ်မှု တခုခုကိုစစ်ဆေးစီရင်ခြင်းမပြုရ။
တိုင်တန်းနိုင်သူ။
၉။ ပုဒ်မ ၇၊ ပုဒ်မခွဲ (၃)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၄)အရဖြစ်သော ပြစ်မှုကို၊ ဤကိစ္စအလို့ငှါ နိုင်ငံတော်သမတ ခန့်ထားသည့် အာဏာပိုင်က တိုင်တန်းခြင်းမပြုလျှင်၊ မည်သည့်တရားရုံးကမျှ အရေးမယူရ။