နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၃/၉၉)
၁၃၆၁ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၂ ရက်
(၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်
| ၁။ |
ဤဥပဒေကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဟုခေါ်တွင်စေရမည်။ |
| ၂။ |
ဤဥပဒေတွင် ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်- |
|
(က) |
ပြည်ပအလုပ်အကိုင် ဆိုသည်မှာ အောက်ပါအလုပ်အကိုင်များမှအပ ကာလအကန့်အသတ်ဖြင့် ပြည်ပသို့ သွားရောက်၍ အလုပ်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းတစ်ခုခုကိုဆိုသည်။ ယင်းစကားရပ်တွင် ပြည်ပရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ယင်းအဖွဲ့များ၏ လက်အောက်ခံအဖွဲ့အစည်းများတွင် ပုဂ္ဂလိက အနေဖြင့် သွားရောက်လုပ်ကိုင်လျက်ရှိသော လုပ်ငန်းလည်း ပါဝင်သည်- |
|
|
(၁) |
ပင်လယ်ကူးသင်္ဘောသား အလုပ်အကိုင်၊ |
|
|
(၂) |
အစိုးရဌာန၊ အဖွဲ့အစည်း တစ်ခုခုက တာဝန်ပေးချက်အရ အစိုးရဝန်ထမ်းများနှင့် ကျွမ်းကျင်သူများက ပြည်ပသို့သွားရောက် လုပ်ကိုင်သည့် အလုပ်အကိုင်။ |
|
(ခ) |
အလုပ်သမား ဆိုသည်မှာ ပြည်ပအလုပ်အကိုင်တစ်ခုခုကို လုပ်ခဖြင့် လုပ်ကိုင်လျက်ရှိသည့် အလုပ်သမား၊ လုပ်ကိုင်ရန် ခန့်ထားခြင်းခံရသည့် အလုပ်သမားနှင့် အလုပ်သင်အဖြစ် ခန့်ထားခြင်း ခံရသောသူတိုကို ဆိုသည်။ |
|
(ဂ) |
အကျိုးဆောင် ဆိုသည်မှာ ပြည်ပအလုပ်အကိုင်ရှာဖွေသူများ အလုပ်ရရှိရေးအတွက် သတ်မှတ်သည့် ဝန်ဆောင်ခ ရယူ၍ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။ |
|
(ဃ) |
ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေ ပုဒ်မ ၄ အရ ဖွဲစည်းသော ပြည်ပအလုပ်အကိုင်ဆိုင်ရာဗဟိုကော်မတီကို ဆိုသည်။ |
|
(င) |
ကြီးကြပ်ရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေ ပုဒ်မ ၇အရ ဖွဲ့စည်းသော ပြည်ပအလုပ်အကိုင်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ကိုဆိုသည်။ |
|
(စ) |
ဦးစီးဌာန ဆိုသည်မှာ အလု့ပ်သမားဝန်ကြီးဌာနလက်အောက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကိုဆိုသည်။ |
အခန်း(၂)
ရည်ရွယ်ချက်များ
| ၃။ |
ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ |
|
(က) |
နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်၏ လူ့စွမ်းအားကို စနစ်တကျအကျိုးရှိစွာ အသုံးချနိုင်ရန်၊ |
|
(ခ) |
ပြည်ပ အလုပ်အကိုင် ရှာဖွေသူများအနေဖြင့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး ပြည်ပသို့ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရန်၊ |
|
(ဂ) |
အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်နှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်စေရန်၊ |
|
(ဃ) |
ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့် အသိပညာများ၊ အတက်ပညာများကို ပြည်တွင်းတွင် စနစ်တကျ ပြန်လည်အသုံးချ ဆောင်ရွက်ခွင့်ရရှိနိုင်ရန်၊ |
အခန်း(၃(
ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
| ၄။ |
အလုပ်သမားဝန်ကြီးဌာနသည်- |
|
(က) |
အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းရမည်- |
|
|
(၁) |
ဝန်ကြီး အလုပ်သမားဝန်ကြီးဌာန |
ဥက္ကဋ္ဌ |
|
|
(၂) |
ဒုတိယဝန်ကြီး အလုပ်သမားဝန်ကြီးဌာန |
ဒုတိယဥက္ကဋ္ဌ |
|
|
(၃) |
သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ |
အဖွဲ့ဝင်များ |
|
|
(၄) |
အလုပ်သမားရေးရာနှင့် သက်ဆိုင်သည့်အစိုးရဌာန၊ အဖွဲ့အစည်းများမှ အကြီးအကဲများ |
အဖွဲ့ဝင်များ |
|
|
(၅) |
အလုပ်သမားရေးရာနှင့် စပ်လျဉ်း၍ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များ |
အဖွဲ့ဝင်များ |
|
|
(၆) |
သင့်လျော်သည့် နိုင်ငံသားများ |
အဖွဲ့ဝင်များ |
|
|
(၇) |
ညွှန်ကြားရေးမှူးချုပ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန |
အတွင်းရေးမှူး |
|
(ခ) |
ပုဒ်မခွဲ (က)အရ ဖွဲ့စည်းသည့် ဗဟိုကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ |
| ၅။ အစိုးရ ဝန်ထမ်း မဟုတ်သော ဗဟိုကော်မတီ အဖွဲ့ဝင်သည် အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။ |
| ၆။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
|
(က) |
နိုင်ငံတော်၏ လူ့စွမ်းအားကို စနစ်တကျ အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်ဆိုင်ရာ မူဝါဒချမှတ်ခြင်း၊ |
|
(ခ) |
ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး အလုပ်လုပ်ကိုင်ခွင့် ပြုရေးတို့နှင့် စပ်လျဉ်း၍ ချမှတ်ထားသော မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်းပြည်ပရှိ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ |
|
(ဂ) |
အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန် နှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်ရေး အတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ |
|
(ဃ) |
ပြည်ပ အလုပ်အကိုင် အမျိုးအစားလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့် အသိပညာများ အတက်ပညာများကို ပြည်တွင်းတွင် စနစ်တကျ ပြန်လည် အသုံးချနိုင်ရေးအတွက် လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ |
|
(င) |
ပြည်ပအလုပ်အကိုင် သွားရောက်လုပ်ကိုင်ခွင့် မရှိသော ပြည်ပနိုင်ငံများ၊ လုပ်ငန်းအဖွဲ့အစည်းအမျိုးအမည်များနှင့် လုပ်ငန်းအမျိုးအစားများကို သတ်မှတ်ကြေညာခြင်း၊ |
|
(စ) |
အကျိုးဆောင် လိုင်စင် ထုတ်ပေးခြင်း၊ အကျိုးဆောင် လိုင်စင်ပယ်ဖျက်ခြင်းနှင့် အကျိုးဆောင်လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုတ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လမ်းညွှန်ခြင်း၊ |
|
(ဆ) |
ပြည်ပ အလုပ်အကိုင်အမျိုးအစား အလိုက်ဝန်ဆောင်မှုအတွက် ဦးစီးဌာနက ကောက်ခံခွင့်ရှီသည့် ဝန်ဆောင်ခနှင့် အကျိုးဆောင်က ရထိုက်ခွင့်ရှိသည့် ဝန်ဆောင်ခ သတ်မှတ်ခြင်း၊ |
|
(ဇ) |
အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း၊ |
အခန်း(၄)
ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
| ၇။ |
အလုပ်သမားဝန်ကြီးဌာနသည်- |
|
(က) |
ပြည်ပအလုပ်အကိုင်ဆိုင်ရာလုပ်ငန်းများ စနစ်တကျဖြစ်စေခြင်း၊ ကြီးကြပ်ကွပ်ကဲရန် ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ သင်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများမှ သင့်လျော်သော ပုဂ္ဂိုလ်များနှင့် ပြင်ပမှ အလုပ်သမားရေးရာ နှင့်စပ်လျဉ်း၍ ကျွမ်းကျင်သူ ပုဂ္ဂိုလ်များက အဖွဲ့ဝင်များ အဖြစ်လည်းကောင်းပါဝင်သည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းရမည်။ |
|
(ခ) |
ပုဒ်မခွဲ (က)အရ ဖွဲ့စည်းရာတွင် လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ်နိုင်သည်။ |
|
(ဂ) |
ကြီးကြပ်ရေးအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ |
|
(ဃ) |
အစိုးရဝန်ထမ်းမဟုတ်သော ကြီးကြပ်ရေးအဖွဲ့ဝင်ခံစားရမည့် ချီးမြှင့်ငွေကို သတ်မှတ်နိုင်သည်။ |
| ၈။ |
ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်- |
|
(က) |
ပြည်ပ အလုပ်အကိုင်နှင့် စပ်လျဉ်း၍ ဗဟိုကော်မတီက ချမှတ်သော မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ |
|
(ခ) |
ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး အလုပ်လုပ်ကိုင်ခွင့်နှင့် အခွင့်အရေးများရရှိရေး၊ လုပ်ငန်းခွင် နစ်နာကြေးများ ရရှိခံစားရေးတို့နှင့် စပ်လျဉ်း၍ အခတ်အခဲများ မရှိစေရန် ပြည်တွင်းပြည်ပရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ |
|
(ဂ) |
ဦးစီးဌာနက ပြည်ပ အလုပ်အကိုင် အတွက် တာဝန်ယူ စီစဉ်ပေးသော အလုပ်သမားများ စုဆောင်ခြင်း၊ ရွေးချယ်ပေးခြင်းနှင့် ယင်းအလုပ်သမားများအား လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန် အစိုးရဌာန အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ၏ အကူအညီကို ရယူ၍ လေ့ကျင့်ပညာပေးခြင်း၊ |
|
(ဃ) |
အစိုးရဌာန၊ အဖွဲ့အစည်း တစ်ခုခုကဖြစ်စေ၊ အကျိုးဆောင်လုပ်ငန်း တစ်ခုခုကဖြစ်စေ ဖွင့်လှစ်ဆောင်ရွက်သော ပြည်ပ အလုပ်အကိုင်နှင့် စပ်လျဉ်းသည့် လုပ်ငန်းကျွမ်းကျင်မှု ဆိုင်ရာသင်တန်းများကို ညှိနှိုင်းပေါင်းစပ်ပေးခြင်း၊ ကြီးကြပ်ရေးနှင့် လိုအပ်ပါက ဦးစီးဌာန၏ အစီအစဉ်ဖြင့် ယင်းသင်တန်းများကို ဖွင့်လှစ်ခြင်း၊ |
|
(င) |
အကျိုးဆောင်လိုင်စင် လျှောက်ထားခြင်း၊ အကျိုးဆောင်လိုင်စင် ပယ်ဖျက်ခြင်း၊ အကျိုးဆောင်လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုတ်သိမ်းခြင်းနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း၊ |
|
(စ) |
အကျိုးဆောင်လုပ်ငန်းများ၊ စစ်ဆေးရေးကိစ္စနှင့် ပြည်ပသို့ ထွက်ခွာမည့် အလုပ်သမားများအား စစ်ဆေးရေးကိစ္စများအတွက် လိုအပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ငယ်များကို ဖွဲစည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊ |
|
(ဆ) |
အလုပ်သမားများက ဤဥပဒေအရ မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပအလုပ်အကိုင် သွားရောက်လုပ်ကိုင်ခြင်း မပြုစေရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ |
|
(ဇ) |
အလုပ်သမားများ ပြည်ပသို့ ထွက်ခွာခွင့်ကိစ္စ၊ ပြည်ဝင်ခွင့်ဗီဇာကိစ္စများ လွယ်ကူအဆင်ပြေမှုရှိစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ |
|
(ဈ) |
အလုပ်သမားများအား ပြည်ပသို့မထွက်ခွာမီ စုံစမ်းစစ်ဆေးရေး အဖွဲ့ငယ်၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်ပသို့ထွက်ခွာရန် မသင့်ကြောင်းတွေ့ရှိပါက ပိတ်ပယ်ခြင်း၊ |
|
(ည) |
ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက်ရရှိခဲံသော အတွေ့အကြုံနှင့် အသိပညာများ၊ အတက်ပညာများကို ပြည်တွင်းတွင် စနစ်တကျ ပြန်လည် အသုံးချခွင့် ရရှိစေရေးအတွက် ပံ့ပိုးကူညီခြင်း၊ |
|
(ဋ) |
ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ရရှိသော သတင်းအချက်အလက်များကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် အကျိုးဆောင်များအား အသိပေးခြင်း၊ |
|
(ဌ) |
ဗဟိုကော်မတီက သတ်မှတ်သည့် ဝန်ဆောင်ခ ကောက်ခံမှုကို ကြီးကြပ်ခြင်း၊ |
|
(ဍ) |
အလုပ်သမားဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊ |
အခန်း (၅)
မှတ်ပုံတင်ခြင်း
| ၉။ |
(က) |
ပြည်ပအလုပ်အကိုင် ရှာဖွေသူသည် ဦးစီးဌာနက မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားသော ပြည်ပအလုပ်အကိုင် အမျိုးအစားတစ်ခုခုကို ရှာဖွေခြင်း ဖြစ်ပါက ပြည်ပအလုပ်အကိုင် ရှာဖွေသူအဖြစ် ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။ |
|
(ခ) |
ဦးစီးဌာနသည် ပြည်ပအလုပ်အကိုင် ရှာဖွေသူအဖြစ် မှတ်ပုံတင်ထားသူအား ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ အကျိုးဆောင်များနှင့် ဆက်သွယ်ဆောင်ရွက်ပေးရမည်။ |
|
(ဂ) |
ပြည်ပအလုပ်အကိုင် ရှာဖွေသူအဖြစ် မှတ်ပုံတင်ထားသူသည် ပြည်ပအလုပ်အကိုင်ကို လုပ်ကိုင်ခွင့်ရရှိပါက ဦးစီးဌာနတွင် အလုပ်သမားအဖြစ် မှတ်ပုံတင်ရမည်။ |
| ၁၀။ ပြည်ပအလုပ်အကိုင်ရှာဖွေသူအဖြစ်ဦးစီးဌာနက မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားသော ပြည်ပအလုပ်အကိုင် တစ်ခုခုကို လုပ်ကိုင်ခွင့်ရရှိသူသည် ဦးစီးဌာနတွင် အလုပ်သမားအဖြစ် မှတ်ပုံတင်ရမည်။ |
| ၁၁။ ဤဥပဒေ အာဏာမတည်မီက ပြည်ပ အလုပ်အကိုင်တစ်ခုခုကို လုပ်ကိုင်လျက်ရှိသူသည် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိပြီး ပြည်ပအလုပ်အကိုင်နှင့် တစ်ခုခုကို ဆက်လက်လုပ်ကိုင်ပါက သတ်မှတ်ချက်နှင့်အညီ ဦးစီးဌာနတွင် အလုပ်သမားအဖြစ်မှ မှတ်ပုံတင်ရမည်။ |
| ၁၂။ |
ဦးစီးဌာနသည်- |
|
(က) |
ပြင်ပအလုပ်အကိုင် ရှာဖွေသူမှတ်ပုံတင်စာအုပ်ကိုလည်းကောင်း၊ အလုပ်သမား မှတ်ပုံတင်စာအုပ်ကိုလည်းကောင်း၊ သီးခြားဖွင့်၍ သတ်မှတ်ချက်များနှင့် အညီမှတ်ပုံတင်ပေးရမည်။ |
|
(ခ) |
အလုပ်သမားအား ပြည်ပသို့ မထွက်ခွာမီ မှတ်ပုံတင်ပေးပြီးကြောင်း အထောက်အထားသက်သေခံလက်မှတ် ထုတ်ပေးရမည်။ |
အခန်း (၆)
အကျိုးဆောင်လိုင်စင်
| ၁၃။ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်လိုသူသည် အကျိုးဆောင်လိုင်စင် ထုတ်ပေးရန် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။ |
| ၁၄။ |
ဦးစီးဌာနသည်- |
|
(က) |
အကျိုးဆောင် လိုင်စင် လျှောက်ထားချက်ကို စိစစ်ပြီး ကြီးကြပ်ရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် အကျိုးဆောင်လိုင်စင် ထုတ်ပေးခြင်း သို့မဟုတ် အကျိုးဆောင်လိုင်စင် ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။ |
|
(ခ) |
အကျိုးဆောင် လိုင်စင်ထုတ်ပေးခြင်း မပြုမီ သတ်မှတ်ထားသော အကျိုးဆောင် လိုင်စင်ခကို ပေးသွင်းစေပြီး စည်းကမ်းချက်များ သတ်မှတ်၍ လျှောက်ထားသူအား လိုင်စင်ထုတ်ပေးရမည်။ |
|
(ဂ) |
အကျိုးဆောင် လိုင်စင် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ လိုအပ်လျှင် စုံစမ်းစစ်ဆေးရန်အလို့ငှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ငယ်ကို ဖွဲ့စည်း၍ ဖြစ်စေ၊ သင့်လျော်သည့်အရာရှိ တစ်ဦးဦးကိုဖြစ်စေ တာဝန်ပေးအပ်နိုင်သည်။ |
| ၁၅။ အကျိုးဆောင်လိုင်စင်ရရှိသူက အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်းတွေ့ရှိလျှင် ဦးစီးဌာနသည် ကြီးကြပ်ရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် အကျိုးဆောင်လိုင်စင်ပယ်ဖျက်ခြင်း သို့မဟုတ် အကျိုးဆောင်လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း ပြုနိုင်သည်- |
|
(က) |
အကျိုးဆောင် လိုင်စင် စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ |
|
(ခ) |
အကျိုးဆောင်က အလုပ်အကိုင်ရှာဖွေသူအတွက် ဖြစ်စေ၊ အလုပ်သမားအတွက်ဖြစ်စေ ဆောင်ရွက်ပေးရန် တာဝန်ယူထားသည့်အတိုင်း မဆောင်ရွက်ခြင်း၊ |
|
(ဂ) |
ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အကျိုးဆောင်လိုင်စင်ကို လွှဲပြောင်းလုပ်ကိုင်စေခြင်း၊ |
|
(ဃ) |
သတ်မှတ်ထားသည့် ဝန်ဆောင်ခထက် ပိုမိုတောင်းခံခြင်း၊ |
|
(င) |
ပြည်ပ အလုပ်အကိုင်ဆိုင်ရာ စာရင်းများနှင့် အချက်အလက်များကို သတ်မှတ်ချက်များနှင့် အညီဦးစီးဌာနသို့ ပေးပို့ရန်ပျက်ကွက်ခြင်း၊ |
| ၁၆။ ကြီးကြပ်ရေးအဖွဲ့သည် အကျိုးဆောင် လိုင်စင်ပယ်ဖျက်ရန်သို့မဟုတ် အကျိုးဆောင် လိုင်စင်ကို ကာလ အကန့်အသတ်ဖြင့် ရုပ်သိမ်းရန် ကိစ္စနှင့်စပ်လျဉ်း၍ လိုအပ်လျှင် စုံစမ်းစစ်ဆေးရန် အလို့ငှာ စစ်ဆေးရေးအဖွဲ့ကို ဖွဲစည်း၍ဖြစ်စေ၊ သင့်လျော်သည့်အရာရှိတစ်ဦးဦးကို ဖြစ်စေ တာဝန်ပေးနိုင်သည်။ |
| ၁၇။ အလုပ်သမား ဝန်ကြီးဌာနသည် အကျိုးဆောင် လိုင်စင်သက်တမ်း၊ လိုင်စင်ကြေး၊ ရက်လွန်ကြေး၊ ဒဏ်ကြေးနှင့် အာမခံကြေးများကို အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားရမည်။ |
အခန်း(၇)
အယူခံခြင်း
| ၁၈။ အောက်ပါအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်သောနေ့မှ ရက်ပေါင်း ၆၀ အတွင်း အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးထံ အယူခံနိုင်သည်- |
|
(က) |
ဦးစီးဌာနက ကြီးကြပ်ရေးအဖွဲ့၏ အတည်ပြုချက်ဖြင့် အကျိုးဆောင် လိုင်စင် ထုတ်ပေးကြောင်း၊ ငြင်းပယ်ကြောင်း ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်၊ |
|
(ခ) |
ကြီးကြပ်ရေး အဖွဲ့က အကျိုးဆောင်လိုင်စင်ပယ်ဖျက်ကြောင်း သို့မဟုတ် အကျိုးဆောင်လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုတ်သိမ်းကြောင်း သို့မဟုတ် အလုပ်သမားအား ပြည်ပသို့ထွက်ခွာခွင့်ကို ပိတ်ပင်ကြောင်း ချမှတ်သည့် အမိန့်သို့မဟုတ် ဆုံးဖြတ်ချက်။ |
| ၁၉။ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။ |
အခန်း(၈)
အလုပ်သမားများ၏ တာဝန်နှင့် အခွင့်အရေးများ
| ၂၀။ |
အလုပ်သမားသည် ပြည်ပသို့မထွက်ခွာမီ- |
|
(က) |
ကြီးကြပ်ရေးအဖွဲ့က စီစဉ် ညွှန်ကြားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးမှုကို ခံယူပြီး ကျန်းမာကြောင်း ထောက်ခံချက်လက်မှတ်ရယူထားရမည်။ |
|
(ခ) |
မှတ်ပုံတင်ပြီးကြောင်း ဦးစီးဌာနကထုတ်ပေးသော အထောက်အထား သက်သေခံ လက်မှတ်ရရှိပြီး ဖြစ်ရမည်။ |
| ၂၁။ မှတ်ပုံတင်ပြီး ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားသည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေစဉ် ထူးခြားသည့် အလုပ်အကိုင်အခြေအနေ သက်ဆိုင်ရာ အကျိုးဆောင်သို့ သတ်မှတ်ချက်များနှင့်အညီ သတင်းပို့ရမည်။ အကျိုးဆောင်နှင့် ဆက်သွယ်၍ သွားရောက်လုပ်ကိုင်ခဲ့ခြင်း မဟုတ်ပါက သက်ဆိုင်ရာ မြန်မာသံရုံးသို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ သတ်မှတ်ချက်များနှင့် အညီသတင်းပို့ရမည်။ အဆိုပါရုံးများ မရှိလျှင် ဦးစီးဌာနသို့ သတင်းပို့ရမည်။ |
| ၂၂။ အလုပ်သမားသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး နောက်လက်ရှိလုပ်ကိုင်လျက်ရှိသော ပြည်ပအလုပ်အကိုင်မဟုတ်ဘဲ အခြားပြည်ပ အလုပ်အကိုင်တစ်ခုခုကို လုပ်ကိုင်ရန်အတွက် ပြည်ပသို့ထွက်ခွာမည်ဆိုလျှင် ပုဒ်မ ၂၀ နှင့်အညီ ဆောင်ရွက်ပြီးမှသာ ပြည်ပသို့ ထွက်ခွာရမည်။ |
| ၂၃။ အလုပ်သမားသည် ဗဟိုကော်မတီက သတ်မှတ်သည့် ဝန်ဆောင်ခကို ဦးစီးဌာနသို့ဖြစ်စေ အကျိုးဆောင်သို့ ဖြစ်စေပေးရမည်။ |
| ၂၄။ |
အလုပ်သမားသည်- |
|
(က) |
ပြည်ပတွင် အလုပ်ခွင်ထိခိုက်မှုအတွက် ရထိုက်ခွင့်ရှိသည့် လျော်ကြေး၊ နစ်နာကြေး အပြည့်အဝရရှိစေရေးအတွက် ဆောင်ရွက်ပေးရန်သက်ဆိုင်ရာ အကျိုးဆောင်မှ တစ်ဆင့် တောင်းဆိုခွင့်ရှိသည်။ |
|
(ခ) |
ပြည်ပ အလုပ်အကိုင်နှင့် စပ်လျဉ်း၍ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုအတွက် တရားမကြောင်းအရ ဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားစွဲဆိုခွင့်ရှိသည်။ |
အခန်း(၉)
အကျိုးဆောင်လိုင်စင်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများ
| ၂၅။ |
အကျိုးဆောင်လိုင်စင်ရရှိသူသည်- |
|
(က) |
အကျိုးဆောင် လိုင်စင် စည်းကမ်းချက်များကို လိုက်နာရမည်။ |
|
(ခ) |
အကျိုးဆောင် လိုင်စင်ကြေးများကို သတ်မှတ်ချက်များနှင့်အညီ ပေးဆောင်ရမည်။ |
|
(ဂ) |
စာချုပ်ရှိပါက ယင်းစာချုပ်ပါ သဘောတူထားသည့် တာဝန်များကို အလုပ်သမားအတွက် ဆောင်ရွက်ပေးရမည်။ |
|
(ဃ) |
အလုပ်သမား၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာပြည်ပလုပ်ငန်းရှင်နှင့် ဆက်သွယ်၍ယင်းရပိုင်ခွင့်နှင့် အခွင့်အရေးများအပြည်အဝရရှိခံစားနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်ရမည်။ |
|
(င) |
ကြီးကြပ်ရေးအဖွဲ့ကဖြစ်စေ၊ ဦးစီးဌာနက ဖြစ်စေတာဝန် ပေးအပ်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ သို့မဟုတ် အရာရှိတစ်ဦးဦး၏ စစ်ဆေးမှုကို ခံယူရမည်၊ |
|
(စ) |
ပြည်ပအလုပ်အကိုင်နှင့် စပ်လျဉ်း၍စာရင်းများနှင့် အချက်အလက်များကို သတ်မှတ်ချက်များနှင့်အညီဦးစီးဌာနသို့ ပေးပို့ရမည်။ |
|
(ဆ) |
လုပ်ငန်းရုံးနေရာ ပြောင်းလဲလျှင်ဖြစ်စေ၊ မိမိကတာဝန် လွှဲအပ်ထားသော စီမံအုပ်ချုပ်သူ ပြောင်းလဲလျှင်ဖြစ်စေ ထိုသို့ ပြောင်းလဲကြောင်းကို ဦးစီးဌာနသို့ စာဖြင့် အကြောင်းကြားရမည်။ |
|
(ဇ) |
ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားရရှိရေးအတွက် ဆောင်ရွက်ရမည်။ |
|
(ဈ) |
အလုပ်သမားများအား လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိစေရန် ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ကိုယ်ပိုင်သင်တန်းများပေးခွင့်ရှိသည်။ လိုအပ်ပါက ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။ |
|
(ည) |
ဤဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။ |
|
(ဋ) |
ပြည်ပ အလုပ်အကိုင် ရှာဖွေပေးသည့်အတွက် ဗဟိုကော်မတီက သတ်မှတ်သည့် ဝန်ဆောင်ခကို အလုပ်သမားထံမှ တောင်းဆိုခွင့်ရှိသည်။ |
|
(ဌ) |
ပြည်ပအလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများအား အကြံညဏ်ပေးခွင့်ရှိသည်။ |
အခန်း(၁၀)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
| ၂၆။ မည်သူမဆို အကျိုးဆောင် လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် (၇)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ |
| ၂၇။ အကျိုးဆောင်လိုင်စင်ရရှိသူ မည်သူမဆို ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်သည့် ဝန်ဆောင်ခထက် ပိုမိုတောင်းခံရယူကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ |
| ၂၈။ အကျိုးဆောင်လိုင်စင်ရရှိသူ မည်သူမဆို ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အကျိုးဆောင်လိုင်စင်ကို လွှဲပြောင်းလုပ်ကိုင်စေကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် (၃)နှစ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ |
| ၂၉။ အကျိုးဆောင်လိုင်စင်ရရှိသူ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့်သို့မဟုတ် ညွှန်ကြားချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်(၁)နှစ်ထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၅၀၀၀ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။ |
အခန်း(၁၁)
အထွေထွေ
| ၃၀။ |
(က) |
ယခင်ကုန်သွယ်ရေးဝန်ကြီးဌာနက ၁၉၄၇ ခုနှစ်၊ သွင်းကုန်ထုတ်ကြီးကြပ်ရေး (ယာယီ)အက်ဥပဒေ ပုဒ်မ ၃ အရ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စီးပွားရေး အကျိုးဆောင်များ မှတ်ပုံတင်ခြင်း အမိန့် (အမိန့်အမှတ် ၂/၈၉)အရ ပြည်ပ အလုပ်အကိုင် စီးပွားရေးအကျိုးဆောင် လုပ်ငန်းအတွက် ထုတ်ပေးထားသည့် လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်သည့် ဤဥပဒေအာဏာတည်သည့်နေ့တွင် ပျက်ပြယ်စေရမည်။ |
|
(ခ) |
ပုဒ်မခွဲ (က)အရ ပျက်ပြယ်သော လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူသည် ပြည်ပအလုပ်အကိုင်အတွက် အကျိုးဆောင်လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဤဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျိုးဆောင်လိုင်စင်လျှောက်ထားရမည်။ |
| ၃၁။ |
ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရန်- |
|
(က) |
အလုပ်သမားဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ |
|
(ခ) |
အလုပ်သမား ဝန်ကြီးဌာန၊ ဗဟိုကော်မတီနှင့် ဦးစီးဌာနတို့သည် လိုအပ်သော အမိန့်၊ အမိန့် ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။ |
(ပုံ)သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ