| ၁။ |
ဤဥပဒေကို ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေဟု ခေါ်တွင် စေရမည်။ |
| ၂။ |
ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်- |
|
(က) |
ဆိုင်ဆိုသည်မှာ ကုန်ပစ္စည်း သို့မဟုတ် ဝတ္ထုပစ္စည်းကို လက်ငင်းသော်လည်းကောင်း၊ အကြွေးသော်လည်းကောင်း၊ အရစ်ကျစနစ်ဖြင့် သော်လည်းကောင်း၊ လက်ကား သို့မဟုတ် လက်လီရောင်းချရန် အလို့ငှာ လုံးဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ အသုံးပြုသည့် နေရာတစ်ခုခုကို ဆိုသည်။ ယင်းစကားရပ်တွင် ဆံသလုပ်ငန်း၊ အလှပြုပြင်ခြင်းလုပ်ငန်း၊ ကိုယ်ခန္ဓာကျန်းမာရေးနှင့် အလှပြုပြင်ခြင်းလုပ်ငန်း၊ ပန်းတိမ်လုပ်ငန်း၊ ရေဒီယို၊ တီဗွီ၊ တယ်လီဖုန်းပြင်လုပ်ငန်း၊ စာအုပ်ချုပ်လုပ်ငန်း၊ မိတ္တူကူးလုပ်ငန်း၊ ဓာတ်ပုံဆိုင်၊ အပေါင်ဆိုင်၊ ထုပ်ပိုးခွံချုပ်ဆိုင်၊ ပင်မင်းဆိုင်၊ ဖိနပ်ချုပ်ဆိုင်၊ အပ်ချုပ်ဆိုင်၊ စီးပွားရေးအလို့ငှာ လုပ်ကိုင်သည့် ကွန်ပျူတာနှင့် အီလက်ထရောနစ်စနစ်သုံးပစ္စည်း ကိရိယာများ ပြုပြင်တပ်ဆင်ခြင်း လုပ်ငန်းသည်လည်းကောင်း၊ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဤဥပဒေနှင့် အကျုံးဝင်သည့် နေရာတစ်ခုခုသည်လည်းကောင်း ပါဝင်သည်။ သို့ရာတွင် ယင်းစကားရပ်၌ ကုန်သွယ်အလုပ်ဌာန၊ အများပျော်ရွှင်ရေး အလုပ်ဌာန၊ အလုပ်ရုံ သို့မဟုတ် စက်မှုလက်မှုအလုပ်ဌာနတို့မပါဝင်။ |
|
(ခ) |
ကုန်သွယ်အလုပ်ဌာနဆိုသည်မှာ ကြော်ငြာလုပ်ငန်း၊ ကော်မရှင် လုပ်ငန်း၊ ကုန်စည်ပေးပို့ရေး ကိုယ်စားလှယ်လုပ်ငန်း၊ ကုန်သွယ်ရေးကိုယ်စားလှယ်လုပ်ငန်းများဆောင်ရွက်သည့် အလုပ်ဌာနတို့ကိုဆိုသည်။ ယင်းစကားရပ်တွင် စက်မှုလက်မှု အလုပ်ဌာန သို့မဟုတ် ကုန်သွယ်လုပ်ငန်း၏ ရုံးလုပ်ငန်းဌာန၊ အာမခံကုမ္ပဏီ၊ ကုမ္ပဏီ၊ ပုဂ္ဂလိကဘဏ်၊ အကျိုးဆောင်လုပ်ငန်း၊ ကြော်ငြာလုပ်ငန်း၊ ပုဂ္ဂလိက အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်း၊ ပုဂ္ဂလိကကျောင်း၊ ပုဂ္ဂလိကဆေးရုံ၊ ပုဂ္ဂလိကဆေးခန်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေးလေ့ကျင့်မှုအားကစားရုံ၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တံတားဖြတ်သန်းခကောက်ခံသည့် ဂိတ်များသည်လည်းကောင်း၊ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဤဥပဒေနှင့် အကျုံးဝင်သည့် ကုန်သွယ်အလုပ်ဌာနဟု သတ်မှတ်သည့်နေရာသည် လည်းကောင်း ပါဝင်သည်။ သို့ရာတွင် ယင်းစကားရပ်၌ ဆိုင် သို့မဟုတ် အများပျော်ရွှင်ရေးအလုပ်ဌာန မပါဝင်။ |
|
(ဂ) |
အများပျော်ရွှင်ရေးအလုပ်ဌာနဆိုသည်မှာ ရုပ်ရှင်ရုံ၊ ဇာတ်ရုံ၊ ကလပ်၊ ဧည့်ခံဖျော်ဖြေပွဲများ ကျင်းပသည့်ခန်းမ၊ ဗွီဒီယိုရုံ၊ ကာရာအိုကေရုံ၊ ကွန်ပျူတာနှင့် အီလက်ထရောနစ်စနစ် အသုံးပြုသည့် ကစားရုံများ၊ အပန်းဖြေကစားကွင်း၊ ပန်းခြံ၊ ဥယျာဉ်၊ ကလေးကစားကွင်းတို့ကို ဆိုသည်။ |
|
(ဃ) |
စက်မှုလက်မှုအလုပ်ဌာနဆိုသည်မှာ ၁၉၅၁ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် အကျုံးမဝင်သော စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းတစ်မျိုးမျိုးကို ဆိုသည်။ |
|
(င) |
အလုပ်ဌာနဆိုသည်မှာ ကုန်သွယ်အလုပ်ဌာနနှင့် အများပျော်ရွှင်ရေးအလုပ်ဌာန၊ စက်မှုလက်မှုအလုပ်ဌာနအပြင် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဤဥပဒေနှင့် အကျုံးဝင်သည့်အလုပ်ဌာနအဖြစ် ကြေညာထားသည့် အခြားအလုပ်ဌာနများကို ဆိုသည်။ |
|
(စ) |
အလုပ်ရှင်ဆိုသည်မှာ ဆိုင် သို့မဟုတ် အလုပ်ဌာကို ပိုင်ဆိုင်သူ သို့မဟုတ် အုပ်ချုပ်သူ သို့မဟုတ် အဆိုပါ ဆိုင် သို့မဟုတ် အလုပ်ဌာနကို အရပ်ရပ်စီမံကြီးကြပ်ရာ၌ အလုပ်ရှင်၏ တရားဝင်စီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ် သို့မဟုတ် အလုပ်ရှင်ကွယ်လွန်ပါက ယင်း၏ အမွေဆက်ခံသူနှင့် အစုရှယ်ယာ တရားဝင်လွှဲပြောင်းရရှိသူကိုဆိုသည်။ |
|
(ဆ) |
မန်နေဂျာဆိုသည်မှာ ဆိုင် သို့မဟုတ် အလုပ်ဌာနတွင် အလုပ်ရှင်ကိုယ်စား ဤဥပဒေပါ ကိစ္စအလို့ငှာ ဆုံးဖြတ်ဆောင်ရွက်ရန် အလုပ်ရှင်က တရားဝင်ခန့်ထား၍ စစ်ဆေးရေး အရာရှိထံသို့ နို့တစ်စာ ပေးပို့ထားသူကိုဆိုသည်။ |
|
(ဇ) |
အလုပ်သမားဆိုသည်မှာ ဆိုင် သို့မဟုတ် အလုပ်ဌာနဖြစ်လျှင် ထိုလုပ်ငန်းနှင့် စပ်လျဉ်း၍ လုံးဝဖြစ်စေ၊ မူရင်းအားဖြင့် ဖြစ်စေ အလုပ်လုပ်သူကိုဆိုသည်။ ထို့အပြင် ထိုအလုပ်ဌာနတွင် စာရေး၊ စာပို့သူ၊ ငွေထိန်း၊ အစောင့်၊ လုံခြုံရေး၊ သန့်ရှင်းရေး၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ထမင်းချက်အဖြစ် အလုပ်လုပ်သူတို့လည်း ပါဝင်သည်။ သို့ရာတွင် ယင်းစကားရပ်၌ အလုပ်ရှင်သော်လည်းကောင်း အလုပ်ရှင်နှင့်အတူ နေထိုင်၍ အလုပ်ရှင်အပေါ်မှီခိုနေသည့် အလုပ်ရှင်၏ ခင်ပွန်း၊ ဇနီး၊ သား၊ သမီး၊ မိဘ ညီအစ်ကို (အရင်း) သို့မဟုတ် မောင်နှမ (အရင်း)တို့ မပါဝင်ချေ။ |
|
(ဈ) |
ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကို ဆိုသည်။ |
|
(ည) |
ဦးစီးဌာနဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို ဆိုသည်။ |
|
(ဋ) |
စစ်ဆေးရေးအရာရှိချုပ်ဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။ |
|
(ဌ) |
စစ်ဆေးရေးအရာရှိဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ပေးအပ်ထားသော စစ်ဆေးရေးအရာရှိ တစ်ဦးဦးကို ဆိုသည်။ |
| ၄။ |
ဝန်ကြီးဌာနသည် ဤဥပဒေပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် စစ်ဆေးရေးအရာရှိများကို ဝန်ထမ်းဖွဲစည်းပုံနှင့် အညီ ခန့်အပ်နိုင်သည်။ |
| ၅။ |
စစ်ဆေးရေးအရာရှိချုပ်သည် ဤဥပဒေအရ မိမိအားအပ်နှင်းထားသော အောက်ပါလုပ်ပိုင်ခွင့်များအပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စစ်ဆေးရေးအရာရှိ၏ လုပ်ပိုင်ခွင့်များကို သုံးစွဲဆောင်ရွက်နိုင်သည်- |
|
(က) |
စစ်ဆေးရေး အရာရှိများအား နယ်မြေ သတ်မှတ် တာဝန်ပေးနိုင်ခြင်း၊ |
|
(ခ) |
တစ်ရက်လျှင် ၂၄နာရီ ဖွင့်လှစ်လုပ်ကိုင်ရန် လိုအပ်သည့် ဆိုင်၊ အလုပ်ဌာနနှင့် အများပျော်ရွှင်ရေး အလုပ်ဌာနများအား ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ |
|
(ဂ) |
ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်သူ မည်သူကိုမဆို တရားစွဲဆိုရန် စစ်ဆေးရေး အရာရှိတစ်ဦးဦးအား တရားစွဲဆိုခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် တာဝန်ပေးအပ်ခြင်း။ |
| ၆။ |
စစ်ဆေးရေးအရာရှိ တစ်ဦးဦးသည်- |
|
(က) |
မိမိအားခန့်ထားသည့် နယ်နိမိတ်အတွင်းရှိ ဆိုင်နှင့် အလုပ်ဌာနဖြစ်သည်ဟု ယုံကြည်ရန် အကြောင်းရှိသည့်နေရာသို့ ဤဥပဒေပါ ကိစ္စများအလို့ငှာ စစ်ဆေးရေးအရာရှိ သက်သေခံကတ်ပြားကို ပြသပြီးဝင်ရောက်နိုင်သည်။ ညဉ့်အချိန် ထိုသို့ဝင်ရောက်ပါက သက်သေနှစ်ဦးနှင့် အတူဝင်ရောက်ရမည်။ ထိုနေရာရှိ မှတ်တမ်းများနှင့် စာရွက်စာတမ်းအထောက်အထားများ၊ အီလက်ထရောနစ်စနစ်သုံးမှတ်တမ်း၊ အကြောင်းကြားစာများကို ကြည့်ရှုစစ်ဆေးရမည့်အပြင် လုပ်ငန်းစဉ်များ၏ မှတ်တမ်းနှင့် စပ်လျဉ်း၍ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများအရယူခြင်း၊ ကူးယူခြင်းနှင့် အခြားလိုအပ်သော စစ်ဆေးပေးမြန်းခြင်းများကို ဆောင်ရွက်နိုင်သည်။ |
|
(ခ) |
ဤဥပဒေအရ အကျုံးဝင်သက်ဆိုင်သော ဆိုင်နှင့် အလုပ်ဌာန၏ မှတ်တမ်းများ၊ စာရွက်စာတမ်း အထောက်အထားများ သို့မဟုတ် ခေတ်မီနည်းပညာသုံးအခြား အထောက်အထားများကိုလိုအပ်ပါက သက်သေနှစ်ဦးနှင့်အတူ ရှာဖွေပုံစံဖြင့် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းနိုင်သည်။ |
|
(ဂ) |
သို့ရာတွင် မည်သူ့ကိုမျှ ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်စေနိုင်သည့် အဖြေကို ပေးရမည်ဟူ၍လည်းကောင်း၊ ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်စေနိုင်သည့် သက်သေခံချက်ကိုထွက်ဆိုရမည့်ဟူ၍လည်းကောင်း ဤပုဒ်မအရ တောင်းဆိုပိုင်ခွင့် မရှိစေရ။ |
| ၇။ |
အလုပ်ရှင်သည်- |
|
(က) |
ဆိုင်နှင့် ကုန်သွယ်အလုပ်ဌာနများကို သာမန်အားဖြင့် ည ၁၁ နာရီ နှင့် နံနက်ငါးနာရီကြားပိတ်ထားရမည်။ သို့ရာတွင် ည ၁၁ နာရီအချိန်တွင် ဆိုင်၌ဝယ်ယူရန် စောင့်ဆိုင်းနေသူအား သို့မဟုတ် ဝန်ဆောင်မှုရယူနေသူအား အဆိုပါ အချိန်ကုန်လွန်ပြီးနောက် တစ်ဆက်တည်းဖြစ်သော မိနစ် ၃၀ ကာလ အပိုင်းအခြားအတွင်းတွင် ရောင်းချဝန်ဆောင်မှုပေးနိုင်သည်။ |
|
(ခ) |
ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်းမပြုရ။ |
| ၈။ |
အလုပ်ရှင်သည်- |
|
(က) |
အများပျော်ရွှင်ရေး အလုပ်ဌာနပါ ဇာတ်ရုံ၊ ဖျော်ဖြေပွဲများနှင့် |
|
(ခ) |
ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်း မပြုရ။ |
| ၉။ |
အလုပ်ရှင်သည်- |
|
(က) |
ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်များမှအပ လုပ်ငန်းသဘာဝအရ တစ်ရက်လျှင် ၂၄နာရီ ဖွင့်လှစ်ရန်လိုအပ်သည့်ဆိုင်၊ အလုပ်ဌာနနှင့် အများပျော်ရွှင်ရေးအလုပ်ဌာနများ အတွက် ဦးစီးဌာနသို့ ကြိုတင်၍ ခွင့်ပြုချက်တောင်းခံရမည်။ |
|
(ခ) |
ပုဒ်မခွဲ (က)အရ ခွင့်ပြုချက်မရရှိဘဲ ၂၄နာရီ ဖွင့်လှစ်ခြင်းမပြုရ။ |
| ၁၀။ အလုပ်ရှင်သည် အောက်ဖော်ပြပါ ဆိုင်၊ ကုန်သွယ်အလုပ်ဌာန၊ အများပျော်ရွှင်ရေးအလုပ်ဌာနများကို လုပ်ငန်းသဘာဝအရ တစ်ရက်လျှင် ၂၄ နာရီ ဖွင့်လှစ်လိုပါက ဦးစီးဌာနသို့ ကြိုတင်အသိပေးအကြောင်းကြား၍ လုပ်ကိုင်နိုင်သည်- |
|
(က) |
လေဆိပ်၊ သင်္ဘောဆိပ်၊ အဝေးပြေးကားဂိတ်နှင့် ဘူတာရုံများရှိ ဆိုင်၊ လမ်းတံတားအသုံးပြုခကောက်ခံရေးစခန်း၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုခန်းနှင့် ကလပ်များ၊ |
|
(ခ) |
ဆေးရုံ၊ ဆေးခန်း၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ရောင်းချသည့်ဆိုင်များ၊ |
|
(ဂ) |
ပြည်သူတို့အား လျှပ်စစ်ဓာတ်လား သို့မဟုတ် ဓာတ်ငွေ့ရည် သို့မဟုတ် ရေပေးဝေသော လုပ်ငန်း သို့မဟုတ် ဆက်သွယ်ရေးလုပ်ငန်းများနှင့် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် ကင်းလွတ်ခွင့်ပြုသည့် အများပြည်သူအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်း၊ ဆိုင်နှင့် အလုပ်ဌာန။ |
| ၁၁။ |
(က) |
ဆိုင် သို့မဟုတ် အလုပ်ဌာန၌ အလုပ်လုပ်သော အလုပ်သမားတစ်ဦးကို တစ်ရက်လျှင် ရှစ်နာရီထက်ပို၍လည်းကောင်း၊ ရက်သတ္တပတ်လျှင် ၄၈နာရီ ထက်ပို၍လည်းကောင်း အလုပ် မလုပ်စေရ။ သို့ရာတွင် တစ်ရက်လျှင် ရှစ်နာရီ ထက်ပို၍ လည်းကောင်း၊ ရက်သတ္တပတ်လျှင် ၄၈ နာရီထက်ပို၍ လည်းကောင်း အလုပ်သမား၏ သဘောဆန္ဒရယူ၍ ဥပဒေနှင့်အညီ အချိန်ပိုလုပ်ကိုင်နိုင်သည်။ |
|
(ခ) |
အချိန်ပိုလုပ်သော နာရီစုစုပေါင်းသည် မည်သည့် ရက်သတ္တပတ်၌မဆို ၁၂ နာရီထက်မပိုစေရ။ သို့ရာတွင် အထူးကိစ္စရပ်အနေဖြင့် လိုအပ်ချက်ရှိပါက ရက်သတ္တပတ်၌ ၁၆နာရီထက် မပိုစေရ။ ထို့ပြင် ညဉ့်သန်းခေါင် ၁၂ နာရီထက် ကျော်လွန်လုပ်ကိုင်ခြင်း မပြုရ။ |
| ၁၂။ |
(က) |
ဆိုင် သို့မဟုတ် အလုပ်ဌာနတစ်ခုခုတွင် လုပ်ကိုင်သော အလုပ်သမားတစ်ဦးဦးကို မည်သည့်နေ့ရက်၌မဆို အနည်းဆုံး မိနစ် ၃၀ အနားမပေးဘဲ တစ်ဆက်တည်း လေးနာရီထက်ပို၍ အလုပ် မလုပ်စေရ သို့မဟုတ် လုပ်ခွင့်မပြုရ။ ထို့အပြင် နားချိန်နှင့် အလုပ်လုပ်ချိန်စုစုပေါင်းသည် ဆိုင်နှင့် ကုန်သွယ်အလုပ်ဌာန၊ အများပျော်ရွှင်ရေးအလုပ်ဌာနအတွက်ဖြစ်ပါက အချိန်ပိုနှင့် နားချိန်တစ်နာရီ အပါအဝင် တစ်ရက်လျှင် ၁၁ နာရီထက် မပိုစေရ။ |
|
(ခ) |
အစောင့်၊ လုံခြုံရေးအဖြစ်ဖြင့် အလုပ်လုပ်သူတို့အတွက် ပုဒ်မခွဲ (က)ပါ အနားယူရန် အားလပ်ချိန်မပေးဘဲ နေနိုင်သည်။ |
| ၁၃။ |
(က) |
အသက် ၁၄ နှစ်မပြည့်သေးသော မည်သူ့ကိုမဆို ဆိုင်တစ်ခုခု၌ဖြစ်စေ၊ အလုပ်ဌာနတစ်ခုခု၌ဖြစ်စေ အလုပ်မလုပ်စေရ သို့မဟုတ် လုပ်ခွင့်မပြုရ။ |
|
(ခ) |
ဆိုင်တစ်ခုခု၌ဖြစ်စေ၊ အလုပ်ဌာနတစ်ခုခု၌ဖြစ်စေ အသက် ၁၆နှစ် မပြည့်သေးသူအား သတ်မှတ်အလုပ်ချိန်ထက်ကျော်လွန်၍ အချိန်ပိုလုပ်ခွင့် မပြုရ။ |
| ၁၄။ |
(က) |
အသက် ၁၄နှစ် ပြည့်ပြီး အသက် ၁၆နှစ် မပြည့်သေးသူများကို အလုပ်လုပ်ရန် သင့်တော်ကြောင်းလက်မှတ်ထုတ်ပေးခွင့်ရှိသည့် တာဝန်ခံဆရာဝန်၏ ခွင့်ပြုချက်ရယူ လုပ်ကိုင်စေနိုင်သည်။ သို့ရာတွင် တစ်ရက်လျှင် လေးနာရီထက်ပို၍ လုပ်ကိုင်ခွင့်မပြုရ။ |
|
(ခ) |
အသက် ၁၄နှစ်ပြည့်ပြီး အသက် ၁၆နှစ် မပြည့်သေးသည့် မည်သူ့ကိုမျှ ညဉ့်ခြောက်နာရီမှ နံနက်ခြောက်နာရီ အချိန်အတွင်း မခိုင်းစေရ သို့မဟုတ် အလုပ်လုပ်ခွင့်မပြုရ။ |
|
(ဂ) |
အသက် ၁၄နှစ် ပြည့်ပြီး အသက် ၁၆နှစ် မပြည့်သေးသည့် မည်သူ့ကိုမျှ ဆိုင် သို့မဟုတ် အလုပ်ဌာန တစ်ခုခုတွင် အလုပ်လုပ်ပြီးသောရက်၌ အခြားဆိုင် သို့မဟုတ် အလုပ်ဌာန တစ်ခုခု၌ ခိုင်းစေခြင်းမပြုရ သို့မဟုတ် အလုပ်လုပ်ခွင့် မပြုရ။ |
|
(ဃ) |
အသက် ၁၈နှစ် မပြည့်သေးသော မည်သည့်အလုပ်သမားကိုမျှ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွင်တွင် အလုပ်မလုပ်စေရ သို့မဟုတ် လုပ်ခွင့်မပြုရ။ |
|
(င) |
အသက် ၁၈နှစ် မပြည့်သေးသော်လည်း အသက် ၁၆နှစ်ပြည့်ပြီးသူများအနက်မှ သက်ဆိုင်ရာလုပ်ငန်းအလိုက် အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်အောက်မြင်ပြီးသူဖြစ်ခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို နားလည်သိရှိ လိုက်နာနိုင်သူဖြစ်ခြင်း၊ ကျန်းမာကြံ့ခိုင်သူဖြစ်ခြင်းတို့နှင့် ပြည့်စုံသူများအား ဘေးအန္တရာယ်ကင်းရှင်းပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စိတ်ဓာတ်ကိုမထိခိုက်စေနိုင်သည့် လုပ်ငန်းများတွင် အလုပ်လုပ်ရန် သင့်တော်ကြောင်း တာဝန်ခံလက်မှတ် ထုတ်ပေးသည့် ဆရာဝန်၏ ထောက်ခံချက်ဖြင့် လုပ်ကိုင်ခွင့် ပြုနိုင်သည်။ |
| ၁၅။ |
အလုပ်ရှင်သည်- |
|
(က) |
ဆိုင်နှင့် အလုပ်ဌာနအသီးသီး၌ ရက်သတ္တပတ်လျှင် အနည်းဆုံး တစ်ရက်ကို အလုပ်သမားနားရက်အဖြစ် သတ်မှတ်ပေးရမည်။ |
|
(ခ) |
ပုဒ်မခွဲ (က)ပါ နားရက်တစ်ရက်အတွက် ထိုအလုပ်သမား၏ ရသင့်သောအခကြေးငွေကို ဖြတ်တောက်ခြင်းမပြုရ။ |
| ၁၆။ အလုပ်ရှင်သည် ဆိုင်နှင့် အလုပ်ဌာနအသီးသီး၌ အလုပ်သမား၏ အခကြေးငွေပေးရန် ကာလအပိုင်းအခြား ကုန်ဆုံးပြီးနောက် တစ်ဆက်တည်းဖြစ်သော ခုနှစ်ရက်ထက် နောက်ကျ၍ထုတ်ပေးခြင်း မပြုရ။ |
| ၁၇။ |
အလုပ်ရှင်သည်- |
|
(က) |
ဆိုင်နှင့် အလုပ်ဌာန အသီးသီး၌ အလုပ်သမား၏ သဘောတူညီချက်အရ အချိန်ပိုလုပ်ရလျှင် အချိန်ပိုနာရီအလိုက် သတ်မှတ်ချက်နှင့်အညီ အချိန်ပိုအခကြေးငွေကို တွက်ချက်ပေးချေရမည်။ |
|
(ခ) |
ပုဒ်မခွဲ (က)အရ အချိန်ပိုအခကြေးငွေကို တွက်ချက်ပေးချေခြင်းမပြုဘဲ အချိန်ပိုခိုင်းစေခြင်း မပြုရ။ |
| ၂၀။ အလုပ်ရှင်သည် ဆိုင် သို့မဟုတ် အလုပ်ဌာန တစ်ခုခုကို စတင်ဖွင့်လှစ်ခြင်း၊ နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်း၊ လုပ်ငန်းပြောင်းလဲလုပ်ကိုင်ခြင်း၊ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ခြင်း၊ လုပ်ငန်းပိုင်ရှင်ပြောင်းလဲခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်း၊ ဝန်ထမ်းခန့်အပ်ခြင်းနှင့် အပြောင်းအလဲပြုလုပ်ခြင်းတို့ကို ပြုလုပ်သည့် နေ့ရက်မှစ၍ ၁၀ ရက်အတွင်း သတ်မှတ်ထားသောပုံစံဖြင့် စစ်ဆေးရေးအရာရှိထံ သက်ဆိုင်ရာဌာန၊ ကော်မတီ အသီးသီးမှ ခွင့်ပြုထုတ်ပေးထားသော လိုင်စင်မိတ္တူနှင့်အတူ အကြောင်းကြားစာ ပေးပို့ရမည်။ |
| ၂၁။ |
အလုပ်ရှင်သည် ဤဥပဒေပါ ကိစ္စရပ်များအလို့ငှာ- |
|
(က) |
ထားရှိရမည့် စာရွက်စာတမ်း၊ စာရင်းဇယား၊ စာချုပ်၊ သက်သေခံအထောက်ထားများ၊ ပုံစံများ၊ နမူနာပစ္စည်းများကို စစ်ဆေးရေးအရာရှိက ကြည့်ရှုစစ်ဆေးနိုင်ရန်စီစဉ်ထားရှိရမည်။ |
|
(ခ) |
ဆိုင် သို့မဟုတ် အလုပ်ဌာနတစ်ခုခု၌ ဤဥပဒေနှင့် ဤဥပဒေအရပြုသည့် နည်းဥပဒေများနှင့်အညီ မိမိထားရှိသည့် မှတ်ပုံတင်စာအုပ်၊ အလုပ်ရှင်ဖြစ်ကြောင်း အထောက်အထား သို့မဟုတ် လုပ်ငန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို စစ်ဆေးရေးအရာရှိက တောင်းဆိုသည့်အခါ တင်ပြရမည်။ |
| ၂၂။ |
အလုပ်ရှင်သည် လုပ်ငန်းခွင့်တွင် မြင်သာသောနေရာ၌ အလုပ်လုပ်ရန် ကာလအပိုင်းအခြား နို့တစ်စာကို ချိတ်ဆွဲထားရမည်။ |
| ၂၃။ |
အလုပ်ရှင်သည် အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ ခံစားပိုင်ခွင့်များနှင့် စပ်လျဉ်း၍ အလုပ်သမားများကို အသိပေးထားရမည်။ |
| ၂၅။ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၇နှင့် ၈ တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ |
| ၂၆။ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၉, ၁၀နှင့် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
| ၂၇။ မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၁၃နှင့် ၁၄တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
| ၂၈။ မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၁၅၊ ၁၆နှင့် ၁၇ တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၃၀မှ အများဆုံးကျပ် ၇၅သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
| ၂၉။ မည်သည့် အလုပ်သမားမဆို ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
| ၃၀။ မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၂၁၊ ၂၂နှင့် ၂၃ တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ |
| ၃၁။ မည်သည့် အလုပ်ရှင်နှင့် အလုပ်သမားမဆို ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ထပ်မံ၍ ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် တာဝန်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထပ်မံ၍ ကျူးလွန်သည့်ပြစ်မှုအတွက် သတ်မှတ်ထားသည့် အများဆုံးပြစ်ဒဏ်၏ နှစ်ဆအထိ ချမှတ်ရမည်။ |
| ၃၂။ |
(က) |
အလုပ်သမားသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို အလုပ်ရှင်က ဖောက်ဖျက်ကျူးလွန်သည့်နေ့ရက်မှ သုံးလအတွင်း စစ်ဆေးရေးအရာရှိထံ အကြောင်းကြားစာ ပေးပို့၍ တိုင်ကြားနိုင်သည်။ |
|
(ခ) |
စစ်ဆေးရေးအရာရှိသည် ပုဒ်မခွဲ (က)အရ အကြောင်းကြားစာကို လက်ခံရရှိပါက လိုအပ်သလို စစ်ဆေး၍ မှန်ကန်မှုရှိလျှင် စစ်ဆေးရေးအရာရှိချုပ်၏ ခွင့်ပြုချက်ဖြင့် အလုပ်ရှင်အား တရားစွဲဆိုရမည်။ |
|
(ဂ) |
ဤဥပဒေအရ ပြစ်ဒဏ်ထိုက်သောပြစ်မှုကို စစ်ဆေးရေးအရာရှိက တိုင်တန်းသည့် အခါမှတစ်ပါး မည်သည့်တရားရုံးကမျှ အရေးယူပိုင်ခွင့်မရှိစေရ။ |
| ၃၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ ဤဥပဒေအရပြုလုပ်သည့် နည်းဥပဒေနှင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များကိုလည်းကောင်း လိုက်နာဆောင်ရွက်ပျက်ကွက်ခြင်း ဖောက်ဖျက်ကျူးလွန်ခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက အလုပ်ရှင် သို့မဟုတ် မန်နေဂျာအား စစ်ဆေးရေးအရာရှိချုပ်၏ ခွင့်ပြုချက်ဖြင့် စစ်ဆေးရေးအရာရှိက တရားစွဲဆိုနိုင်သည်။ |
| ၃၄ |
ဤဥပဒေသည် အောက်ပါတို့နှင့် မသက်ဆိုင်စေရ- |
|
(က) |
လမ်းဘေးပျံကျဆိုင်၊ |
|
(ခ) |
အခါအားလျော်စွာ ပြုလုပ်သော အများပြည်သူဆိုင်ရာ ပြပွဲများ၌ ရောင်းချသောဆိုင်၊ |
|
(ဂ) |
ယာယီမျှသာ ကျင်းပသော ပွဲများတွင် တည်ခင်းသည့် အများပျော်ရွှင်ရေးအလုပ်ဌာန၊ ဆိုင်။ |
| ၃၅။ |
(က) |
ဖက်စပ်လုပ်ငန်း သို့မဟုတ် ပုဂ္ဂလိကပိုင် ဆိုင် သို့မဟုတ် အလုပ်ဌာနများတွင် ဖက်စပ်ပါဝင်သူများ သို့မဟုတ် တရားဝင်မှတ်ပုံတင်ထားသည့် အစုရှယ်ယာရှင်မည်သူ့ကိုမဆို အလုပ်ရှင်ဟုသတ်မှတ်၍ ဤဥပဒေအရ တရားစွဲဆိုနိုင်သည်။ သို့ရာတွင် ဖက်စပ်လုပ်ငန်း သို့မဟုတ် အဖွဲ့တွင် ပါဝင်သူတို့အနက် တစ်ဦးဦးကို ဤဥပဒေပါ ကိစ္စများအလို့ငှာ အလုပ်ရှင်အဖြစ် အမည်တင်သွင်းပြီးဖြစ်ကြောင်း၊ ထိုဖက်စပ်လုပ်ငန်း သို့မဟုတ် အဖွဲ့က စစ်ဆေးရေးအရာရှိထံသို့ အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်သည့်အပြင် ထိုပုဂ္ဂိုလ်သည် စစ်ဆေးရေးအရာရှိက ၎င်း၏အမည်တင်သွင်းထားခြင်းကို ပယ်ဖျက်သည့် အကြောင်းကြားစာကို လက်ခံရရှိသည့်အချိန်ထိ ဤဥပဒေပါ ပြဋ္ဌာန်းချက်များအလို့ငှာ အလုပ်ရှင်ဖြစ်သည်ဟု မှတ်ယူရမည်။ |
|
(ခ) |
ဆိုင် သို့မဟုတ် အလုပ်ဌာနသည် အများပိုင်ကုမ္ပဏီဖြစ်လျှင် ထိုကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ အများပိုင်မဟုတ်သော ကုမ္ပဏီဖြစ်လျှင် ထိုကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ အစုစပ်ပါဝင်သူ တစ်ဦးဦးကိုဖြစ်စေ အလုပ်ရှင်အဖြစ် သတ်မှတ်၍ ဤဥပဒေအရ တရားစွဲဆိုနိုင်သည်။ ထို့ပြင် ထိုဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဦးသည် မိမိအား အမည်တင်သွင်းခြင်းကို ပယ်ဖျက်သည့်အကြောင်းကြားစာကို စစ်ဆေးရေးအရာရှိက မရမီသော်လည်းကောင်း၊ အစုစပ်ပါဝင်သူအဖြစ်မှ ရပ်စဲခြင်းမပြုမီသော်လည်းကောင်း ဥပဒေပါ ကိစ္စများအလို့ငှာ အလုပ်ရှင်ဖြစ်သည်ဟူ၍ မှတ်ယူရမည်။ |
| ၃၆။ ဆိုင် သို့မဟုတ် အလုပ်ဌာနတစ်ခုခု၌ ဤဥပဒေအာဏာတည်သည့်နေ့ရက်တွင် တည်ဆဲဖြစ်သော အခြားဥပဒေအရသော်လည်းကောင်း၊ ပဋိညာဉ်အရသော်လည်းကောင်း၊ ဓလေ့ထုံးစံအရသော်လည်းကောင်း အလုပ်သမားများ ခံစားခွင့်ရှိသည့် အခွင့်အရေးသည် ဤဥပဒေဖြင့် ထိုသူအားပေးအပ်ထားသော အခွင့်အရေးထက် သာလွန်ကောင်းမွန်ပါက ခံစားခွင့်ရရှိနေသော မူလအခွင့်အရေးကို ရရှိခံစားစေရမည်။ |
| ၃၇။ ၁၉၅၁ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေအရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။ |
| ၃၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်- |
|
(က) |
ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ |
|
(ခ) |
ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ |
| ၃၉။ ၁၉၅၁ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ |