Back

Risk Assessment

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety & Health - OSH) အတွက် Risk Assessment (ဘေးအန္တရာယ်ဆန်းစစ်ခြင်း) နှင့် Risk Management (ဘေးအန္တရာယ်စီမံခန့်ခွဲခြင်း) တို့ဟာ မရှိမဖြစ် သိရ၊ လုပ်ရမည့်အရာများ ဖြစ်သည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်းများ ဘယ်လောက်တက်တက် Risk Assessment နဲ့ Risk Management မဟုတ်သော အခြားအရာများသည် အများအားဖြင့် အသိသဘောသာဖြစ်ပြီး Risk Assessment နှင့် Risk Management ကသာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူ သို့မဟုတ် တာဝန်ခံအဖြစ် အလုပ်ခန့်ထားခံရလောက်သော အရည်အချင်းသည်လည်း Risk Assessment နှင့် Risk Management ကို ကောင်းစွာဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် Risk Assessment နှင့် Risk Management ကို ကောင်းစွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည်။ ၎င်းတို့သည် အသိသက်သက်သာမဟုတ် လေ့ကျင့်ယူရမည့် ကျွမ်းကျင်မှုများလည်း ဖြစ်သည်။

Risk Assessment (ဘေးအန္တရာယ်ဆန်းစစ်ခြင်း)

Risk Assessment (ဘေးအန္တရာယ်ဆန်းစစ်ခြင်း) ဆိုသည်မှာ စက်ရုံလုပ်ငန်းခွင်အတွင်း အလုပ်သမားများကို ထိခိုက်ဒဏ်ရာရစေနိုင်သော သို့မဟုတ် ကျန်းမာရေးထိခိုက်စေနိုင်သော ဘေးအန္တရာယ်များ (Hazards) ကို ရှာဖွေဖော်ထုတ်၍၊ ထိုအန္တရာယ်များ ဖြစ်ပွားနိုင်ခြေနှင့် ပြင်းထန်မှုတို့ကို တွက်ချက်ဆန်းစစ်ပြီး ဦးစားပေးအဆင့် သတ်မှတ်ချက်များနှင့် ကာကွယ်ရန် (ထိန်းချုပ်ခြင်း) နည်းလမ်းများ သတ်မှတ်ခြင်း ဖြစ်သည်။

Risk Management (ဘေးအန္တရာယ်စီမံခန့်ခွဲခြင်း)

Risk Management (ဘေးအန္တရာယ်စီမံခန့်ခွဲခြင်း) ဆိုသည်မှာ Risk Assessment အပါအဝင်ဖြစ်သော ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု စနစ်တစ်ခုလုံးကို ဖြစ်သည်ဟု နားလည်၍ ရနိုင်သည်။ Risk Management လုပ်ငန်းစဥ်တွင် -

  1. ကြိုတင်ပြင်ဆင်ခြင်း (Preparation)
    • အန္တရာယ်ဆန်းစစ်ချက်ရေးဆွဲရန် စုဖွဲ့ခြင်း
    • သက်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းခြင်း
    • လုပ်ငန်းအလိုက် လုပ်ငန်းစဥ်အဆင့်ဆင့် ရေးဆွဲပြင်ဆင်ခြင်း
  2. အန္တရာယ်ဆန်းစစ်ခြင်း (Risk Assessment)
    • အန္တရာယ်များကို ဖော်ထုတ်ခြင်း
    • ဖြစ်နိုင်ခြေနှင့် ပြင်းအားကိုအခြေခံ၍ အန္တရာယ်အဆင့်သတ်မှတ်ခြင်း
    • ထိန်းချုပ်မှုနည်းလမ်း သတ်မှတ်ခြင်း
  3. အကောင်အထည်ဖော်ခြင်း (Implementation)
    • အတည်ပြုချက်ရယူခြင်း
    • လက်တွေ့အကောင်အထည်ဖော်ခြင်းနှင့် လိုက်နာဆောင်ရွက်စေခြင်း
    • ထိန်းချုပ်မှုအချက်အလက်များကို အသိပေးခြင်း
    • စောင့်ကြည့် စစ်ဆေးခြင်း
  4. မှတ်တမ်းတင်ခြင်း (Records)
    • အချက်အလက်များကို မှတ်တမ်းပြုစုသိမ်းဆည်းခြင်း
    • လိုအပ်ချိန်တွင် အသင့်ဖြစ်အောင် ပြင်ဆင်ထားရှိခြင်း
    • အနည်းဆုံး ၃ နှစ် သိမ်းဆည်းထားခြင်း
  5. ပြန်လည်သုံးသပ်ခြင်း (Review)
    • အန္တရာယ်ထိန်းချုပ်မှုနည်းလမ်းများ မပြုလုပ်ခင်နှင့် ပြုလုပ်ပြီးနောက် ဘေးအန္တရာယ်ဖြစ်ပွားမှု အချက်အလက်များကို နှိုင်းယှဥ်သုံးသပ်ခြင်း
    • အန္တရာယ်ထိန်းချုပ်မှုနည်းလမ်းနှင့် စည်းကမ်းများကို လိုက်နာခြင်းရှိမရှိ စစ်ဆေးခြင်း
    • အန္တရာယ်ဆန်းစစ်ချက်များ အခြေအနေ၊ အချိန်ကာလ ပြောင်းလဲခြင်းတို့နှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်း

လုပ်ငန်းများပါဝင်သည်။ ၎င်းတို့တွင် Risk Assessment (အန္တရာယ်ဆန်းစစ်ခြင်း) သည် အရေးအကြီးဆုံး ဖြစ်သည်။
↳ https://docs.mgmaemp.com/members/Risk-Assessment-OSH-Infactory.pdf

လက်တွေ့ဆောင်ရွက်ခြင်း

Risk Assessment လုပ်နိုင်သည်ဟူသော အရည်အချင်းသည် လက်တွေ့လုပ်ဆောင်၍ လေ့ကျင့်ယူရမည့် အရာဖြစ်သည်။ Risk Assessment သည် အောက်ပါအဆင့်သုံးဆင့်ကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

  • အန္တရာယ်များကို ဖော်ထုတ်ခြင်း
  • ဖြစ်နိုင်ခြေနှင့် ပြင်းထန်မှုကိုအခြေခံ၍ အန္တရာယ်အဆင့်သတ်မှတ်ခြင်း
  • ထိန်းချုပ်မှုနည်းလမ်းများ သတ်မှတ်ခြင်း
အန္တရာယ်များကို ဖော်ထုတ်ခြင်း

ပြုလုပ်မှုလုပ်ငန်းစဥ်တစ်ခုတွင် ရှိနေသည့် ဘေးအန္တရာယ်ကို ဖော်ထုတ်ခြင်း ဖြစ်သည်။ ဥပမာ ဓါတုဗေဒပစ္စည်းများ ကိုင်တွယ်အသုံးပြုရသော လုပ်ငန်းခွင်တွင် ဓါတုဗေဒပစ္စည်းများ ဖိတ်စဥ်ခြင်း၊ ဓါတ်ပြုခြင်း၊ စွန့်ပစ်ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များကို ဖော်ထုတ်ခြင်းပင် ဖြစ်သည်။

ဖြစ်နိုင်ခြေနှင့် ပြင်းအားကိုအခြေခံ၍ အန္တရာယ်အဆင့်သတ်မှတ်ခြင်း

တွေ့ရှိဖော်ထုတ်ထားသော ဘေးအန္တရာယ်၏ ဖြစ်နိုင်ခြေ (Likelihood) နှင့် ပြင်းအား (Severity) ကို အကဲဖြတ်၍ အန္တရာယ်အဆင့် သတ်မှတ်ခြင်းဖြစ်သည်။ ဥပမာ ရေအိုင်နေသာ ကြမ်းပြင်ပေါ် လမ်းလျှောက်လျှင် ချော်လဲနိုင်ခြေအလွန်များပြီး ခြောက်သွေ့နေသော ကြမ်းပြင်ပေါ်တွင်မူ ချော်လဲနိုင်ခြေအလွန်နည်းသည်ကို မြင်သာသည်။ ထိုအတူပင် ကြမ်းပေါ်တွင် ချော်လဲသော ထိခိုက်ဒဏ်ရာရရှိမှုပြင်းအားထက် အမြင့်မှပြုတ်ကျသော ထိခိုက်ဒဏ်ရရှိမှုက အဆများစွာပြင်းထန်မည်သာဖြစ်သည်။ ထိုသို့ ဖြစ်နိုင်ခြေနှင့် ပြင်းအား အကဲဖြတ်ရာတွင် အနည်းဆုံးမှ အများဆုံး သို့မဟုတ် အပျော့ဆုံးမှ အပြင်းဆုံး သတ်မှတ်သော အဆင့်သတ်မှတ်ချက်များအနက်မှ တစ်ခုစီကို ရွေးချယ်၍ ၎င်း ဖြစ်နိုင်ခြေအဆင့်နှင့် ပြင်းအားအဆင့်တို့အပေါ် အခြေခံ၍ အန္တရာယ်အဆင့် သတ်မှတ်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ကာကွယ် ထိန်းချုပ်နည်းလမ်း သတ်မှတ်ရန် အန္တရာယ်များကို ဦးစားပေးအဆင့် သတ်မှတ်ခြင်းသာဖြစ်သည်။

risk level

risk assessment matric

ထိန်းချုပ်မှုနည်းလမ်း သတ်မှတ်ခြင်း

ဖြစ်နိုင်ခြေ (Likelihood) နှင့် ပြင်းအား (Severity) တို့ကို အခြေခံသော အန္တရာယ်အဆင့်အပေါ်မူတည်၍ ထိန်းချုပ်မှုနည်းလမ်း သတ်မှတ်ခြင်းဖြစ်သည်။ ဥပမာ ပြတ်ဖြတ်ရာတွင် လက်ပြတ်နိုင်သော ဘေးအန္တရာယ် ရှိသည့်အတွက် စတီးလက်အိတ်ဝတ်ဆင်ခြင်း (PPE အသုံးပြုခြင်း) သည် ထိန်းချုပ်မှု နည်းလမ်းဖြစ်သည်။ ထိန်းချုပ်မှုလုပ်ငန်းများကို ရွေးချယ်ရာတွင် Personal Protective Equipment (PPE) အသုံးပြုခြင်းသည် နောက်ဆုံးနှင့် အညံ့ဆုံးရွေးချယ်မှုဖြစ်သည်။ လက်ပြတ်နိုင်သော ဘေးအန္တရာယ် လုံးဝကင်းရှင်းရေးအတွက် ပိတ်ဖြတ်လုပ်ငန်းလိုအပ်ချက်ကို ဖယ်ထုတ်နိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်သည်။ သို့သော် လုပ်ငန်းလိုအပ်ချက်အရ မဖြစ်နိုင်သည့်အခြေအနေတွင် နောက်ဆုံးရွေးချယ်စရာ PPE အသုံးပြုခြင်းကိုသာ ရွေးချယ်ရခြင်း ဖြစ်သည်။

risk controls

risk management process